သြဂုတ် ၂ ရက်သတင်းများအနှစ်ချုပ်- တာကျိုးတဲ့လေးမျက်နှာမှာ လူ ၈,၀၀၀ ကျော်ရေဘေးသင့်

ဓာတ်ပုံ ရင်းမြစ်, H Rescue
ဧရာဝတီတိုင်းမှာ ငဝန်မြစ်ရေကိုကာထားတဲ့တာ ကျိုးပေါက်လို့ လေးမျက်နှာမြို့ပေါ်နဲ့ မြို့နယ်ထဲက ကျေးရွာတွေ ရေဘေးသင့်နေပြီး ရွာတွေက နေအိမ်တွေထဲမှာ ပိတ်မိနေသူတွေ ဆက်ရှိနေသေးတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတချို့က ပြောလာပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးလုပ်ဆောင်နေတာ ၃ ရက်ဝန်းကျင်ရှိလာပေမဲ့ စက်လှေနဲ့ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း မလုံလောက်တာတွေကြောင့် ပိတ်မိနေသူတွေအားလုံးကို ကယ်ထုတ်နိုင်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရေဘေး ကူညီကယ်ဆယ်ရေး နေသူတစ်ဦးက ပြောပါတယ်။
"ရေစီးက သန်တော့ စက်လှေနဲ့မှ မြန်မြန်ဆန်ဆန်ကယ်နိုင်မယ်။ ငဝန်မြစ်ကမ်းဘေးက မြို့နဲ့ ရွာတွေ အားလုံးနီးပါး ရေလွှမ်းနေပြီ။ မြို့အမြင့်ပိုင်းဖြစ်တဲ့မရမ်းရပ်ကွက်ကတော့ ဘေးကင်းနေသေးတယ်" လို့ သူက ဆိုပါတယ်။
လက်ရှိ လေးမျက်နှာရေးဘေးမှာ ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီ အပါအဝင် ကရင်ပြည်နယ်တို့က လူမှုကူညီကယ်ဆယ်ရေး ကယ်ဆယ်ရေးအဖွဲ့ ၃၀ ဝန်းကျင်လောက် ဝိုင်ဝန်း ကယ်ဆယ်နေရတဲ့အခြေအနေလို့ ကယ်ဆယ်ရေးအဖွဲ့တချို့က ထုတ်ပြောပါတယ်။
ဒီရေဘေးမှာ မြို့ပေါ် ရပ်ကွက် ၅ ခု၊ ငဝန်မြစ်ဘေးက ခမောင်းနဲ့ အိုင်သပြုရွာတွေအပါအဝင် အနီးနားရွာတွေက လူဦးရေ ၈,၀၀၀ ထောင်ကျော် ရေဘေးသင့်နေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တစ်ခုရဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ဧရာဝတီတိုင်း အစိုးရအဖွဲ့ကတော့ ငဝန်မြစ်ရေ ဝင်ရောက်မှုကြောင့် မနေ့ကအထိအချက်အလက်တွေအရ ရပ်ကွက်/ကျေးရွာအုပ်စု ၁၀ ခုက အိမ်ခြေ ၁,၇၀၀ ကျော် ရေနစ်မြုပ်ပြီး လူပေါင်း ၈,၃၀၀ ကျော် ရေဘေးသင့်နေတယ်လို့ ဒီနေ့ နေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ရေလွှမ်းတာကြောင့် မိုးစပါး စိုက်ဧက ၆,၃၀၀ ကျော်လည်း ရေနစ်မြုပ်သွားပြီလို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြပါတယ်။
လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေးရွာအနီးက ငဝန်မြစ်ရေ ကာထားတဲ့တာဟာ အလျား ၅၀ ပေခန့် ကျိုးပေါက်သွားတယ်လို့ မီးသတ်တပ်ဖွဲ့က ဇူလိုင် ၃၀ ရက်ကတည်းက သတင်းထုတ်ပြန်ထားပါတယ်။
ကျန်ရှိနေတဲ့ရွာတွေထဲ ရေထပ်မံဝင်တာ မရှိအောင် မီးသတ်နဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့တချို့ဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပေါင်းပြီး ရေတားလမ်း ပြုလုပ်တာနဲ့ သဲအိတ်ချတာတွေ ဆောင်ရွက်နေတယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
ဘန်ကောက်မှာ တရားမ၀င်ဖွင့်ထားတဲ့ KTV စီးနင်းခံရပြီး မြန်မာ ၁၁ ဦး မူးယစ်ဆေးတွေနဲ့အဖမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, Wang Thonglang Police
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က အ၀ါရောင်ကောင်းကင် ရထားဖြတ်တဲ့ ဝမ်သုန်လန်မြို့နယ်ထဲမှာ တရားမ၀င်ဖွင့်ထားတဲ့ KTV ကို ၀င်ရောက်စီးနင်းရာကနေ အသက်မပြည့်သေးတဲ့သူတစ်ဦးအပါ မြန်မာ ၁၁ ဦးနဲ့ ထိုင်းနိုင်ငံသား ၁ ဦး စုစုပေါင်း ၁၂ ဦးတို့ မူးယစ်ဆေးတွေနဲ့အတူ ဖမ်းမိတယ်လို့ နယ်မြေခံရဲတပ်ဖွဲ့က ပြီးခဲ့တဲ့နာရီပိုင်းက သတင်းထုတ်ပါတယ်။
စီးနင်းရှာဖွေမှုကိုတော့ ဒီနေ့ မနက်အစောပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီမြို့နယ်ထဲက ရပ်ကွက်တစ်ခုက အဆောက်အအုံတစ်ခုမှာ တရားမဝင်ဖွင့်ထားတဲ့ ဖျော်ဖြေရေးနေရာ တစ်ခုရှိပြီး အဲဒီမှာ မူးယစ်ဆေးတွေ သုံးနေတယ်ဆိုတဲ့သတင်း ကြိုရလို့ ရှာဖွေ စစ်ဆေးရာကနေ ဒီလူတွေကို ဖမ်းမိခဲ့တာလို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံသား ၁၁ ဦးကတော့ အဲဒီနေရာမှာ မူးယစ်ဆေးသုံးပြီး သီချင်းသံ ကျယ်ကျယ်လောင်လောင်တွေနဲ့ ပျော်ပါးကခုန်နေကြပြီး အစားအသောက်တွေလည်း မှာယူ သုံးဆောင်ထားတာကို တွေ့ရှိရတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ဖမ်းဆီးခံ ထိုင်းနိုင်ငံသားတစ်ဦးကတော့ အဲဒီဖျော်ဖြေရေးအခန်းကို တရားမဝင် ဖွင့်လှစ်ထားပြီး ဝန်ဆောင်မှုပေးနေတဲ့သူဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
လက်ရှိမှာ အသက်မပြည့်သေးတဲ့ လူငယ် ၁ ဦး အပါအဝင် မြန်မာ ၁၁ ဦးလုံးကို မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှု၊ သုံးစွဲမှုတွေအပြင် ဒီလူတွေထဲက တချို့မှာ နိုင်ငံကူးလက်မှတ် မရှိတာကြောင့် တရားမဝင် ဝင်ရောက်နေထိုင်မှုတွေနဲ့ပါ အမှုဖွင့် စွဲချက်တင်ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ထိုင်းနိုင်ငံသားဖြစ်သူကိုတော့ ခွင့်ပြုချက်မရှိဘဲ ဖျော်ဖြေရေးအခန်းဖွင့်လှစ်မှု၊ သတ်မှတ်ချိန်ထက် ကျော်လွန်ဖွင့်လှစ်မှု၊ အသက် မပြည့်သေးတဲ့သူတွေကို ဝင်ရောက်ခွင့်ပြုမှု၊ မူးယစ်ဆေးဝါး သုံးစွဲခွင့်ပြုမှု ဒါမဟုတ် စစ်ဆေးမှုပေါ့လျော့မှု၊ လိုင်စင်မရှိဘဲ အရက်သေစာ ရောင်းချမှုနဲ့ သတ်မှတ်ချိန်ထက်ကျော်လွန်၍ အရက်ရောင်းချမှု စတဲ့ ပြစ်မှုတွေနဲ့ အာဏာပိုင်တွေက အရေးယူထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံမှာ အရက်သေစာကို ဗုဒ္ဓဘာသာ နေ့ထူးနေ့မြတ်တွေမှာ အရက်ရောင်းချခွင့်ကို ဥပဒေနဲ့ ကန့်သတ်တားမြစ်ထားပြီး သတ်မှတ်ထားတဲ့အချိန်အပိုင်းအခြားအတွင်းသာ ဝယ်ယူနိုင်တာဖြစ်ပါတယ်။
အပန်းဖြေရာ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေအပြင် ဥပဒေအရခွင့်ပြုထားတဲ့ ညပိုင်းဖျော်ဖြေရေးနေရာတချို့မှာတော့ အကန့်အသတ်တချို့နဲ့ ရောင်းချခွင့်ကို ကင်းလွတ်ခွင့်ပေးထားတာဖြစ်ပါတယ်။
ဝက်လက်မြို့နယ်မှာ စပါးရောင်းထားတဲ့အိမ် ဓားပြတိုက်ခံရလို့ အမျိုးသား ၁ ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Red Peacock
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မုဆိုးခြုံရွာမရွာမှာ ဇနီးမောင်နှံ ၂ ဦးတည်းရှိတဲ့နေအိမ်ကို မနေ့ညသန်းခေါင်ကျော်မှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က စီးနင်း ဓားပြတိုက်လို့ အမျိုးသားဖြစ်သူ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့မြေပြင်အခြေအနေသိသူ ၂ ဦးက ပြောပါတယ်။
"နှစ်ယောက်လုံးကို လက်ပြန်ကြိုးတုတ်တယ်။ ဖုန်း ၃ လုံးနဲ့ ကျပ်သိန်း ၁၀၀ ကျော်လည်း ယူ သွားတယ်။ ယောက်ျားဖြစ်သူရဲ့ ခေါင်းကို သေနတ်နဲ့ပစ်သတ်သွားတာ"လို့ ကျန်ရစ်သူ အမျိုးသမီးက ပြန်ပြောပြတဲ့ဖြစ်စဥ်ကို သိရှိထားတဲ့သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
နေအိမ်ထဲကို စီးနင်း ၀င်ရောက်ခဲ့တဲ့သူ စုစုပေါင်း လူ ၃ ဦးဖြစ်ပြီး ၃ ဦးစလုံး မျက်နှာဖုံးစွပ်တွေ ဝတ်ဆင်ထားကြတယ်လို့လည်း သူက ဆိုပါတယ်။
ဓားပြတိုက်ခံရတဲ့ တောင်သူ ဇနီးမောင်နှံဟာ မနေ့ သြဂုတ် ၁ ရက်မှာ စပါးတင်း ၁,၀၀၀ ကျော် ရောင်းချထားတာကြောင့် လက်ထဲမှာ ငွေသားသိန်း တစ်ရာကျော်ရှိနေတဲ့အချိန် ညဘက်မှာ ဓားပြတိုက်ခံရတာလို့လည်း သူက ပြောပါတယ်။
ဓားပြတိုက်တဲ့အဖွဲ့မှာ လူ ၃ ဦးထက်မနည်းပါပြီး ဆိုင်ကယ် ၃ စီးနဲ့ နေအိမ်ကို စောင့်ကြည့်ပတ်ဝိုင်းပြီးမှ ဝင်စီးခဲ့ကြတာလို့ ဒီအခြေအနေကို မျက်မြင်သတိထားမိတဲ့သူတချို့ရဲ့ပြောဆိုချက်ကို ကိုးကားပြီး သတင်းရင်းမြစ်က ရှင်းပြပါတယ်။
ဒါပေမဲ့ ဓားပြတိုက်သူတွေဟာ မျက်နှာကို ဖုံးအုပ်ထားတာကြောင့် ဘယ်သူတွေလဲဆိုတာကို ရွာခံလူထုက ခန့်မှန်းလို့မရ ဖြစ်နေတယ်လို့ ဒီအခြေအနေကို သိသူတစ်ဦးက ဆိုပါတယ်။
မုဆိုးခြုံမရွာနဲ့အနီးတစ်ဝိုက်နေရာတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ရွှေဘိုခရိုင်ကွပ်ကဲမှုအောက်က အမှတ် ၅ တပ်ရင်းရဲ့ထိန်းချုပ်နယ်မြေထဲမှာရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဒီနေ့ ဩဂုတ် ၂ ရက် မနက်ပိုင်းမှာတော့ NUG ပလဖတာဝန်ခံနဲ့ တာဝန်ရှိသူတချို့က က ဓားပြတိုက်ခံရတဲ့နေအိမ်ကို လာ စစ်ဆေးပြီး ကျည်ဆန်ခွံရှာဖွေတာနဲ့ မိန်းမဖြစ်သူကို မေးမြန်းတာတွေ လုပ်သွားတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။
ဝက်လက်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) တာဝန်ခံကတော့ဓားပြတိုက်ခံခဲ့ရတဲ့ ဇနီးမောင်နှံဟာ သာမန်အရပ်သားတွေဖြစ်တယ်လို့ ဘီဘီစီကို ဒီနေ့ ညနေပိုင်းမှာ ပြောပါတယ်။
နှစ်ယောက်လုံးက အသက် ၆၀ ကျော်အရွယ်တွေလို့ သူကဆိုပါတယ်။
ဒီသေဆုံးမှုနဲ့ပတ်သက်လို့ "သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးတာတွေဆက်လုပ်နေပါတယ်" လို့ ပလဖ တာဝန်ခံက ထပ်ပြောပါတယ်။
ဒီနေ့ ညနေ ၃ နာရီမှာတော့ သေဆုံးသွားတဲ့ ယောက်ျားဖြစ်သူရဲ့ နာရေးကို ဆွေမျိုးနဲ့ရွာခံလူထုတွေပေါင်းပြီး ပြုလုပ်ပေးနေတယ်လို့ သူကဆိုပါတယ်။
ဝက်လက် မြို့ပေါ်ကို စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပြီး မြို့နယ်ထဲ ကျေးရွာတွေမှာတော့ စစ်တပ်အပြင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်(အရပ်အခေါ် ပျူစောထီး)အဖွဲ့ တချို့နဲ့ တော်လှန်ရေးအင်အားစုတွေက အပိုင်းလိုက် ထိန်းချုပ်ထားတာဖြစ်ပါတယ်။
မုဆိုးခြုံရွာမရွာဟာ ဝက်လက်မြို့ရဲ့မြောက်ဘက်ခြမ်းမှာရှိပြီး မြို့ကနေ ၉ မိုင်ဝန်းကျင်လောက် ကွာဝေးပါတယ်။ အဲဒီရွာရဲ့ဘေးမှာတော့ ဟန်လင်းမြို့ဟောင်းရှိပြီး မြို့ဟောင်းထဲမှာ စစ်တပ်အထိုင်ချထားပြီး အခိုင်အမာတပ်စွဲထားတာလို့ ရွာခံတချို့ဆီကနေ သိရပါတယ်။
မော်စကိုမြို့မှာ လက်လုပ်ဖောက်ခွဲရေးပစ္စည်း ပေါက်ကွဲလို့ ၃ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားနိုင်ငံ၊ မော်စကိုမြို့က အီတလီစားသောက်ဆိုင်တစ်ဆိုင်မှာ လက်လုပ်ဖောက်ခွဲရေးပစ္စည်း ပေါက်ကွဲခဲ့တာကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး နောက်ထပ် ၂၁ ဦး ဒဏ်ရာရတယ်လို့ ရုရှားလုံခြုံရေးအရာရှိတွေကို ကိုးကားပြီး နိုင်ငံပိုင်မီဒီယာက သတင်းဖော်ပြပါတယ်။
ပေါက်ကွဲမှုဟာ မြို့လယ်နားက ကူဒင်စကာယာရင်ပြင်မှာ ဒေသစံတော်ချိန် ည ၈ နာရီ ဝန်းကျင်မှာဖြစ်ခဲ့တာပါ။
အမျိုးသားအကြမ်းဖက်တန်ပြန်ရေးကော်မတီ(NAK) ကတော့ ဖောက်ခွဲရေးပစ္စည်းတွေကို သယ်လာတဲ့အမျိုးသမီးတစ်ဦးဟာ စားသောက်ဆိုင်ထဲကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ပေမဲ့ လုံခြုံရေးအစောင့်တစ်ယောက်က ဟန့်တားခဲ့တယ်လို့ ပြောပါတယ်။ အဲဒီနောက်မှာ ဖောက်ခွဲရေးပစ္စည်းက ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
စတာလင်ခေတ် နာမည်ကျော် မိုးမျှော်တိုက်တွေထဲက တစ်ခုအနီးမှာရှိတဲ့ အဲဒီစားသောက်ဆိုင်မှာ သီးသန့်ဧည့်ခံပွဲတစ်ခု ကျင်းပနေချိန် အခုလိုပေါက်ကွဲမှုဖြစ်ခဲ့တာပါ။
အာဏာပိုင်တွေကတော့ ဧည့်သည်စာရင်းထဲ ဘယ်သူတွေ ပါဝင်လဲဆိုတာနဲ့ အဲဒီ ဧည့်ခံပွဲကို ပစ်မှတ်ထားတဲ့ပေါက်ကွဲမှုလားဆိုတာ ထုတ်မပြောသေးပါဘူး။
မျက်မြင်သက်သေတွေကတော့ ပေါက်ကွဲမှုဖြစ်အပြီးမှာ သွေးတွေထွက်နေတဲ့လူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ခေါ် ထုတ်သွားတာ မြင်တွေ့ရတယ်လို့ ပြောပါတယ်။
အစောပိုင်းသတင်းတွေမှာတော့ ပေါက်ကွဲမှုဟာ စားသောက်ဆိုင် မီးဖိုချောင်ထဲမှာ ဖြစ်ခဲ့တာလို့ သတင်းဖော်ပြကြပေမဲ့ စားသောက်ဆိုင်ဘက်ကတော့ ''အပြင်ဘက်မှာ ပြဿနာတစ်ခုဖြစ်ခဲ့တယ်'' လို့ နောက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ပေါက်ကွဲမှုဖြစ်အပြီးမှာ ရင်ပြင်ပတ်လည်က လမ်းကို ယာယီ ပိတ်ထားခဲ့ပါတယ်။ အဲဒီရင်ပြင်အနီးမှာ စက်ဘီးသမားတွေ စုပြီး စက်ဘီးစီးကြဖို့ ပြင်ဆင်ခဲ့ပေမဲ့ ပေါက်ကွဲမှုကြောင့် အဲဒီစုဝေးပွဲကိုလည်း ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။
ရုရှားရဲ့ RIA သတင်းဌာနကနေ ဖော်ပြတဲ့ရုပ်သံဖိုင်မှာတော့ လက်နက်ကိုင်ထားတဲ့ရဲတွေ အခင်းဖြစ်တဲ့နေရာမှာ စောင့်ကြပ်ချထားတာ တွေ့ရပြီး အများပြည်သူ ဖြတ်သန်းခွင့်ကိုလည်း ပိတ်ပင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း ရုရှားစစ်ဘက်ထိပ်ပိုင်းခေါင်းဆောင်တွေ မြို့တော်တ၀ိုက်မှာ လုပ်ကြံ သတ်ဖြတ်ခံရတာတွေလည်းဖြစ်ခဲ့ဖူးပါတယ်။မော်စကိုဘက်ကတော့ အဲဒီတိုက်ခိုက်မှုတွေကို ကိယက်ဗ်ဘက်က လုပ်တာလို့ အပြစ်တင်ပါတယ်။
မုံရွာမြို့နယ်ထဲ စစ်တပ်ဗုံးကြဲလို့ ကလေး ၅ ဦးအပါအဝင် ၁၂ ဦး ဒဏ်ရာရ- ပကဖ

ဓာတ်ပုံ ရင်းမြစ်, မုံရွာ ပကဖ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲက သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းနဲ့အနီးတဝိုက် နေရာတွေကို စစ်တပ်က မနေ့ညနေပိုင်းမှာ လေကြောင်းကနေ ၂ ကြိမ်ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ၅ ဦးအပါအဝင် ၁၂ ဦးဒဏ်ရာရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။
စစ်တပ်က ဩဂုတ် ၁ ရက် ညနေပိုင်းမှာ ပေါင် ၅၀၀ ပြင်းအားရှိတဲ့ဗုံး ၂ လုံးကို တိုက်လေယာဉ်နဲ့ ကြဲချခဲ့တာကြောင့် ပြည်သူတွေ ဒဏ်ရာရခဲ့တာလို့လည်း ပကဖက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ကလေးငယ် ၅ ဦးအပါအဝင် ပြည်သူ ၁၂ ဦးထိခိုက်ဒဏ်ရာရပြီး ဘုန်းကြီးကျောင်း အဆောက်အဦ ၁ လုံး ကျောင်းအုတ်တံတိုင်းနဲ့ နေအိမ် ၁ လုံးပျက်စီးသွားတယ်လို့လည်း ဆိုပါတယ်။
တစ်ဖက်မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ မုံရွာအရှေ့ဘက်ခြမ်း ကျောက္ကာရွာဘက်ကို စစ်ကြောင်းထိုးနေတယ်လို့ မြေပြင်အခြေအနေသိသူတချို့က ပြောပါတယ်။
အဲဒီ စစ်ကြောင်းကို ဟန့်တားဖို့ တော်လှန်ရေး ပူးပေါင်းတပ်တွေက ပူးပေါင်းတိုက်ခိုက်တာတွေ လုပ်နေပြီး စစ်တပ်ကလည်း စစ်ကြောင်းလာရာ လမ်းကြောင်းတလျှောက် နယ်မြေရှင်းလင်းတဲ့အနေနဲ့ ဒရုန်းတွေ သုံးပြီး ရှေ့ပြေးတိုက်ခိုက်တာတွေကို လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
မနေ့ကတော့ မုံရွာ-ကျောက္ကာလမ်းပိုင်း တစ်နေရာမှာ စစ်တပ်ဘက်က ဒရုန်းနဲ့တိုက်ခိုက်လို့ တော်လှန်ရေးရဲဘော် ၃ ဦးရဲ့ခြေထောက်တွေမှာ ဗုံးကျည်ထိမှန် ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
နောက် အဲဒီလမ်းပိုင်းပေါ်မှာ စစ်ကြောင်းထိုးလှုပ်ရှားမှုရှိလာတာကြောင့် ဒေသခံတွေ ဖြတ်သန်းသွားလာတာ မလုပ်ဖို့ တော်လှန်ရေးတပ်ဘက်က သတိပေးချက်ထုတ်ပြန်ခဲ့ပြီး ဩဂုတ် ၂ ရက် မနက်ပိုင်းမှာတော့ မုံရွာ-ကျောက္ကာလမ်းပိုင်းကို ပြန်ဖွင့်ပေးထားတယ်လို့ ပကဖက သတင်းထုတ်ပြန်ပါတယ်။
ကျောက္ကာရွာဟာ သမိုင်းဝင် ကျောက္ကာ ရွှေဂူနီဘုရားရှိတဲ့ကျေးရွာဖြစ်ပြီး မုံရွာ-ရာတော်လမ်းမကြီးဘေး မုံရွာမြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့မြို့နဲ့ ၁၅ မိုင်ကျော်ပဲ ဝေးပါတယ်။
စစ်တပ်ရဲ့ စစ်ကြောင်းဟာ မနေ့ညကအထိ ကျောက္ကာရွာထဲက ဘုရားဝန်းထဲမှာ အထိုင်ချတပ်စွဲထားပြီး ဒီနေ့မနက်ပိုင်းအထိ စစ်ကြောင်းလှုပ်ရှားတာ မတွေ့ရသေးဘူးလို့ မြေပြင်မှာရှိနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
မြန်မာစစ်တပ်ကတော့ မုံရွာ-ကျောက္ကာလမ်းပိုင်းပေါ် စစ်ကြောင်းထိုးနေတာနဲ့ ပတ်သက်လို့ ဒီနေ့ ဩဂုတ် ၂ ရက် မနက်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။
မန္တလေးက ရွှေဆိုင် ၂ ဆိုင်ကို ဓားပြတိုက်ကျူးလွန်သူ ၁၃ ဦးကို ဖမ်းမိ

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရမ်
မန္တလေး၊ ချမ်းမြသာစည်မြို့နယ်က မီလျံနာရွှေဆိုင်နဲ့ မဟာအောင်မြေမြို့နယ်ထဲက ပေါ်ဦးရွှေဆိုင်တို့ကို သေနတ်ပစ်ဖောက်ဝင်ပြီး ဓားပြတိုက်လုယက်သူ ၁၃ ဦးကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းမိတယ်လို့ နေပြည်တော်က ဒီနေ့ ဩဂုတ် ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီထုတ်ပြန်ချက်အရ ဇူလိုင် ၂၀ ရက်တုန်းဖြစ်ခဲ့တဲ့ မီလျံနာရွှေဆိုင် ဓားပြတိုက်ခံရမှုမှာ ကျူးလွန်သူလို့ဆိုသူ အမျိုးသား ၆ ဦးနဲ့ ပူးပေါင်းပါဝင်သူလို့ဆိုသူ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၁ ဦးတို့ကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။
အဲဒီထဲမှာ ၆ ဦးက ဓားပြတိုက်ခဲ့ကြတာဖြစ်ပြီး ပူးပေါင်းပါဝင်သူတွေကိုတော့ ဓားပြတိုက်လို့ရတဲ့ရွှေတွေကို ထုခွဲရောင်းချနိုင်ရေးမှာ ပါဝင်ခဲ့ကြတာလို့ ဆိုပါတယ်။
ဇူလိုင် ၂၀ ရက်မှာ ရွှေဆိုင် ဓားပြတိုက်ခံတုန်းကတော့ ရွှေအလေးချိန် ၁ ပိဿာနီးပါး ပါသွားခဲ့တယ်လို့ အဲဒီတုန်းက ရွှေဆိုင်ဘက်က ဘီဘီစီကို ထုတ်ပြောခဲ့ပါတယ်။
မီလျံနာရွှေဆိုင်ကို ဓားပြတိုက်တယ်လို့ဆိုသူ ၆ ဦးထဲက ၃ ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းက မန္တလေးက ပေါ်ဦးရွှေဆိုင် ဓားပြတိုက်မှုမှာလည်း ကျူးလွန်ခဲ့သူတွေဖြစ်နေတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
အဲဒီ ၃ ဦးကတဆင့် ပေါ်ဦးရွှေဆိုင် ဓားပြတိုက်မှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ နောက်ထပ် ကျူးလွန်သူ ၂ ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့လည်း သတင်းစာထဲမှာ ဖော်ပြထားပါတယ်။
ကျူးလွန်သူ ၆ ဦးထဲ ၁ ဦးဟာ ၂၀၂၅ ခုနှစ်တုန်းက အောင်မြေသာစံမြို့နယ်ထဲက မိုးမန္တလေးရွှေဆိုင် ဓားပြတိုက်ခံရမှုမှာ ကျူးလွန်ခဲ့တဲ့ တရားခံဖြစ်နေပြီး အဲဒီအမှုမှာလည်း လွတ်မြောက်နေတဲ့ ကျူးလွန်သူ ၂ ဦး ရှိနေသေးတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
မန္တလေးမြို့ခံတချို့ကတော့ မီလျံနာနဲ့ ပေါ်ဦး ရွှေဆိုင် ၂ ဆိုင် ဓားပြတိုက်မှုမှာ ကျူးလွန်တာ ဒါမှမဟုတ် ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ စွပ်စွဲခံထားရသူ ၁၃ ဦးကို ချမ်းမြသာစည်မြို့မရဲစခန်းမှာ စစ်ဆေးနေတယ်လို့သိရှိရတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။
နေပြည်တော် ဘက်ကတော့ ဒီ ၁၃ ဦးကနေတဆင့် လုယက်မှုမှာ ပါဝင်ခဲ့တဲ့ ဖမ်းဆီးဖို့ ကျန်ရှိနေသေးတဲ့ တရားခံနဲ့ သက်သေခံ ရွှေထည်ပစ္စည်းတွေကို ဖမ်းမိရေး ဆက်လုပ်နေတယ်လို့ သတင်းထုတ်ပါတယ်။
ထုတ်ပြန်ချက်မှာတော့ မီလျံနာရွှေဆိုင် ဓားပြတိုက်ခံရမှုမှာ ရွှေချိန် ၈၅ ကျပ်သား (ကျပ်တန်ဖိုးငွေ ၅,၉၂၉ သိန်းခန့်) ဓားပြတိုက်ခံခဲ့ရတာဖြစ်ပြီး တရားခံတွေကို ဖမ်းမိချိန် ရွှေထည် ၄၂ ကျပ်သား၊ ၁၄ ပဲကျော်၊ ပစ္စတိုတစ်လက်နဲ့ တခြားသက်သေခံပစ္စည်းတွေကို ပြန်ရခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
















