
ဓာတ်ပုံ ရင်းမြစ်, MOI
ဓာတ်ပုံ ပုံစာ, ဇွန်လ ၉ ရက်နေ့က နေပြည်တော်မှာ လုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ မိန့်ခွန်းပြောနေတဲ့ ဦးမင်းအောင်လှိုင်တရားမဝင်ရွှေတူးဖော်မှုတွေကို ထိထိရောက်ရောက်
နှိမ်နင်းမယ်ဆိုပြီး နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၉ ရက်က သူ့ရဲ့
အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောလိုက်ပါတယ်။
မြစ်၊ ချောင်းတွေ အနီးမှာ
တရားမဝင်ရွှေတူးဖော်မှုလုပ်ငန်းတွေ အလွန်အကျူးလုပ်ဆောင်တာတွေကြောင့် မြစ်၊
ချောင်းတွေ တိမ်ကောတာ၊ နုန်းပို့ချမှုများပြားလာတာနဲ့ ရေစီးကြောင်းပျက်စီးတာတွေ
ဖြစ်ပေါ်နေတယ်လို့ သူကဆိုပါတယ်။
သူ့အပြောအရ နေပြည်တော်က မထိန်းချုပ်နိုင်တဲ့နယ်မြေတွေကို
ရည်ရွယ်ပြောဆိုတယ်လို့ နားလည်ရပြီး တည်ငြိမ်အေးချမ်းမှုနဲ့
တရားဥပဒေစိုးမိုးမှုအပြည့်အဝဆောင်ရွက်နိုင်ဖို့ ကန့်သတ်ချက်တွေရှိနေတဲ့
တချို့ဒေသလို့သူကသုံးနှုန်းပါတယ်။
မြန်မာတစ်နိုင်ငံလုံးက မြစ်ချောင်းတွေမှာ စီးဆင်းနေတဲ့
ရေတွေရဲ့ ၂၀ ရာခိုင်နှုန်းကိုသာ ပြန်ပြီး အသုံးပြုနိုင်ပြီး ၈၀ ရာခိုင်နှုန်းက
အသုံးမပြုနိုင်သေးဘူးလို့လည်း သူကထည့်ပြောပါတယ်။
ရေသယံဇာတတွေ ပျက်စီးမှုမရှိအောင်၊ သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းနိုင်အောင် နဲ့ ရေကြီးရေလျှံမှုတွေ မဖြစ်အောင်
ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူတွေအနေနဲ့ ဒီလို တရားမဝင် ရွှေတူးဖော်မှုလုပ်ငန်းတွေကို
ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်သွားဖို့ ဦးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ ဒီလိုပြောဆိုမှုကြောင့်
ရွှေနဲ့သယံဇာတတွင်းထွက်တူးဖော်တဲ့ဒေသတွေကို စစ်တပ်ကလေကြောင်းတိုက်ခိုက်တာနဲ့
စစ်ကြောင်းထိုးတာတွေပိုတိုးလုပ်နိုင်တယ် ဆိုတဲ့ကောက်ချက်ချမှုတွေ လည်းရှိပါတယ်။
တဖက်မှာလည်း မြန်မာစစ်တပ်ဟာ နိုင်ငံတဝန်းက
တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရွှေမှော်တွေရှိတဲ့ဒေသတွေကို လေကြောင်းကနေ
ဗုံးကြဲတိုက်ခိုက်တာတွေကို အခုနှစ်ထဲ ဆက်တိုက်ပြုလုပ်နေတယ်လို့
တော်လှန်ရေးအင်အားစုတွေကထုတ်ပြောထားပါတယ်။
မတ်လ တစ်လတည်းမှာပဲ ကချင်ပြည်နယ် ဗန်းမော် နဲ့
ရွှေကူမြို့နယ်အကြားက ရွှေဖောင်တွေ၊ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက
သဖန်းဆိပ်ဆည် က ရွှေမျောလုပ်ကွက်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူသေဆုံးမှုတွေ
ရှိထားပါတယ်။