တိုက်ရိုက်ထုတ်လွှင့်မှု, SCEF ရဲ့ ဖက်ဒရယ်ယူနစ်ကိုယ်စားပြုမဏ္ဍိုင်မှာ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတို့ အဖွဲ့ဝင်အသစ်ဖြစ်လာ

SCEF ရဲ့ မဏ္ဍိုင်တွေထဲက “ပြည်သူ့ကိုယ်စားပြုနဲ့ အမျိုးသမီးကိုယ်စားပြု/ ကိုယ်စားလှယ်တွေ” အတွက်တော့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဆိုတဲ့ သတင်းအပါအဝင် မြန်မာနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ဖက်ဒရယ်ယူနစ်တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒေသန္တရအုပ်ချုပ်ရေးအခန်းကဏ္ဍတွေကို SCEF နဲ့ သုံးကြိမ်ထက်မနည်းတွေ့ဆုံဆွေးနွေးခဲ့
  • ကုလသမဂ္ဂမှာ မြန်မာအတွက် ကိုယ်စားပြုသူကိုလည်း စိစစ်မယ့် အရည်အချင်းစစ်ကော်မတီသစ်ကို မနေ့ကပြုလုပ်တဲ့အထွေထွေညီလာခံအတွင်း အဖွဲ့၀င်နိုင်ငံ ၉ နိုင်ငံ ဖွဲ့စည်းလိုက်ပါတယ်
  • မြန်မာပြည်တွင်းက လေကြောင်းတိုက်ခိုက်မှုတွေအပါ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာက ၀ေဖန်ထောက်ပြနေပေမဲ့ နေပြည်တော်ကတော့ ကုလက ဖွဲ့စည်းပေးထားတဲ့ IIMM ရဲ့တွေ့ရှိချက်တွေကို ပယ်ချတဲ့အကြောင်းသတင်းထုတ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စစ်တွေ - ပုဏ္ဏားကျွန်းတိုက်ပွဲဆက်ရှိနေလို့ ရွာဆယ်နဲ့ချီကဒေသခံတွေ စစ်ရှောင်ရ

    သံတွဲနဲ့ ဂွကို မနေ့ စက်တင်ဘာ ၈ ရက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအပြီး မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, AA

    ဓာတ်ပုံ ပုံစာ, သံတွဲနဲ့ ဂွကို မနေ့ စက်တင်ဘာ ၈ ရက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအပြီး မြင်ကွင်းလို့ အေအေက သတင်းထုတ်

    ရခိုင်ပြည်နယ်ထဲ မြန်မာစစ်တပ်ဟာ စစ်တွေမြို့နယ်ဘက်ကနေ အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ထဲကို စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်နေလို့ နှစ်ဖက်တိုက်ပွဲဖြစ်နေပြီး ဒေသခံတွေလည်း ဘေးလွတ်ရာ စစ်ရှောင်ရပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

    စစ်တပ်ဟာ စစ်တွေမြို့နယ်ထဲကနေ ကပ်လျက်မှာရှိတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ထဲကို စစ်ကြောင်း ၃ ကြောင်းနဲ့ ဖြန့်၀င်နေတာလို့လည်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

    ပုဏ္ဏားကျွန်းမြို့ကို ပြန်သိမ်းနိုင်ပြီလို့ မနေ့ညကစလို့ စစ်တပ်ထောက်ခံသူတွေဘက်က ရေးသား ဖော်ပြနေကြပေမဲ့ မြေပြင်မှာတော့ စစ်တပ်စစ်ကြောင်းတွေ အထိအခိုက်များနေတယ်လို့ အေအေ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “စစ်တပ်က သုံးကြောင်းထိုးတာမှာ နှစ်ကြောင်းက အထိခိုက်များလို့ ပြန်ဆုတ်သွားပြီ။ စစ်တွေအပိုင် ဝါဘိုဘက်က ထိုးတဲ့တစ်ကြောင်းပဲ ကျန်တော့တယ်” လို့ အေအေသတင်းရင်းမြစ်က ပြောပါတယ်။

    ရခိုင်ပြည်နယ်ထဲ စစ်တွေကို မြန်မာစစ်တပ်က ထိန်းချုပ်ထားပြီး ကပ်လျက် ပုဏ္ဏားကျွန်းမြို့နယ်ကိုတော့ အေအေက ထိန်းချုပ်ထားပါတယ်
    ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်ထဲ စစ်တွေကို မြန်မာစစ်တပ်က ထိန်းချုပ်ထားပြီး ကပ်လျက် ပုဏ္ဏားကျွန်းမြို့နယ်ကိုတော့ အေအေက ထိန်းချုပ်ထားပါတယ်

    စစ်တပ်က ထိုးစစ်ပြန်ဆင်လာတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာတော့ ကျေးရွာ ၅၀ ခန့်က ဒေသခံတွေ စက်တင်ဘာ ၄ ရက်ကစလို့ စစ်ရှောင်နေကြပြီလို့ စစ်ရှောင်ကူညီရေးဆောင်ရွက်နေတဲ့ စာရေးဆရာ ဝေဟင်အောင်ကလည်း ပြောပါတယ်။

    “စစ်​တွေမြို့နဲ့ ပုဏ္ဏားကျွန်းမြို့ကြားက ​ကျေးရွာ​တွေ ရှောင်တာပါ။ ပုဏ္ဏားကျွန်းမြို့ဘက်​ကလည်း ​ရှောင်ရတယ်။ စစ်​တွေမြို့နယ်နဲ့နီးစပ်တဲ့ရ​သေ့​တောင်(မြို့နယ်) ဘက်ကပါ စစ်ရှောင်နေရတယ်” လို့ သူက ဆက်ပြောပါတယ်။

    စစ်တွေနဲ့ ရသေ့တောင်ကြားမှာရှိတဲ့ ကျေးရွာ ၂၅ ရွာဝန်းကျင်က ဒေသခံတွေပါ စစ်ရှောင်နေရတဲ့အခြေအနေပါ။

    စစ်တပ်က မြေပြင်ထိုးစစ်အပြင် ရေကြောင်း၊ လေကြောင်းကနေပါ တိုက်ခိုက်နေပြီး မနေ့ တစ်ရက်တည်းမှာပဲ သံတွဲနဲ့ ဂွမြို့နယ်တို့ကို လေကြောင်းကနေ ဗုံးကြဲလို့ လူသေဆုံးမှု ရှိခဲ့ကြောင်း အေအေက သတင်းထုတ်ပြန်ထားပါတယ်။

    စက်တင်ဘာ ၄ ရက်ကစလို့ အေအေက မြို့နယ်အများစုကို ထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်ထဲကို စစ်မျက်နှာအများအပြားကနေ တပြိုင်နက် ထိုးစစ်ဆင်တဲ့ “၄၉၂၆ စစ်ဆင်ရေး” စတင်ပြီလို့ စစ်တပ်ထောက်ခံကြောင်းရေးသားနေတဲ့ တယ်လီဂရန်ချန်နယ်တွေက ဖော်ပြနေပါတယ်။

    ဘီဘီစီသတင်းရင်းမြစ်တွေရဲ့အပြောအရ စစ်တွေ၊ ရခိုင်-မကွေး၊ ရခိုင်-ပဲခူး၊ ရခိုင်-ဧရာဝတီ နယ်စပ်တွေကနေ အင်အားထောင်နဲ့ချီသုံးကာ စစ်တပ်ကထိုးစစ်ဆင်နေပါတယ်။

    ရခိုင်ကို စစ်တပ်ရဲ့ထိုးစစ်နဲ့ မြေပြင်အခြေအနေနဲ့ပတ်သက်လို့ အေအေ ပြောခွင့်ရ ဦးခိုင်သုခကို ဘီဘီစီက ဆက်သွယ်ထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

  2. "ဝန်ထမ်းလို့ နာမည်တပ်ပေမဲ့ ကျွန်သာသာပဲ" – ကျားဖြန့်လုပ်ငန်းထဲပိတ်မိနေသူတွေ

    ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ကရင်ပြည်နယ်ထဲက ကျားဖြန့်လုပ်ငန်းနေရာတွေကနေ ကယ်ဆယ်ထားပြီး နေရပ်ပြန်မလွှဲခင်မြင်ရတဲ့ ကယ်ဆယ်ခံ အမျိုးသားတွေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ကရင်ပြည်နယ်ထဲက ကျားဖြန့်လုပ်ငန်းနေရာတွေကနေ ကယ်ဆယ်ထားပြီး နေရပ်ပြန်မလွှဲခင်မြင်ရတဲ့ ကယ်ဆယ်ခံ အမျိုးသားတွေ

    "KNA က ကျားဖြန့်စခန်းကို ဝင်စီးမယ်လို့ သတင်းကြားတော့ ကျွန်တော် ကုမ္ပဏီကနေ ထွက်ပြေးခဲ့တာ၊ ပြန်အဖမ်းခံခဲ့ရတယ်။ ပုန်းတဲ့နေရာကို KNA က ရှာတွေ့သွားတာ။ ပြန်လွှတ်ပေးဖို့ ပိုက်ဆံပေးရမယ်လို့ ပြောတယ်။ ကုမ္ပဏီအကြီးပိုင်းလူတွေက သူတို့အတွက်ပဲ ပိုက်ဆံပေးပြီး ထွက်သွားလို့ ကျွန်တော် ကျန်ခဲ့တာ" လို့ မစ္စတာ အေက ပြောပါတယ်။

    သူပြောတဲ့ KNA ဟာ ကရင်အမျိုးသားတပ်အဖြစ်နာမည်ပြောင်းထားတဲ့ကရင်နယ်ခြားစောင့်တပ်(BGF) ဖြစ်ပါတယ်။

    သူက ကရင်ပြည်နယ်ထဲက ကျားဖြန့်လုပ်ငန်းခွင်တစ်ခုမှာ လိမ်လည်အလုပ်စေခိုင်းခံနေရတဲ့ ကျားဖြန့်သားကောင် နိုင်ငံခြားသား တစ်ဦးဖြစ်ပါတယ်။

    သူ့ လုံခြုံရေးအတွက် သူ့နာမည်ကို မစ္စတာ အေလို့ပဲ သုံးနှုန်းပါတယ်။

    ကရင်ပြည်နယ်ထဲက ကျားဖြန့်လုပ်ငန်းတွေထဲမှာ မစ္စတာ အေလို နိုင်ငံခြားသား ထောင်နဲ့ချီ ပိတ်မိနေသေးတယ်လို့ ဒီလူတွေ ရုန်းထွက်နိုင်အောင် ကူညီပေးနေတဲ့ အရပ်ဘက်အဖွဲ့က ပြောပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။

  3. ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြုမှုကို စိစစ်မယ့် အရည်အချင်းစစ်ကော်မတီသစ် ဖွဲ့စည်း

    ကုလအထွေထွေအတွင်းရေးမှူးချုပ်(ဝဲဘက်အစွန်ဆုံး)၊ ညီလာခံ ယာယီသဘာပတိဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး၀န်ကြီး(အလယ်)တို့ကို မနေ့ကပြုလုပ်တဲ့ညီလာခံမှာ မြင်တွေ့ရ

    ဓာတ်ပုံ ရင်းမြစ်, UN TV

    ဓာတ်ပုံ ပုံစာ, ကုလအထွေထွေအတွင်းရေးမှူးချုပ်(ဝဲဘက်အစွန်ဆုံး)၊ ညီလာခံ ယာယီသဘာပတိဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး၀န်ကြီး(အလယ်)တို့ကို မနေ့ကပြုလုပ်တဲ့ညီလာခံမှာ မြင်တွေ့ရ

    ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ကုလသမဂ္ဂအထွေထွေညီလာခံက နှစ်စဉ် ရွှေ့ဆိုင်းလာခဲ့တဲ့မြန်မာနိုင်ငံကိုယ်စားပြုမှုဆိုင်ရာ credentials ကို စိစစ်မယ့်အရည်အချင်းစိစစ်ရေးကော်မတီ(Credentials Committee) သစ်ကို ဖွဲ့စည်းလိုက်ပါတယ်။

    ဒီကော်မတီက အခုစက်တင်ဘာလအတွင်း မြန်မာနိုင်ငံကိုယ်စားပြုမှုဆိုင်ရာ credentials ကိစ္စကို စတင်စဉ်းစားမှာဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်မှာ ကော်မတီအစည်းအဝေးပြုလုပ်ဖို့ရှိတယ်လို့ နားလည်ရပါတယ်။

    မနေ့ စက်တင်ဘာ ၈ ရက်မှာ စတင်တဲ့ ၈၁ ကြိမ်မြောက် အထွေထွေညီလာခံရဲ့ပထမဆုံးအစည်းအဝေးမှာ အရည်အချင်းစိစစ်ရေးကော်မတီအတွက် အဖွဲ့ဝင် ၉ နိုင်ငံကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

    ကော်မတီမှာ ပုံမှန်ပါဝင်တဲ့ တရုတ်၊ ရုရှားနဲ့ အမေရိကန်တို့ ၃ နိုင်ငံအပြင် ဘဟားမား၊ ဘယ်လ်ဂျီယံ၊ ဘီနင်၊ ဂျမေကာ၊ ယူဂန္ဓာနဲ့ ဗန်နူအာတူတို့ ပါဝင်လာပါတယ်။

    အဲဒီထဲမှာ တရုတ်နဲ့ ရုရှားက နေပြည်တော်နဲ့နီးကပ်တဲ့ ဆက်ဆံရေးရှိပြီး ဗန်နူအာတူ၊ ယူဂန္ဓာ၊ ဘီနင်နဲ့ ဂျမေကာတို့ကလည်း တရုတ်နဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးရှိတဲ့ နိုင်ငံတွေအဖြစ် သတ်မှတ်ခံထားရတဲ့နိုင်ငံတွေဖြစ်ပါတယ်။

    Credentials Committee ဟာ ကုလအဖွဲ့ဝင်နိုင်ငံတွေရဲ့ကိုယ်စားလှယ်တွေရဲ့ အရည်အချင်း အထောက်အထားတွေကို စိစစ်ပြီး အထွေထွေညီလာခံထံ အစီရင်ခံဖို့ တာဝန်ရှိတာဖြစ်ပါတယ်။

    Committee ကို အထွေထွေညီလာခံရဲ့ပုံမှန်အစည်းအဝေး တစ်ကြိမ်စီရဲ့အစမှာ အဖွဲ့ဝင် ၉ နိုင်ငံနဲ့ ဖွဲ့စည်းလေ့ရှိပြီး နောက်ဆုံးအတည်ပြုဆုံးဖြတ်ချက်ကိုတော့ အထွေထွေညီလာခံက ချမှတ်တာဖြစ်ပါတယ်။

    လက်ရှိမှာ ကုလအရည်အချင်းစစ်ကော်မတီအနေနဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံကိုယ်စားပြုမှုဆိုင်ရာ credentials ကို အတည်ပြုဆုံးဖြတ်တာ မရှိသေးဘဲ ရွှေ့ဆိုင်းခဲ့တာကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ဆက်လက်ကိုယ်စားပြုနေပါတယ်။

    ၂၀၂၅ ခုနှစ်မှာလည်း မြန်မာကိုယ်စားပြုမှုနဲ့ပတ်သက်တဲ့ credentials နှစ်စုံ ရရှိထားတာကြောင့် Committee က ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။

    ဦးကျော်မိုးထွန်းဟာ ၂၀၂၀ ခုနှစ် အောက်တိုဘာလမှာ သမ္မတ ဦးဝင်းမြင့်အစိုးရလက်ထက်က ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေအတွင်း နေပြည်တော်ဘက်ကလည်း မြန်မာနိုင်ငံကိုယ်စားပြုသူအဖြစ် ကိုယ်စားလှယ်အသစ်ခန့်အပ်ဖို့ credentials တင်သွင်းခဲ့တာကြောင့် ကုလသမဂ္ဂမှာမြန်မာအတွက် ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းထားခဲ့တာဖြစ်ပါတယ်။

    တစ်ချိန်တည်းမှာပဲ နေပြည်တော်ဘက်က လက်ရှိသူတို့ရဲ့အစိုးရကို အရပ်သားအသွင်ပြောင်း အစိုးရအဖြစ် ဖော်ပြထားသလို နိုင်ငံတကာမျက်နှာစာမှာ တရုတ်၊ ရုရှား၊ အိန္ဒိယတို့နဲ့ နီးနီးကပ်ကပ် ပူးပေါင်းမယ်လို့ ပြောထားပါတယ်။

    တစ်ဖက်မှာလည်း ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိဖို့ ဒီမိုကရေစီလိုလားသူတွေဘက်က ဆန္ဒထုတ်ဖော်မှုတွေနဲ့ အွန်လိုင်းကနေ လက်မှတ်ထိုးတောင်းဆိုတဲ့လှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။

  4. ကုလလူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေးနေတဲ့ IIMM ကို အသိအမှတ်မပြုလို့ နေပြည်တော် ထပ်ပြော

    စက်တင်ဘာ ၇ ရက် ဂျီနီဗာအစည်းအဝေးမြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, UN Geneva/ Scrrengrab

    ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၇ ရက် ဂျီနီဗာအစည်းအဝေးမြင်ကွင်း

    ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့က လူ့အခွင့်အရေးကောင်စီရဲ့ ၆၃ ကြိမ်မြောက် အစည်းအဝေးမှာ ပါ၀င်ဆွေးနွေးနေတဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးယန္တရား(IIMM)ကို အသိအမှတ်မပြုသလို သူ့ရဲ့အစီရင်ခံစာကိုလည်း ပယ်ချတယ်လို့ နေပြည်တော်ဘက်က ဒီနေ့ထုတ်ပြန်ပါတယ်။

    မြန်မာမှာ ရွေးကောက်ပွဲလုပ်ပြီးနောက်ပိုင်းလည်း စစ်တပ်က အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတွေကို ပြင်းပြင်းထန်ထန် ဆက်ကျူးလွန်နေဆဲဖြစ်တယ်လို့ IIMM ကိုဦးဆောင်သူ Nicholas Koumjian က စက်တင်ဘာ ၇ ရက်က လုပ်တဲ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

    လေကြောင်းတိုက်ခိုက်မှုတွေအပြင် စစ်တပ်က စီမံတဲ့ထိန်းသိမ်းရေးစခန်းတွေထဲမှာဖြစ်ခဲ့တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပိုတိုးလုပ်နေတယ်လို့လည်း သူက ထည့်ပြောပါတယ်။

    နှစ်ရက်အကြာမှာပဲ နေပြည်တော်ဘက်က IIMM ရဲ့နှစ်စဉ်အစီရင်ခံစာတွေဟာ စစ်တပ်အပေါ် တဖက်သတ် စွပ်စွဲချက်တွေ၊ အတည်မပြုနိုင်တဲ့ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေဆီကနေရတဲ့ကိန်းဂဏန်းဖောင်းပွမှုတွေအပေါ် အခြေခံရေးသားထားတာဆိုပြီး နေ့စဉ်ထုတ်သတင်းစာမှာ ဖော်ပြလာပါတယ်။

    လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားတွေ ထိခိုက်သေဆုံးမှုအများဆုံးဖြစ်ရတဲ့အကြောင်းရင်းဖြစ်နေတယ်လို့ နိုင်ငံတကာက ထောက်ပြပေမဲ့စစ်တပ်ဟာ ပြည်သူတွေ မထိခိုက်အောင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ဆင်ရေးတွေကို ထိန်းထိန်သိမ်းသိမ်းဆောင်ရွက်တယ်ဆိုပြီး နေပြည်တော်က ခုခံပြောဆိုပါတယ်။

    ကုလလူ့အခွင့်အရေးကောင်စီ ၆၃ ကြိမ်မြောက် အစည်းအဝေးကို စက်တင်ဘာ ၇ ရက်ကနေ ဒီနေ့ ၉ ရက်နေ့အထိ ပြုလုပ်မှာဖြစ်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနဲ့ IIMM တို့က မြန်မာ့အရေးအစီရင်ခံစာတွေ တင်သွင်းခဲ့ကြပါတယ်။

    ဒါအပြင် မြန်မာ့အရေးအတွက် မြန်မာ့လူ့အခွင့်အရေးအခြေအနေ ယိုယွင်းဆိုးရွားနေမှုကို အရေးပေါ် ဖြေရှင်းရေးအတွက် ရည်ရွယ်ပြုလုပ်တဲ့အဆင့်မြင့်အဆင့်ဆွေးနွေးပွဲလည်း အဲဒီတစ်နေ့တည်းမှာ ပြုလုပ်ခဲ့ပါတယ်။

    အစည်းအဝေးစတင်တဲ့ ၇ ရက်နေ့မှာပဲ အဲဒီအစီရင်ခံစာတွေကို အခြေခံပြီး အပြန်အလှန် ဆွေးနွေးမှုတွေလုပ်ခဲ့ကာ မြန်မာမှာ ဖြစ်နေတဲ့အခြေအနေအရပ်ရပ်ကို လုံခြုံရေးကောင်စီက တဆင့်အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC)ကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Volker Türkက အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။

    ဂျီနီဗာမြို့မှာလုပ်ခဲ့တဲ့မြန်မာ့အရေးဆွေးနွေးမှုကို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk၊ IIMM ဦးဆောင်သူ Nicholas Koumjian တို့အပြင် မြန်မာရိုဟင်ဂျာအဖွဲ့ယူကေ(BROUK) က ဦးထွန်းခင်၊ Sisters 2 Sisters အဖွဲ့က မသဉ္ဇာရွှန်းလဲ့ရည်တို့ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

    အမျိုးသမီးတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေအပြင် ဦးမင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အပြီး တကျော့ပြန်စတင်လာတဲ့မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနဲ့ သက်ရောက်မှုတွေကိုပါ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မသဉ္ဇာရွှန်းလဲ့ရည်က ပြောခဲ့ပါတယ်။

  5. စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးယူနစ်တွေ SCEF မှာ တရားဝင်ပါဝင်လာ

    မကွေး ဖက်ဒရယ်ယူနစ် ဦးဆောင်သူတွေ

    ဓာတ်ပုံ ရင်းမြစ်, Interim Magway Federal Unit Government

    ဓာတ်ပုံ ပုံစာ, မကွေး ဖက်ဒရယ်ယူနစ် ဦးဆောင်သူတွေ

    ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းဦးဆောင်ကောင်စီ (SCEF) ရဲ့ ကိုယ်စားပြုမဏ္ဍိုင်မှာ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေး ဖက်ဒရယ်ယူနစ်တို့ အဖွဲ့ဝင်အသစ်အနေနဲ့ပါဝင်လာပြီလို့ မနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

    ''အတွင်းရေးမှူးအဖွဲ့၊ စစ်မဟာဗျူဟာနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ဖက်ဒရယ်ရေးရာကော်မတီနဲ့ ဘဏ္ဍာရေး ကော်မတီတွေမှာ ကောင်စီဝင်အဖြစ်နဲ့ ပူးပေါင်းပါဝင်မယ်'' လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးခန့်ဝေဖြိုးက ပြောပါတယ်။

    လက်ရှိတော်လှန်ရေးကို အရှိန်မြှင့်တင်ဖို့၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနဲ့ အင်စတီကျူးရှင်းဆိုင်ရာကိစ္စရပ်တွေကို ညှိနှိုင်းဦးဆာင်လမ်းညွှန်ဖော်ဆောင်ဖို့ရှိမယ်လို့ သူက ဆက်ပြောပါတယ်။

    SCEF မှာ ကိုယ်စားပြုမဏ္ဍိုင် ၃ ရပ်ရှိပြီး အဲဒီထဲက “ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ EROs” မဏ္ဍိုင်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ (SFUIG)၊ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ (IMFUG) နဲ့ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ (MIGC) တို့ တရားဝင်ပါလာတာပါ။

    ဖက်ဒရယ်ယူနစ်တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒေသန္တရအုပ်ချုပ်ရေးအခန်းကဏ္ဍတွေကို သုံးကြိမ်ထက်မနည်းတွေ့ဆုံဆွေးနွေးပြီးနောက် အခုလိုပါဝင်လာတာဖြစ်ကြောင်း ထုတ်ပြန်ချက် တွေအရ သိရပါတယ်။

    ပြည်ထောင်စုအစိုးရအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရှိနေပြီး SCEF နဲ့လည်း ပူးပေါင်း တာဖြစ်လို့ အချုပ်အခြာအာဏာကိုမျှဝေသုံးစွဲတဲ့ ဖက်ဒရယ်မူဘောင်အတိုင်း အားလုံးပါဝင်တဲ့ ပုံစံနဲ့ ဆောင်ရွက်မှာလို့ မကွေးဖက်ဒရယ်ယူနစ်ရဲ့ ဒုတိယဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်က စုဖွဲ့ဖို့ ပြင်ဆင်တဲ့ ဇူလိုင်လတုန်းက ပြောခဲ့ပါတယ်။

    “NUG က ပြည်ထောင်စုအစိုးရအနေနဲ့လည်းကောင်း၊ SCEF က နိုင်ငံရေး စစ်ရေးနဲ့ ဖက်ဒရယ်ရေးရာတွေကို စုပေါင်းညှိနှိုင်းဦးဆောင်မယ့် မဏ္ဍိုင်အနေနဲ့လည်းကောင်း အခန်းကဏ္ဍ အလိုက် အပြန်အလှန်ဖြည့်ဆည်းသွားကြမှာပါ” လို့ ဦးချစ်ဝင်းမောင်က ရှင်းပြထားပါတယ်။

    အထူးသဖြင့် SCEF ရဲ့ မဏ္ဍိုင်တွေထဲက “ပြည်သူ့ကိုယ်စားပြုနဲ့ အမျိုးသမီးကိုယ်စားပြု/ ကိုယ်စားလှယ်တွေ” အတွက်တော့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲလို့ ပါဝင်နေသူတချို့ဆီက သိရပါတယ်။

  6. မင်္ဂလာပါ။ စက်တင်ဘာ ၉ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။