ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ICJ အမှုမှာ ဂမ်ဘီယာ ဘယ်လောက် ယုံကြည်မှုရှိလဲ
ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ မြန်မာကို ဂမ်ဘီယာက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲထားတဲ့ အမှုကို လာမယ့် နိုဝင်ဘာ ၁၉ ရက်မှာ အပြီးသတ် ဆုံးဖြတ် အမိန့် ချမှတ်တော့မှာ ဖြစ်ပါတယ်။ ရုံးတော်က ဘယ်လို စီရင်ချက် ချပေးဖို့ မျှော်လင့်ထားသလဲ ဆိုတာကို ဂမ်ဘီယာရှေ့နေအဖွဲ့ကို ဦးဆောင်သူ အာဆူလန် ဆလေမန်ကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး မေးမြန်းထားပါတယ်။
ဂမ်ဘီယာဘက်က ဘာတွေ မျှော်လင့်ထားလဲ
ဘီဘီစီ။ ။ အာဆလန်ရေ ... အခြေခံအကျဆုံး မေးခွန်းတစ်ခုနဲ့ စပါရစေ။ နိုင်ငံတကာတရားရုံး (ICJ) က ဒီအမှုနဲ့ပတ်သက်ပြီး ဘယ်လိုစီရင်ချက်မျိုး ချမှတ်မယ်လို့ ခင်ဗျား မျှော်လင့်ထားပါသလဲ။
အာဆလန် ဆူလေမန်။ ။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတာ သက်သေပြနိုင်ဖို့ အခိုင်မာဆုံးနဲ့ အပြည့်စုံဆုံး အမှုတစ်ခုကို တရားရုံးရှေ့မှာ တင်ပြထားနိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ရဲ့အမှုဟာ အလွန်ခိုင်မာတယ်၊ တင်ပြထားတဲ့ သက်သေ အထောက်အထားတွေဟာလည်း ယုံကြည်စိတ်ချရတယ်လို့ အပြည့်အဝ ယုံကြည်မှုရှိပါတယ်။ တရားရုံးအနေနဲ့လည်း အဲဒီသက်သေအထောက်အထားတွေကို အခြေခံပြီး စီရင်ချက် ချနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အခုချမှတ်မယ့် စီရင်ချက်ဟာ တရားရုံးရဲ့နောက်ဆုံးစီရင်ချက် ဖြစ်ပါတယ်။
တရားရုံးမှာ နိုင်ငံတကာအဆင့်အတန်းအရ အလွန်လေးစားခံရတဲ့ထိပ်တန်းတရားသူကြီး ၁၅ ဦး ပါဝင်ပါတယ်။ သူတို့ရဲ့စီရင်ချက်ဟာလည်း အခိုင်အမာ ကိုးကားနိုင်တဲ့တရားဝင်ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။
အဲဒီစီရင်ချက်က လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားခဲ့သလား၊ အဲဒီအတွက် မြန်မာနိုင်ငံမှာ တာဝန်ရှိသလားဆိုတဲ့အချက်တွေကို အပြီးသတ် ရှင်းလင်းဆုံးဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဒီစီရင်ချက်ကို ကြိုဆိုပြီး လိုက်နာအကောင်အထည်ဖော်ကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
သက်သေတွေ ဘယ်လောက်ခိုင်ခိုင်မာမာ တင်ပြနိုင်ခဲ့တယ်လို့ ယုံကြည်ထားလဲ
ဘီဘီစီ။ ။ ကျွန်တော် သိထားသလောက်ဆိုရင် ICJ ဟာ အရင်က နိုင်ငံတစ်နိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့အတွက် တိုက်ရိုက်တာဝန်ရှိတယ်လို့ စီရင်ဆုံးဖြတ်ခဲ့ဖူးတာ မရှိသေးပါဘူး။
ဥပမာ ဆားဘီးယားနိုင်ငံနဲ့ ပတ်သက်တဲ့ အမှုမှာ တရားရုံးက ဆားဘီးယားဟာ လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် တာဝန်ရှိတယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီးလူမျိုးတုံးသတ်ဖြတ်မှုကို နိုင်ငံတော်ကို ကိုယ်စားပြုသူတွေက ကျူးလွန်ခဲ့တဲ့အတွက် တာဝန်ရှိတယ်လို့ ဆုံးဖြတ်ခဲ့တာ မဟုတ်ဘူးလို့ ဥပဒေပညာရှင်တချို့က ကျွန်တော့်ကို ပြောပြထားပါတယ်။
ဒါဆိုရင် အခု ဒီအမှုမှာ တရားရုံးက ဘယ်အတိုင်းအတာအထိ ဆုံးဖြတ်ချက်ချနိုင်မယ်လို့ ထင်ပါသလဲ။
အာဆလန်တို့ တင်ပြထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေဆိုင်ရာ အကြောင်းပြချက်တွေဟာ မြန်မာစစ်တပ်အပါအဝင် မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အဆင့် အဖွဲ့အစည်းတွေက လူမျိုးတုံးသတ်ဖြတ်မှုကို တိုက်ရိုက်ကျူးလွန်ခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာ တာဝန်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်နိုင်လောက်အောင် ခိုင်မာမှုရှိတယ်လို့ ယုံကြည်ပါသလား။
အာဆလန် ဆူလေမန်။ ။ လုံးဝ ယုံကြည်ပါတယ်။ ကျွန်တော်တို့ တရားရုံးရှေ့မှာ တင်ပြထားတဲ့ သက်သေအထောက်အထားတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်းနဲ့ အဲဒီအတွက် နိုင်ငံတော်မှာ တာဝန်ရှိကြောင်း ဆုံးဖြတ်နိုင်ဖို့ တရားရုံးက အရင်က စိစစ်ခဲ့ဖူးသမျှထဲမှာ အခိုင်မာဆုံး၊ တိုက်ရိုက်အကျဆုံးနဲ့ ယုံကြည်လက်ခံနိုင်စရာ အကောင်းဆုံး သက်သေတွေ ဖြစ်ပါတယ်။
ခင်ဗျားပြောတဲ့ဆားဘီးယားအမှုကို ပြန်ကြည့်မယ်ဆိုရင် တရားရုံးက ဆားဘီးယားနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် တာဝန်ရှိတယ်လို့ ဆုံးဖြတ်ခဲ့တာ မှန်ပါတယ်။
စရက်ဘရီနီဆာ(Srebrenica) မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုအတွက် ဆားဘီးယားနိုင်ငံကို တိုက်ရိုက် တာဝန်ရှိတယ်လို့တော့ ဆုံးဖြတ်ခဲ့ခြင်း မရှိပါဘူး။
ဘာကြောင့်လဲဆိုတော့ အဲဒီအမှုမှာ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တာဟာ တခြားလက်နက်ကိုင်အဖွဲ့တွေဖြစ်တယ်လို့ တရားရုံးက တွေ့ရှိခဲ့ပြီး အဲဒီအဖွဲ့တွေနဲ့ ဆားဘီးယားနိုင်ငံအကြား ဆက်စပ်မှုရှိကြောင်းကို လုံလောက်အောင် သက်သေမပြနိုင်ခဲ့လို့ ဖြစ်ပါတယ်။
ဒါပေမဲ့ အခုမြန်မာနိုင်ငံအမှုမှာတော့ အခြေအနေက လုံးဝကွဲပြားပါတယ်။
ဒီအမှုမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ဘယ်သူတွေ ကျူးလွန်ခဲ့သလဲဆိုတာနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ မရှိပါဘူး။ အဲဒီလုပ်ရပ်တွေကို ကျူးလွန်ခဲ့တာ မြန်မာစစ်တပ် ဖြစ်ပါတယ်။
ကျွန်တော်တို့ တင်ပြထားတဲ့ သက်သေအထောက်အထားတွေမှာလည်း ကျူးလွန် ခံခဲ့ရသူတွေရဲ့ ထွက်ဆိုချက်တွေ၊ စစ်တပ်ကနေ ထွက်ပြေးလာတဲ့ စစ်သားတွေကိုယ်တိုင်ရဲ့ ထွက်ဆိုချက်တွေ၊ ကုလသမဂ္ဂအစီရင်ခံစာတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့အစီရင်ခံစာတွေနဲ့ ဂြိုဟ်တုဓာတ်ပုံအချက်အလက်တွေ ပါဝင်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကိုယ်တိုင် တရားရုံးရှေ့မှာ တင်ပြခဲ့တဲ့ သက်သေအထောက်အထားတွေကပါ လူမျိုးတုံး သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့တာ မြန်မာစစ်သားတွေ ဖြစ်ကြောင်း ပြသနေပါတယ်။
ဒါကြောင့် အဲဒီလူမျိုးတုံးသတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့တဲ့အတွက် တာဝန်ရှိမှုဟာ နောက်ဆုံးမှာ မြန်မာနိုင်ငံ၊ တစ်နည်းအားဖြင့် နိုင်ငံတော်ကိုယ်တိုင်အပေါ်မှာပဲ ကျရောက်လာမှာ ဖြစ်ပါတယ်။
ရုံးတော်အမိန့်ထဲ ဘယ်အချက်တွေ ပါဝင်နိုင်လဲ
ဘီဘီစီ။ ။ တကယ်လို့ တရားရုံးက ဂမ်ဘီယာဘက်က တင်ပြတောင်းဆိုထားတဲ့ အချက်အများစုကို လက်ခံပြီး စီရင်ချက်ချခဲ့မယ်ဆိုရင် အဲဒီစီရင်ချက်ထဲမှာ ဘယ်လိုအရေးယူဆောင်ရွက်မှုတွေ၊ ဒါမှမဟုတ် လိုက်နာဆောင်ရွက်ရမယ့် အမိန့်တွေ ပါဝင်လာမယ်လို့ မျှော်လင့်ထားပါသလဲ။
အာဆလန် ဆူလေမန်။ ။ တရားရုံးက တကယ်တမ်း ဘယ်လိုအမိန့်တွေ ချမှတ်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပါ။ ဒါပေမဲ့ ဂမ်ဘီယာဘက်ကတော့ မြန်မာနိုင်ငံအနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ တရားရုံးက အမိန့်ပေးစေချင်တဲ့ ကုစားဆောင်ရွက်မှု အမျိုးမျိုးကို တောင်းဆိုထားပါတယ်။
အနည်းဆုံးအားဖြင့် စီရင်ချက်ထဲမှာ တရားရုံးက ဘယ်လိုအချက်တွေကို တွေ့ရှိ ဆုံးဖြတ်ခဲ့တယ်ဆိုတာ ရှင်းလင်းဖော်ပြတဲ့ အပိုင်းတွေ ပါဝင်လာမှာပါ။
ဥပမာ- လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်သလား၊ အဲဒီလို ကျူးလွန်ခဲ့မှုအတွက် မြန်မာနိုင်ငံမှာ တာဝန်ရှိတယ်လို့ ဆုံးဖြတ်သလား၊ ဒါ့အပြင် လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးဖို့ ပျက်ကွက်ခဲ့တာ၊ ကျူးလွန်သူတွေကို အရေးယူအပြစ်ပေးဖို့ ပျက်ကွက်ခဲ့တာ စတဲ့ ကွန်ဗင်းရှင်းပါ တခြားတာဝန်တွေကို ချိုးဖောက်ခဲ့သလားဆိုတာတွေကိုလည်း သီးခြားဆုံးဖြတ်ဖော်ပြမှာ ဖြစ်ပါတယ်။ ဒါတွေဟာ ဂမ်ဘီယာဘက်က ဒီအမှုမှာ တိတိကျကျ စွပ်စွဲတင်ပြထားတဲ့အချက်တွေ ဖြစ်ပါတယ်။
အဲဒီအပြင် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ မတရားမှုတွေကို ပြန်လည်ကုစားပေးဖို့လည်း တရားရုံးကို တောင်းဆိုထားပါတယ်။
ရိုဟင်ဂျာ ထောင်ပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရပြီး သိန်းနဲ့ချီတဲ့သူတွေဟာ အသက်ဘေးကနေ လွတ်မြောက်ဖို့ မြန်မာနိုင်ငံကနေ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ခိုလှုံခဲ့ကြရပါတယ်။
သူတို့အားလုံးဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခံခဲ့ရသူတွေ ဖြစ်ပါတယ်။ မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတယ်၊ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ရတယ်၊ ကိုယ့်မြေယာတွေကို ပြန်လည်အသုံးပြုခွင့်လည်း ဆုံးရှုံးခဲ့ကြရပါတယ်။
ဒါကြောင့် သူတို့ရဲ့ မူလမြေယာနဲ့ နေအိမ်ပိုင်ဆိုင်မှုတွေဆီကို ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိ ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပေးဖို့ တရားရုံးကို တောင်းဆိုထားပါတယ်။
သူတို့ရဲ့နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံခဲ့ရတယ်ဆိုရင် လျော်ကြေးပေးဖို့လည်း တောင်းဆိုထားပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိခဲ့ရင်လည်း အဲဒီအတွက် လျော်ကြေးပေးဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လိုအပ်တဲ့ ကုစားမှုတွေ ပေးအပ်ဖို့ တောင်းဆိုထားပါတယ်။
ကိုယ်တိုင်ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရခဲ့သူတွေ၊ မိသားစုဝင်တွေ အသတ်ခံခဲ့ရသူတွေအတွက်လည်း လျော်ကြေးပေးဖို့ တောင်းဆိုထားပါတယ်။
ဒီလိုလျော်ကြေးပေးရေးနဲ့ နစ်နာမှုတွေ ပြန်လည်ကုစားပေးရေးဆိုင်ရာ အချက်အားလုံးဟာ ဂမ်ဘီယာဘက်က တရားရုံးကို တောင်းဆိုထားတဲ့ အထဲမှာ ပါဝင်ပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာတွေ နောင်တစ်ချိန်မှာ လူမျိုးတုံးသတ်ဖြတ်မှု ထပ်မံကျူးလွန်ခံရတာမျိုး မဖြစ်စေဖို့ သူတို့ကို မြန်မာနိုင်ငံရဲ့ နိုင်ငံသားအပြည့်အဝ အခွင့်အရေးရှိသူတွေအဖြစ် အသိအမှတ်ပြုပေးဖို့လည်း တရားရုံးကို တောင်းဆိုထားပါတယ်။
ဘာကြောင့်လဲဆိုတော့ သူတို့ကို နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးမှသာ ခွဲခြားဆက်ဆံတဲ့ မူဝါဒတွေ၊ လုပ်ရပ်တွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုအထိ ဦးတည်သွားနိုင်တဲ့ အကြမ်းဖက်မှုတွေကို ဆက်လက်ကြုံတွေ့ရတာကနေ ကာကွယ်နိုင်မှာ ဖြစ်လို့ပါ။
လျော်ကြေးတွေ ဂမ်ဘီယာလက်ထဲ ရောက်မှာလား
ဘီဘီစီ။ ။ မှတ်မိသေးလား။ ကျွန်တော်တို့ အရင်တစ်ခေါက် စကားပြောခဲ့တာကို အခြေခံပြီး မြန်မာ သတင်းစာက ဆောင်းပါးတစ်ပုဒ် ရေးခဲ့တာ ရှိပါတယ်။
အဲဒီဆောင်းပါးမှာ အခြေခံအားဖြင့် ဂမ်ဘီယာဟာ ဒီအမှုကို ICJ မှာ တင်ထားတာကနေ လျော်ကြေးငွေ ပုံစံ တစ်မျိုးမျိုး ရရှိဖို့ မျှော်လင့်ထားတယ်ဆိုပြီး ရေးထားတာပါ။
ရိုဟင်ဂျာအသိုင်းအဝိုင်းအတွက် လျော်ကြေးငွေ ပုံစံ ပေးဖို့ ရုံးတော်က ချမှတ်ပေးလာမယ်ဆိုရင် အဲဒီငွေတွေဟာ ဂမ်ဘီယာအစိုးရဆီကိုလည်း ရောက်သွားမှာလား။
အာဆလန် ဆူလေမန်။ ။ မဟုတ်ပါဘူး။ လုံးဝမဟုတ်ပါဘူး။ အဲဒါဟာ မှားယွင်းတဲ့ စွပ်စွဲချက်ပါ။ ဘယ်သူက အဲဒီလို စတင်ပြောဆိုခဲ့တာလဲတော့ ကျွန်တော် မသိပါဘူး။
ဂမ်ဘီယာဟာ သူ့နိုင်ငံအတွက် လျော်ကြေးတစ်စုံတစ်ရာ တောင်းဆိုထားတာ မရှိပါဘူး။ ဂမ်ဘီယာဆီကို ငွေကြေးတစ်စုံတစ်ရာ ပေးအပ်ဖို့လည်း တောင်းဆိုထားတာ မရှိပါဘူး။
ဂမ်ဘီယာဘက်က အစဉ်တစိုက် တောင်းဆိုခဲ့တာဟာ နစ်နာခဲ့ရသူတွေကို လျော်ကြေးပေးဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလျော်ကြေးပေးရေးကို အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂက မူဝါဒတစ်ရပ် ချမှတ်ဆောင်ရွက်ပေးတာမျိုးဟာ အကောင်းဆုံးနည်းလမ်း ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ဒီအမှုကနေ ဂမ်ဘီယာနိုင်ငံဆီကို ဘာငွေကြေးမှ ရောက်ရှိလာမှာ မဟုတ်ပါဘူး။
ဂမ်ဘီယာက ဒီအမှုကို တင်သွင်းခဲ့တာဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ထပ်မံမဖြစ်ပွားအောင် တားဆီးဖို့၊ တာဝန်ရှိသူတွေကို တာဝန်ခံစေဖို့နဲ့ လူမျိုးတုံးသတ်ဖြတ်မှုရဲ့ သားကောင်တွေ တရားမျှတမှု ရရှိစေဖို့အတွက် ဖြစ်ပါတယ်။ ဒါဟာ ဂမ်ဘီယာရဲ့ ရည်ရွယ်ချက်ပါပဲ။
ဒါ့အပြင် ဒီအမှုဟာ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိရေး တစ်ခုတည်းအတွက် မဟုတ်ပါဘူး။
လူမျိုးတုံးသတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ စစ်တပ်ဟာ မြန်မာနိုင်ငံတစ်ဝန်းက တခြားပြည်သူတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေ အပေါ်မှာလည်း ချိုးဖောက်မှုအများအပြား ကျူးလွန်ခဲ့ပါတယ်။
ဒါကြောင့် ဒီအမှုမှာ စစ်တပ်ကို တာဝန်ခံစေခြင်းဟာ တခြားဖြစ်ရပ်တွေမှာလည်း စစ်တပ်ကို တာဝန်ခံစေဖို့ ကြိုးပမ်းရာမှာ အထောက်အကူဖြစ်လာပါလိမ့်မယ်။
စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေနဲ့ ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်ခဲ့ရသူအားလုံးဟာ တရားမျှတမှုနဲ့ တာဝန်ခံမှုကို ရရှိထိုက်ပါတယ်။ အခုအမှုဟာ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် နစ်နာခဲ့ရသူအားလုံး တရားမျှတမှု ရရှိရေးအတွက် ခြေလှမ်းတစ်ရပ် ဖြစ်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။
ICJ အမိန့်ကို လက်တွေ့ တကယ်တမ်း လက်တွေ့အကောင်အထည် ဖော်နိုင်ပါ့မလား
ဘီဘီစီ။ ။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ၊ အထူးသဖြင့် ရခိုင်ပြည်နယ်ရဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် ICJ ရဲ့ ဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံက တကယ်တမ်း လိုက်နာပြီး အကောင်အထည်ဖော်မယ်လို့ မျှော်လင့်နိုင်ပါသလား။ ဘယ်လောက်အထိ လက်တွေ့ကျပါသလဲ။
ဘာကြောင့်လဲဆိုတော့ ရိုဟင်ဂျာတွေ မူလနေထိုင်တဲ့ ရခိုင်ပြည်နယ်ထဲက နေရာ ဒေသတွေမှာ လက်ရှိ နေပြည်တော်အစိုးရရဲ့ ထိန်းချုပ်မှု မရှိတော့ပါဘူး။ အဲဒီအခြေအနေမှာ မြန်မာနိုင်ငံ၊ အထူးသဖြင့် မြန်မာစစ်တပ်နဲ့ နေပြည်တော်အာဏာပိုင်တွေက ICJ ရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာအကောင်အထည်ဖော်နိုင်မယ်လို့ ဘယ်လောက်အထိ မျှော်လင့်နိုင်ပါသလဲ။
အာဆလန် ဆူလေမန်။ ။ ICJ ရဲ့ ဆုံးဖြတ်ချက်ဟာ နောက်ဆုံးအတည်ဖြစ်ပြီး နိုင်ငံတကာဥပဒေအရလည်း လိုက်နာရမယ့်စည်းနှောင်မှုရှိပါတယ်။
မြန်မာနိုင်ငံဟာ ဒီအမှုမှာ အပြည့်အဝ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီအမှုနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေမှာ ကျွမ်းကျင်မှုရှိတဲ့နိုင်ငံတကာရှေ့နေတွေကိုလည်း ငှားရမ်းခဲ့ပါတယ်။ ဒါကြောင့် ဒီအမှုမှာ မြန်မာနိုင်ငံအနေနဲ့ ကိုယ့်ဘက်က ခုခံချေပချက်တွေကို အပြည့်အဝ တင်ပြခွင့်ရခဲ့ပါတယ်။
အဲဒါကြောင့် မြန်မာနိုင်ငံဟာ တရားရုံးရဲ့ စီရင်ချက်ကို လိုက်နာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။
ဒီအမှုမှာ အပြည့်အဝ ပါဝင်ခဲ့တယ်ဆိုတာကလည်း မြန်မာနိုင်ငံဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ဒီစီရင်ချက်ကို လိုက်နာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။
ဒီစီရင်ချက်ဟာ မြန်မာနိုင်ငံဆိုတဲ့ နိုင်ငံတော်အပေါ်မှာ စည်းနှောင်မှုရှိတာဖြစ်တဲ့အတွက် စီရင်ချက်မှာ ဘယ်လိုအမိန့်တွေ ပါဝင်ပါစေ မြန်မာနိုင်ငံအနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ခင်ဗျားပြောသလို ဗဟိုအစိုးရရဲ့ထိန်းချုပ်မှုအပြည့်အဝ မရှိတဲ့ နယ်မြေဒေသတချို့ ရှိနေတာတော့ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီလိုအခြေအနေမျိုးမှာတောင် စီရင်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်းဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်။
အဲဒီအပြင် နိုင်ငံတကာအသိုင်းအဝိုင်းက တခြားနိုင်ငံတွေနဲ့ မြေပြင်မှာရှိနေတဲ့ အခြားအဖွဲ့အစည်းတွေကလည်း စီရင်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ ပါဝင်ဆောင်ရွက်ဖို့ လိုအပ်လာနိုင်ပါတယ်။
နောက်တစ်ချက်က ဒီစီရင်ချက်ဟာ အချိန်ကြာလာလို့ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ အကောင်အထည်ဖော်ရမယ့် အချိန်ကာလ သတ်မှတ်ချက်လည်း မရှိပါဘူး။
ဒါကြောင့် လက်ရှိအစိုးရအနေနဲ့ အချိန်ကာလတစ်ခုအတွင်း စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ အခက်အခဲရှိနေခဲ့ရင်တောင် နောင်တစ်ချိန် မြန်မာနိုင်ငံမှာ တက်လာမယ့် ဘယ်အစိုးရမဆို ဒီစီရင်ချက်ကို လိုက်နာရမယ့် တာဝန်ရှိနေဦးမှာ ဖြစ်ပါတယ်။ ဘယ်လိုစီရင်ချက်မျိုးပဲ ချမှတ်ခဲ့ပါစေ အဲဒါကို အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ လက်ရှိ ရခိုင်ပြည်နယ်ရဲ့ နယ်မြေအများစုကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) နဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။ ICJ က သူတို့ရဲ့ စီရင်ချက်ထဲမှာ ဒီလက်နက်ကိုင်အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး တိုက်ရိုက် ရည်ညွှန်း ဆုံးဖြတ်တာမျိုး ရှိလာနိုင်ပါသလား။
အာဆလန် ဆူလေမန်။ ။ ထပ်ပြောရရင် ဒီအမှုဟာ မြန်မာနိုင်ငံဆိုတဲ့ နိုင်ငံတော်ကို တရားစွဲဆိုထားတဲ့ အမှုဖြစ်ပါတယ်။
ဒါကြောင့် ဒီအမှုမှာ တင်ပြထားခြင်းမရှိတဲ့ ကိစ္စရပ်တွေကို တရားရုံးက ထည့်သွင်းဆုံးဖြတ်မယ်လို့ ကျွန်တော်တို့ မမျှော်လင့်ထားပါဘူး။
ဒီအမှုမှာ ဂမ်ဘီယာက မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့တာဖြစ်ပြီး မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေအတွက် မြန်မာနိုင်ငံမှာ တာဝန်ရှိကြောင်း စွပ်စွဲတင်ပြခဲ့တာပါ။ ဒါကြောင့် တရားရုံးရဲ့ စီရင်ချက်ဟာလည်း အဲဒီအချက်တွေကိုပဲ အဓိကထားမှာ ဖြစ်ပါတယ်။
စီရင်ချက် အကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံတကာ ဥပဒေ လမ်းကြောင်းတွေ ထပ်ရှိသေးလား
ဘီဘီစီ။ ။ နောက်ဆုံးအနေနဲ့ မေးချင်တာကတော့ တရားရုံးရဲ့ နောက်ဆုံးစီရင်ချက်တွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ နောက်ထပ် ဘယ်လိုဥပဒေကြောင်းအရ လမ်းကြောင်းတွေ၊ ဒါမှမဟုတ် လုပ်ဆောင်နိုင်တဲ့ အဆင့်တွေ ရှိပါသေးသလဲ။
အာဆလန် ဆူလေမန်။ ။ စီရင်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ နည်းလမ်းအများကြီး ရှိပါတယ်။
ကျွန်တော် အစောပိုင်းက ပြောခဲ့သလိုပဲ ဒီစီရင်ချက်ဟာ နိုင်ငံတကာဥပဒေအရ လိုက်နာရမယ့် စည်းနှောင်မှုရှိပါတယ်။
ယေဘုယျအားဖြင့် နိုင်ငံတွေဟာ နိုင်ငံတကာဥပဒေကို လိုက်နာဖို့ ကြိုးပမ်းလေ့ရှိပါတယ်။ ဒီစီရင်ချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကလည်း အဲဒီလို လိုက်နာဆောင်ရွက်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။
ဒေသတွင်းနိုင်ငံတွေ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ အားလုံးဟာလည်း ဒီစီရင်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ သူတို့လုပ်ဆောင်နိုင်တဲ့ မူဝါဒနဲ့ အရေးယူဆောင်ရွက်မှုတွေကို အသုံးပြုခွင့် အပြည့်အဝရှိပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အခြေအနေအပေါ် အလွန်စိတ်ဝင်စားမှုရှိပြီး စိုးရိမ်ပူပန်မှုတွေလည်း အမြဲဖော်ပြနေတဲ့ ကုလသမဂ္ဂအနေနဲ့ တရားရုံးရဲ့ စီရင်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ သူတို့မှာရှိတဲ့ နည်းလမ်းအားလုံးကို အသုံးပြုဖို့ ကြိုးပမ်းလာနိုင်ပါတယ်။
အဲဒီထဲမှာ ကုလသမဂ္ဂ အထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီနဲ့ လူ့အခွင့်အရေးကောင်စီတို့လည်း ပါဝင်နိုင်ပါတယ်။
ဒါကြောင့် ကုလသမဂ္ဂအဖွဲ့အစည်းအမျိုးမျိုးဟာ တရားရုံးရဲ့ နောက်ဆုံးစီရင်ချက်ကို အကောင်အထည်ဖော်ဖို့နဲ့ လိုက်နာဆောင်ရွက်မှုရှိစေဖို့ ကြိုးပမ်းတဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်လာနိုင်ပါတယ်။