နှစ် ၂၀၀ ကျော်ကြာဆိုတဲ့ရန်ငြိုးကို ခဝါချခဲ့ကြတဲ့ ကယန်းဆွေမျိုးစုနှစ်စု

လိုဘာခိုကျေးရွာနဲ့ ယပ်ခူကျေးရွာ ဆွေမျိုးစုတွေလက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Nyein Mg / KarenniPeople'sVoice

ဓာတ်ပုံ ပုံစာ, လိုဘာခိုကျေးရွာနဲ့ ယပ်ခူကျေးရွာ ဆွေမျိုးစုတွေလက်ဆွဲနှုတ်ဆက်ခဲ့ကြ
ဖတ်ရန်အချိန်: မိနစ် ၅

ကရင်နီ(ကယား)၊ ဒီးမော့ဆိုမြို့နယ်၊အနောက်ဘက်ခြမ်းက လိုဘာခို‌ ဆွေမျိုးစုနဲ့ ယပ်ခူဆွေမျိုးစုတွေကြားက နှစ်ပေါင်းများစွာကြာ မပြေလည်မှုတွေကို ပြန်လည်သင့်မြတ်ခြင်းသဘောတူညီမှု စာချုပ်ချုပ်ဆိုပြီး အဆုံးသတ်ခဲ့ကြပါပြီ။

ဒီဆွေမျိုးနှစ်စုအကြား လက်ထပ်ထိမ်းမြားလို့မရဘူးဆိုပြီး ဆင့်ကဲသယ်ဆောင်လာတဲ့ ဓလေ့ထုံးတမ်းလို ယုံကြည်မှုဆိုင်ရာ အယူအဆတချို့နဲ့အတူ အချင်းများမပြေလည်မှုတွေကို နောက်မျိုးဆက်တွေအထိ လက်ဆင့်မကမ်းလိုကြောင်း လိုဘာခိုနဲ့ ယပ်ခူကျေးရွာက အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

ဒ့ါကြောင့် ကျေးရွာအုပ်ချုပ်မှူးတွေ ဦးဆောင်မှုနဲ့ ကျေးရွာမျိုးနွယ်စု ခေါင်းဆောင်အချင်းချင်း ညှိနှိုင်းဖြေရှင်းကြပြီးနောက် ပြေလည်မှုလမ်းကြောင်းကို ဖောက်ခဲ့ကြလို့ ဘိုးဘွားအဆက်ဆက်က ချန်ခဲ့ကြတဲ့ ကျိန်စာတွေအားလုံး ပျက်ပြယ်သွားပြီလို့ ယုံကြည်နေကြပါတယ်။

ဆွေမျိုးနှစ်စုကြားမှာ သမိုင်းဝင်အချိုးအကွေ့တစ်ခု ဖြစ်ခဲ့တဲ့ သဘောတူညီမှု စာချုပ်ချုပ်ဆိုမှုကိုတော့ဧပြီ ၇ ရက်က အခမ်းအနားနဲ့ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ပဋိပက္ခ အစပြုခဲ့တယ်ဆိုတဲ့ လွန်ခဲ့သော နှစ်ရာချီက ဖြစ်ရပ်

တချိန်က အေးစက်တဲ့ဆက်ဆံရေးမှ နွေးထွေးမှုဆီ ကူးပြောင်းလာကြ

ဓာတ်ပုံ ရင်းမြစ်, Nyein Mg / KarenniPeople'sVoice

ဓာတ်ပုံ ပုံစာ, တချိန်က အေးစက်တဲ့ဆက်ဆံရေးမှ နွေးထွေးမှုဆီ ကူးပြောင်းလာကြ

ရှေ့ နှစ်ကာလတွေအဆက်ဆက်မှာ ဆင့်ကဲသယ်ခဲ့ကြတဲ့ နှုတ်ပြောသမိုင်းကြောင်းအပေါ် လိုဘာခိုကျေးရွာအုပ်ချုပ်ရေးမှူး စောအောဘာမှူးရဲ့ ရှင်းပြချက်အရ '' လိုဘာခို‌ ဆွေမျိုးစုနဲ့ ယပ်ခူ ဆွေမျိုးစုတို့ဟာ နှစ်ပေါင်း ၂၀၀ ကျော်ကြာ ရန်ငြိုးတွေရှိခဲ့ကြတယ်'' လို့ဆိုပါတယ်။

မှတ်တမ်းတွေအရ လွန်ခဲ့တဲ့ (အေဒီ-၁၈၀၀) ဝန်းကျင်၊ လက်ရှိအချိန်နဲ့ဆို နှစ်ပေါင်း ၂၂၀ ကျော်ကာလက အစပြုခဲ့တာလို့ သူအပါအဝင်ရွာခံအများစုယုံကြည်ထားတဲ့နှစ်ကာလကို စောအောဘာမှူး ကပြန်ပြောပြပါတယ်။

ဒီအချိန်ကာလ၊ ခုနှစ် အချက်အလက်တွေကို လိုဘာခိုနဲ့ ယပ်ခူက ဆွေမျိုးစု ခေါင်းဆောင်တွေရဲ့ အမွေဆက်ခံလာတဲ့ မှတ်တမ်းတွေ၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အချက်အလက်တွေကနေ စုစည်းပြီး ခန့်မှန်းတွက်ချက်ထားတာလို့ သူက ဆိုပါတယ်။

လိုဘာခို ဆွေမျိုးစုနဲ့ ယပ်ခူဆွေမျိုးစုတို့ဟာ စေ့စပ်ပွဲကိစ္စတခုကို အကြောင်းပြုပြီး မသင့်မြတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီကနေ့ခေတ်ကာလထိတိုင် နှစ်ဖက်ဆွေမျိုးစုဟာ လက်ထပ်ထိမ်းမြားလက်ထပ်လို့မရသလို၊ ထိမ်းမြားခဲ့ရင်လည်း စောစီးစွာသေဆုံခြင်းတွေကို ဖြစ်စေတယ်လို့ ယုံကြည်ယူဆခဲ့ကြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

လိုဘာခိုဆွေမျိုးစု သတို့သားက ယပ်ခူဆွေမျိုးစုထဲက သမီးငယ်ကို တောင်းရမ်းပေမဲ့ သမီးကြီးဖြစ်သူကို သတို့သမီးအဖြစ် ပို့ပေးချိန်မှာ လမ်းမှာတင် ကွယ်လွန်ခဲ့ပါတယ်။ နောက်ထပ် သမီးငယ်ကို ထပ်ပို့ချိန်မှာလည်း လိုဘာခိုရွာကို မရောက်ခင်မှာပဲ ကွယ်လွန်ခဲ့တာကြောင့် လိုဘာခိုဆွေမျိုးစုတွေက "ငါတို့ကို လူကိုမပေးဘဲ အလောင်းကို ဘာလို့ပေးတာလဲ"လို့ ယပ်ခူဆွေမျိုးတွေဆီ သတင်းစကား ပို့လိုက်ပါတယ်။

ယပ်ခူဆွေမျိုးစုတွေကလည်း သူတို့ရဲ့ သမီးတွေကို မစောင့်ရှောက်ဘူးဆိုပြီး အကြောင်းပြန်တဲ့အခါ နှစ်ဖက်ဆွေမျိုးကြားမှာပဋိပက္ခတွေ ပြင်းထန်ကာ ရန်ငြိုးကြီးတဲ့အထိဖြစ်ခဲ့ကြတာလို့ဆိုပါတယ်။ အဲဒီအချိန်အခါက ရိုးရာလက်နက်တွေ အသုံးပြုပြီး အချင်းချင်း အပြန်အလှန်တိုက်ခိုက်တဲ့အထိ ဆွေမျိုးစုတွေအကြား ပဋိပက္ခဖြစ်ခဲ့ပါတယ်။

"အဲဒီမကျေနပ်ချက်တွေကနေစပြီး ဒီဆွေမျိုးနှစ်စုပေါင်းဖက်ရင် သေဆုံးပါစေဆိုတဲ့ ကျိန်စာတွေလည်း ဆိုခဲ့ကြတယ်။ လက်ရှိအချိန်အထိလည်း ဒီနှစ်ရွာက ဆွေမျိုးစုချင်း လက်ထပ်ရင် အချိန်မတိုင်ခင်၊ မသေသင့်ဘဲ သေတာတွေရှိတော့ ဒီကျိန်စာကို ယုံကြည်နေကြတယ်"လို့ အသက် ၃၅ နှစ်အရွယ် စောအောဘာမှူးက သူ့သက်တမ်းတလျှောက် အတွေ့အကြုံကို ရှင်းပြပါတယ်။

စောအောဘာမှူးရဲ့ အတွေ့အကြုံအရဆိုရင် ဒီကျေးရွာ ဆွေမျိုးနှစ်စု က စုံတွဲနှစ်ခုဟာ လက်ထပ်ပြီးနောက်ပိုင်း သတို့သမီး သေဆုံးတာလည်း ရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် တစ်ရွာနဲ့ တစ်ရွာကြား ချစ်ခင်နှစ်သက်တဲ့ ချစ်သူစုံတွဲတွေလည်း လက်မထပ်ဖြစ်တာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

တဖက်မှာလည်း "လိုဘာခိုနဲ့ယပ်ခူ ဆွေမျိုးနှစ်ခု ယူလို့မရဘူး"ဆိုတဲ့ တားမြစ်ချက်အပေါ် ယုံကြည်မှုမရှိဘဲ လက်ထပ်ခဲ့တဲ့ စုံတွဲတွေ တချို့ကလည်း သားသမီးတွေ အရွယ်ရောက်တဲ့အထိ ကျန်းမာနေကြတာကြောင့် ဒီကျိန်စာဆိုတဲ့ အရာက တကယ်ရှိ၊ မရှိဆိုတာကို သံသယရှိလာကြပါတယ်။

"ကျွန်တော့မိဘတွေ လက်ထပ်တုန်းကဆို လူကြီးတွေက တားတယ်၊ တားမရတော့ ဘာဖြစ်မလဲ စောင့်ကြည့်ကြတာ၊ နောက်တော့ကျွန်တော်တို့တောင် အရွယ်ရောက်လာပြီ အဖေနဲ့အမေက ကျန်းကျန်းမာမာပဲဆိုတော့ ကျွန်တော်တို့မိသားစုကို အောင်တယ်ဆိုပြီး သတ်မှတ်ကြတယ်"လို့ ယပ်ခူရွာသား ဖခင်နဲ့ လိုဘာခိုရွာသူ မိခင်တို့က ကျိန်စာဆိုတဲ့ အရပ်ယုံကြည်မှုတွေကို ကျော်ဖြတ်နိုင်တဲ့အကြောင်း ဒီးမော့ဆိုနယ်ခံဖြစ်သူ ကိုဖိုးခွားက ပြောပါတယ်။

အယူအဆကို တွန်းလှန်ခြင်းနဲ့ပြေလည်မှုလမ်းစ

နှစ်ဖက်မျိုးနွယ်စုတွေဟာ သက်သေတွေရှေ့မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kantarawaddy Times

ဓာတ်ပုံ ပုံစာ, နှစ်ဖက်မျိုးနွယ်စုတွေဟာ သက်သေတွေရှေ့မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ကယား(ကရင်နီ) မျိုးနွယ်စုဝင်တွေထဲမှာ ကယန်းလထ(ဇယိမ်း)၊ ကယန်းကငန်(ယင်းဘော်)၊ ကယန်းကဒေါ့(ဂေခို) ၊ ကယန်းကခေါင်း ခေါ် ကယန်းလဟွီ(ပဒေါင်) ဆိုပြီး ရှိနေတာပါ။ အဲဒီထဲက ကယန်းလဟွီမျိုးနွယ်စုချင်း တူပေမဲ့ လိုဘာခိုနဲ့ ယပ်ခူ ရွာထဲက ဆွေမျိုးနှစ်စုတို့ မသင့်မြတ်ဘူးဆိုတာ ဒီးမော့ဆိုဒေသခံတွေအားလုံးနီးပါး သိကြတဲ့ အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။

နှစ်ရာချီအောင် လက်ဆင့်ကမ်းလာတဲ့ နှုတ်ရာဇဝင်စကားတွေနဲ့ တားမြစ်ချက်တွေကြောင့် ကလေးအချင်းချင်းတောင် အတူတူ မကစားကြတဲ့အထိ ရှိခဲ့ကြတယ်လို့ဆိုပါတယ်။

"သာရေး၊ နာရေး ကိစ္စရှိရင်တော့ သွားကြပါတယ်။ ကိစ္စပြီးရင်တော့ တန်းပြန်လာတယ်။ ရွာအလည်လာဖို့လည်း မဖိတ်ဘူး။ အိမ်လည်ဖို့လည်း မဖိတ်ကြဘူး"လို့ ဆွေမျိုးစု နှစ်ခုကြား အေးစက်စက် ဆက်ဆံရေးတွေရှိခဲ့တဲ့အကြောင်း စောအောဘာမှူးက ပြောပြပါတယ်။

ဒါ့ကြောင့် ဒီအချင်းချင်း မပြေလည်မှုတွေကို ဖြေရှင်းဖို့ သူနည်းလမ်း စရှာခဲ့တယ်လို့ဆိုပါတယ်။ လိုဘာခိုကျေးရွာအုပ်ချုပ်‌ရေးမှူး၊ ယပ်ခူကျေးရွာအုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီး ဆွေမျိုးစု ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတာ၊ နှစ်ဖက် ဆွေမျိုးစုတွေနဲ့ နှစ်ပတ်ကြာဆွေးနွေးမှုကို ၂၀၂၆ ခုနှစ် မတ်လအတွင်းလုပ်ခဲ့ပါတယ်။

နှစ်ပတ်အတွင်းမှာ ဆွေမျိုးစု အချင်းချင်းကြားက သင့်မြတ်လိုတဲ့ ဆန္ဒတွေနဲ့ မျိုးနွယ်စု တစ်ခုနဲ့တစ်ခု ဘာတွေကို မကျေနပ်မှုတွေကို စတင်ဖြေရှင်းဖို့ ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

"နင်တို့က ငါတို့ကို အနိုင်ကျင့်တာ၊ ဘာတွေကို မကျေနပ်တာတွေလည်း ပြောကြတယ်။ ပြီးတော့ မင်းတို့ရွာမှာ ဘာလုပ်ထားတာလေး သဘောကျတယ်၊ ငါတို့လည်း လုပ်ချင်တယ်ဆိုတာမျိုးတွေလည်း ဆွေးနွေးကြတယ်။ အရေးကြီးတာက နှစ်ဖက်စလုံးက ပြေလည်ချင်ကြတာပဲ၊ ဒါပေမဲ့ ကျိန်စာခံနေတယ်"လို့ စောအောဘာမှူးက ပြောပါတယ်။

ဆွေမျိုးစုအချင်းချင်း ပြေလည်ဖို့၊ အဓိက လက်စွဲယုံကြည်ထားတဲ့၊ ဆွေမျိုးနှစ်စု လက်မထပ်ရဘူးဆိုတဲ့ (အရပ်အခေါ် ကျိန်စာ) တားမြစ်ချက်ကို ခေတ်လူငယ်တွေအတွက် ရပ်တန့်ဖို့ နည်းလမ်း ရှာကြပါတယ်။

ဒီတားမြစ်ချက် ချမှတ်ချိန်ကလည်း ဆွေမျိုးစု ခေါင်းဆောင်တွေ သတ်မှတ်ခဲ့တာဖြစ်လို့ အခုလက်ရှိ ဆွေမျိုးစု ခေါင်းဆောင်တွေက ပြန်ပြင်ဆင်ကြဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

ဒါ့ကြောင့် ဧပြီ ၇ ရက်မှာ နှစ်ဖက်မျိုးနွယ်စုက ၇ ယောက်စီနဲ့ ပတ်ဝန်းကျင်ရွာက သက်သေတွေကျေးရွာအုပ်ချုပ်ရေးမှူးတွေရှေ့မှာ ဆွေမျိုးနှစ်စုရဲ့ နားလည်မှုနဲ့ ဝန်ခံချက်တွေကို အခမ်းအနားကျင်းပပြီး လက်မှတ်ရေးထိုးကြပါတယ်။ အခမ်းအနားကိုလည်း ရွာနှစ်ရွာကြားက လယ်ကွင်းထဲမှာ ကျင်းပခဲ့ပြီး ကုန်ကျစရိတ်ကိုလည်း နှစ်ရွာ မျှခံကြတာပါ။

အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အငြင်းပွားမှုတွေ၊ စိတ်ဝမ်းကွဲမှုတွေကို အဆုံးသတ်ဖို့ပြီး အတိတ်ကို သင်ပုန်းချေဖို့ ၊ ဆွေမျိုးစု တစ်စုနဲ့တစ်စု ဂုဏ်သိက္ခာ ထိခိုက်စေမယ့် ပြောဆိုချက်တွေကို ရှောင်ကြဉ်ဖို့၊ မှားယွင်းခဲ့တာတွေကို ရိုးရိုးသားသား အပြန်အလှန်တောင်းပန်ကြပြီး စိတ်ရင်းမှန်နဲ့ ခွင့်လွှတ်ဖို့ စတဲ့ သဘောတူညီချက်တွေ ဖြစ်ပါတယ်။

"နှစ်ရွာလုံးက ကလေးမကျန် လာကြတာ၊ အဒေါ်ကြီးတွေဆိုလည်း စကားတွေပြောကြ၊ ဦးဆောင်သူတွေဆို ဂုဏ်ယူပြီး ပြုံးနေကြတာ။ နှစ်ရွာရဲ့ အကတွေ အပြန်အလှန်ကကြတယ်၊ ဆုတွေချကြတယ်၊ ထမင်းလက်ဆုံစားကြတယ်"လို့ အဲဒီအခမ်းအနားကို သတင်းယူခဲ့တဲ့ မြေပြင်သတင်းထောက် ကိုငြိမ်းမောင်က သူတွေ့ခဲ့တာကို ပြောပါတယ်။

အရင်ကလည်း ပြန်လည်သင့်မြတ်ရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားခဲ့ကြပေမယ့် အဆင်မပြေမှုတွေ ရှိခဲ့ဖူးတယ်လို့ ဒေသတွင်းသတင်း ကန္တရဝတီကရေးပါတယ်။ ဒါပေမဲ့ အခုတကြိမ်မှာတော့ ပြန်လည်သင့်မြတ်ရေးကို ကယန်းဓလေ့ထုံးတမ်းစဉ်လာနဲ့အညီ ပြုလုပ်ခဲ့နိုင်တယ်လို့ သတင်းဖော်ပြပါတယ်။

ကလေးတွေကိုလည်း ဆွေမျိုးနှစ်စု ပြန်လည်သင့်မြတ်ခြင်း သဘောတူညီမှု အခမ်းအနားကို တက်စေခဲ့။

ဓာတ်ပုံ ရင်းမြစ်, Kantarawaddy Times

ဓာတ်ပုံ ပုံစာ, ကလေးတွေကိုလည်း ဆွေမျိုးနှစ်စု ပြန်လည်သင့်မြတ်ခြင်း သဘောတူညီမှု အခမ်းအနားကို တက်စေခဲ့။

အရပ်အခေါ် ကျိန်စာဆိုတဲ့ စကားတွေဟာ ကလေးတွေအထိ လက်ဆင့်ကမ်းခဲ့တာကနေ ကလေးတွေမှာပါ ဒီအတွေးတွေ၊ ကြောက်ရွံ့မှုတွေကို ဖြေဖျောက်နိုင်အောင် ကလေးတွေကိုပါ ဖိတ်ခဲ့ကြတယ်လို့ဆိုပါတယ်။ "အခမ်းအနားမှာတင် မျိုးစု တစ်စုနဲ့တစု အိမ်လာလည်ဖို့ ဖိတ်ကြပြီ။ ကလေးတွေလည်း အတူတူကစားကြပြီ။ ကျွန်တော် အရမ်းပီတိဖြစ်တယ်"လို့ စောအောဘာမှူးက ရင်ဖွင့်ပါတယ်။

ဆွေမျိုးစုနှစ်စုကြား လက်ထပ်ထိမ်းမြားခွင့်ရအောင် အရပ်အခေါ် ကျိန်စာကို ဖြေဖျောက်ခဲ့ပြီးပြီဖြစ်လို့ ဆွေမျိုးနှစ်စုက လူငယ်တွေရဲ့ လက်ထပ်ဖိတ်စာတွေကို လိုဘာခိုကျေးရွာအုပ်ချုပ်ရေးမှူး စောအောဘာမှူးတစ်ယောက် မျှော်နေပါတယ်။

"ကျွန်တော်တို့တွေ နှစ်ရာချီအောင် ကျိန်စာတွေနဲ့ ချည်နှောင်ထားတဲ့ကြိုးကို ဖြည်လိုက်နိုင်ပြီ"

ကယား(ကရင်နီ)ပြည်နယ်ထဲ စစ်ရေးပဋိပက္ခတွေ ရှိနေချိန်မှာပဲ လူမှုဆိုင်ရာ ပဋိပက္ခတစ်ခုကို အေးအေးချမ်းချမ်းနဲ့ အဆုံးသတ်နိုင်ခဲ့တာဟာ ဒေသခံတွေအတွက် အမှတ်တရတစ်ခု ဖြစ်ခဲ့နိုင်ပါတယ်။