တရုတ်ကာကွယ်ရေး ဝန်ကြီးဟောင်း နှစ်ယောက် ခြစားမှုနဲ့ သေဒဏ်ချ

 ၂၀၂၃ မတ်က အောက်တိုဘာထိ ကာကွယ်ရေး ဝန်ကြီး ဖြစ်ခဲ့တဲ့ လီရှန်ဖူး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၃ မတ်က အောက်တိုဘာထိ ကာကွယ်ရေး ဝန်ကြီး ဖြစ်ခဲ့တဲ့ လီရှန်ဖူး
    • ရေးသားသူ, ဖန်ဝမ်း
  • ဖတ်ရန်အချိန်: မိနစ် ၃

တရုတ်ကာကွယ်ရေး ဝန်ကြီးဟောင်း နှစ်ယောက်ကို ခြစားမှုနဲ့ စစ်ခုံရုံးက ၂ နှစ် ဆိုင်းငံ့နဲ့ သေဒဏ် ချမှတ်လိုက်ကြောင်း တရုတ်အစိုးရရုပ်သံက ကြေညာခဲ့ပါတယ်။

ဝေဖန်းဟာနဲ့ လီရှန်ဖူး တို့ကို ဆိုးဆိုးရွားရွား စည်းကမ်း ချိုးဖောက်မှုနဲ့ ၂၀၂၄ မှာ တရုတ် အာဏာရ ကွန်မြူနစ်ပါတီထဲက ထုတ်ပယ်ခဲ့ပါတယ်။

ဒီစည်းကမ်း ချိုးဖောက်မှု ဆိုတာကလည်း ခြစားမှုကို တင်စားသုံးနှုန်းလေ့ရှိတဲ့ စကား ဖြစ်ပါတယ်။

ဆိုင်းငံ့ကာလ ၂ နှစ်အတွင်း နောက်ထပ် ပြစ်မှု မကျူးလွန်ခဲ့ရင် ထိပ်တန်း အရာရှိကြီး နှစ်ဦးရဲ့ သေဒဏ်ကို တသက်တကျွန်းဒဏ်ထိ လျှော့ပေါ့ပေးနိုင်ကြောင်း တရုတ် အစိုးရရဲ့ ဆင်ဟွာ သတင်းဌာနက ပြောပါတယ်။ ပြစ်ဒဏ်လျှော့ပေါ့ဖို့နဲ့ လွတ်ငြိမ်းသက်သာခွင့်ပေးဖို့ မဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။

နှစ်ဦးစလုံး လာဘ်စားမှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး သူတို့ပိုင်ဆိုင်မှု အားလုံးကို အစိုးရက သိမ်းယူခဲ့ပါတယ်။

တရုတ်နိုင်ငံတလွှား ခြစားမှု တိုက်ဖျက်ရေးတွေ လုပ်နေချိန်မှာ ထိပ်တန်း စစ်အရာရှိကြီး တော်တော်များများကို မကြာခင်က ဖယ်ရှားလိုက်ပြီးနောက် ဒီကြေညာချက် ထွက်လာခဲ့တာပါ။

 ၂၀၁၈ က ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့တဲ့ တရုတ် ကာကွယ်ရေး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ဝေဖန်းဟာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၈ က ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့တဲ့ တရုတ် ကာကွယ်ရေး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ဝေဖန်းဟာ

ဝေ တရုတ်ကာကွယ်ရေး ဝန်ကြီးအဖြစ် ၂၀၁၈ ကနေ ၂၀၂၃ ထိ ထမ်းဆောင်ခဲ့ပြီး ၂၀၂၃ မတ်မှာ လီနဲ့ အစားထိုးခဲ့ပါတယ်။

လီရဲ့ ကာကွယ်ရေး ဝန်ကြီး သက်တမ်းကတော့ ပိုပြီး တိုတောင်းပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၂၀၂၃ အောက်တိုဘာမှာ သူ့ကို ရာထူးက ဖယ်ရှားခဲ့ပါတယ်။ အဲဒီမတိုင်ခင် နှစ်လကတည်းက လူမြင်ကွင်းက သူ ရုတ်တရက် ပျောက်သွားခဲ့လို့ ရာထူးပြုတ်ပြီဆိုတဲ့ မှန်းဆချက်တွေ ပေါ်ထွက်ခဲ့ပါတယ်။

လာဘ်ငွေ အမြောက်အမြား လီ ရယူခဲ့သလို တခြားသူတွေကို သူ လာဘ်ထိုးတယ်လို့ မသင်္ကာ ဖြစ်ခဲ့ကြောင်း ဆင်ဟွာသတင်းတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဒီအတွက် စုံစမ်းရေး လုပ်တဲ့အခါမှာလည်း "နိုင်ငံရေး တာဝန်တွေကို သူ ပြည့်မီအောင် မထမ်းရွက်ဘဲ သူနဲ့ တခြားသူတွေအတွက် ကိုယ်ကျိုးရှာခဲ့ကြောင်း " တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဝေကို ၂၀၂၃ က စုံစမ်းရေးတွေ လုပ်ချိန်မှာ သူလည်း အလားတူ "ငွေနဲ့ တန်ဖိုးကြီး ပစ္စည်းတွေ အများအပြား လာဘ်ယူခဲ့ပြီး တခြားသူတွေ မလျော်မကန် အမြတ်ထုတ်နိုင်အောင် စီစဉ် ကူညီကြောင်း " တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

မကြာခင်က တရုတ် ထိပ်တန်းဗိုလ်ချုပ်ကြီး ဂျန်ယုရှာ ကို ဖြုတ်ပစ်တာလို စစ်တပ်အတွင်းက ဖယ်ရှားမှုတွေနဲ့ ပတ်သက်ပြီးလည်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ဖေဖော်ဝါရီလမှာ ရှားရှားပါးပါး လူသိရှင်ကြား ပြောကြားခဲ့ပါတယ်။

တရုတ်စစ်တပ်ဟာ "ခြစားမှု တိုက်ဖျက်ရေးမှာ တော်လှန်ရေးစိတ်နဲ့ ပြင်းပြင်းထန်ထန် ဖြတ်သန်းခဲ့ကြောင်း " ရှီက ပြောပါတယ်။

အာဏာရလာကတည်းက သမ္မတရှီတယောက် ခြစားမှု တိုက်ဖျက်ရေး လှိုင်းတွေကို ဖော်ဆောင်ခဲ့ပြီး နိုင်ငံရေးပြိုင်ဘက်တွေကို ဖယ်ရှားဖို့ ဒါကို အသုံးပြုတယ်ဆိုပြီး ဝေဖန်သူတွေလည်း ရှိပါတယ်။