တိုက်ရိုက်ထုတ်လွှင့်မှု, အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုတွေကို အမြစ်ဖြတ်နှိမ်နင်းဖို့ ရဲတပ်ဖွဲ့ကို ဦးမင်းအောင်လှိုင်ပြော

ဆိုက်ဘာရာဇဝတ်မှု၊ အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုတွေကို ထိရောက်စွာ နှိမ်နင်းဖို့ ဦးမင်းအောင်လှိုင် ရဲတပ်ဖွဲ့ကို တိုက်တွန်းတဲ့သတင်းအပါအဝင် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

လူကုန်ကူးမှုနဲ့ အွန်လိုင်းရာဇဝတ်မှုတွေ ပိုရှုပ်ထွေးလာနေတဲ့အတွက် ရဲတပ်ဖွဲ့အနေနဲ့ အဲဒီပြစ်မှုတွေကို ထိထိရောက်ရောက် နှိမ်နင်းဖို့လိုတယ်လို့ ဦးမင်းအောင်လှိုင်က ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုတွေကို အမြစ်ဖြတ်နှိမ်နင်းဖို့ ရဲတပ်ဖွဲ့ကို ဦးမင်းအောင်လှိုင်ပြော

    (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ တွေ့ရတဲ့ ဦးမင်းအောင်လှိုင်
    ဓာတ်ပုံ ပုံစာ, (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ တွေ့ရတဲ့ ဦးမင်းအောင်လှိုင်

    မြန်မာနိုင်ငံမှာ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုတွေကို လုံးဝသည်းခံ ခွင့်မလွှတ်နိုင်တဲ့ ရာဇဝတ်မှုတွေအဖြစ် သတ်မှတ်ထားပြီး အလျှော့မပေးတဲ့ (Zero Tolerance) မူဝါဒနဲ့ နှိမ်နင်းနေတယ်လို့လည်း နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

    အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု၊ လူကုန်ကူးမှုနဲ့ အွန်လိုင်းရာဇဝတ်မှုတွေ ပိုရှုပ်ထွေးလာနေတဲ့အတွက် ရဲတပ်ဖွဲ့အနေနဲ့ အဲဒီပြစ်မှုတွေကို ထိထိရောက်ရောက် နှိမ်နင်းဖို့လိုတယ်လို့လည်း သူက (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ ပြောပါတယ်။

    ဒါ့အပြင် အဲဒီပြစ်မှုတွေနဲ့ ဆက်စပ်တဲ့ နေရာတွေကို ဖော်ထုတ်အရေးယူတဲ့အခါ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်ကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၉ ရက်အထိ လူပေါင်း ၇၆,၀၀၀ ကျော် ကို ဖမ်းဆီးရမိခဲ့ပြီး ၇၃,၀၀၀ ဦးကျော်ကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ပြောပါတယ်။

    အွန်လိုင်းလမ်းလည်မှုလုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်လို့ဆိုတဲ့ KK Park အတွင်းရှိ အဆောက်အအုံ ၆၃၅ လုံးနဲ့ ရွှေကုက္ကိုလ်မြိုင်ကျေးရွာအတွင်းက အဆောက်အအုံ ၇၇ လုံးကို ဖြိုဖျက်ရှင်းလင်းခဲ့ပြီးဖြစ်တယ်လို့ ဦးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မြန်မာ-ထိုင်းနယ်စပ်က KK Park နဲ့ ရွှေကုက္ကိုလ်ဒေသတွေဟာ နိုင်ငံတကာက အာရုံစိုက်နေတဲ့ အွန်လိုင်းလိမ်လည်မှုစင်တာတွေနဲ့ ဆက်စပ်ပြီး မကြာခဏ ထောက်ပြခံရတဲ့ နေရာတွေဖြစ်ပါတယ်။

    အဲဒီလို နိုင်ငံတကာရဲ့ ဖိအားနဲ့ အာရုံစိုက်မှုတွေ ရှိနေချိန်မှာ ဦးမင်းအောင်လှိုင်က ရဲတပ်ဖွဲ့နေ့မိန့်ခွန်းမှာ ဖမ်းဆီးရမိသူအရေအတွက်နဲ့ ဖြိုဖျက်ခဲ့တဲ့ အဆောက်အအုံအရေအတွက်တွေကို အလေးပေး ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့အနေနဲ့ Cyber Crime၊ နယ်စပ်ဖြတ်ကျော်မှုခင်း၊ လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါးမှုတွေကို တိုက်ဖျက်ရာမှာ နည်းပညာကျွမ်းကျင်မှု မြှင့်တင်ဖို့၊ နိုင်ငံတကာရဲအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် လုပ်ဆောင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    အွန်လိုင်းလိမ်လည်မှုနဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေကို အဓိကထား ပြောဆိုခဲ့တဲ့ ဒီမိန့်ခွန်းမှာတော့ ရဲတပ်ဖွဲ့အနေနဲ့ သမားရိုးကျ ရာဇဝတ်မှုတွေထက် နည်းပညာအခြေပြုမှုခင်းတွေနဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေကို ပိုမိုရင်ဆိုင်နေရတယ်ဆိုတာကို ဦးမင်းအောင်လှိုင်က အလေးပေး ပြောကြားသွားတာ တွေ့ရပါတယ်။

  2. မင်္ဂလာပါ။ အောက်တိုဘာ ၂ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။