ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေးဖို့ နေပြည်တော်ကို ဖိလစ်ပိုင်တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေတ္တတွေ့ဆုံခွင့်ပေးဖို့ နေပြည်တော်ကို ဖိလစ်ပိုင်တောင်းဆို၊ ရန်ကုန်လေဆိပ်မှာ မ‌လေးရှားကိုသယ်မယ့် နှစ်ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိ တဲ့ သတင်းအပါအဝင် မေလ ၆ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ရန်ကုန်လေဆိပ်ကနေ မ‌လေးရှားကို သယ်ဆောင်မယ့် နှစ်ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိ
  • ဒေါ်အောင်ဆန်းစုကြည် ခြွင်းချက်မရှိလွတ်မြောက်ရေး ပြင်သစ်၊ သြစီ၊ ယူကေတို့ တောင်းဆို
  • ထိုင်းနိုင်ငံ၊ လယောင် ခရိုင် က ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ အလုပ်ထွက်သွားတဲ့ မြန်မာဝန်ထမ်းကို တရုတ်လုပ်ငန်းရှင်တွေက လစာလာယူဖို့ ပြန်ခေါ်ပြီးဝိုင်းဝန်းရိုက်နှက်မှုဖြစ်
  • နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ခံထားရတယ်လို့ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခွင့် ရဖို့ အာဆီယံ ဥက္ကဋ္ဌ တောင်းဆို
  • အာရက္ခတပ်တော်(AA)အပေါ် တရုတ်ရဲ့ ဖိအားကို မခံစားရကြောင်း AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မေလ ၆ ရက် နောက်ဆုံးရ သတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

    ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာပဲ တစုတစည်းတည်း ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

  2. အီရန်စစ်ပွဲကြောင့် အသာစီးရလာတဲ့ယူကရိန်း ရုရှားနဲ့အပစ်ရပ်ဖို့ နီးလာပြီးလား

    ယူကရိန်းသမ္မတ ဇလန်းစကီး၊ လက်နက်ကျည်ဖူးကိုင်ထားတဲ့ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ ဒရုန်း နှစ်စင်း ပေါင်းစပ်ဓာတ်ပုံ

    ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images / Reuters

    ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီး တစ်ယောက် မတ်လတုန်းက ဆော်ဒီအာရေးဗျနိုင်ငံမှာ ခရမ်းရောင်ကော်ဇောခင်းထက် ခပ်တည်တည်မျက်နှာထားနဲ့ လျှောက်လှမ်းတဲ့အခိုက်အတန့်ဟာ အမေရိကန်-အစ္စရေးနဲ့ အီရန် စစ်ပွဲကာလမှာ ထူးခြားတဲ့အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ မမျှော်လင့်ထားတဲ့ခြေလှမ်းတစ်ခုဆိုရင်လည်း မမှားပါဘူး။

    ဆိုရှယ်မီဒီယာ X မှာရေးသားတဲ့ပို့စ်မှာတော့ ဇလန်းစကီးက သူ့ရဲ့ခရီးစဉ်ဟာ "အသက်ပေါင်းများစွာကို ကာကွယ်ရေး ခိုင်မာအောင်လုပ်ဖို့" ဖြစ်တယ်လို့ ရေးပါတယ်။

    တစ်ဖက်မှာလည်း ယူကရိန်း-ရုရှား စစ်ပွဲရဲ့ဝန်ကို ပခုံးထမ်းထားရတဲ့ဇလန်းစကီးဟာ ဒီအခွင့် အရေးကို လက်လွတ်မခံခဲ့ပါဘူး။ ကိယက်ဗ်ရဲ့စစ်မြေပြင်မှာ တိုက်ရင်း တီထွင်ရင်း ရရှိလာတဲ့ဒရုန်းနည်းပညာကို စျေးကွက် ရအောင်နဲ့ နိုင်ငံတကာမှာ စံနှုန်းမီ အသုံးချနိုင်ကြောင်းပြသဖို့ ပင်လယ်ကွေ့ဒေသကို သွားခဲ့တာပါ။

    ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အီရန်ရဲ့ဒရုန်းတိုက်ခိုက်မှုတွေခံခဲ့ရတဲ့ ဆော်ဒီ၊ ယူအေအီး၊ ကာတာနိုင်ငံတို့နဲ့ သဘောတူစာချုပ်တွေ လက်မှတ်ရေးထိုးခဲ့တယ်လို့ ယူကရိန်းဘက်က ထုတ်ပြန်ပါတယ်။ စာချုပ်တွေအရ ယူကရိန်းရဲ့ဒရုန်းနည်းပညာတွေ၊ ကျွမ်းကျင်မှုတွေကို ဒီနိုင်ငံတွေနဲ့ မျှဝေပေးဖို့ ဖြစ်ပါတယ်။

    ဒါဟာ ယူကရိန်းအတွက် မဟာမိတ်ဆက်ဆံရေး ပိုပြီးခိုင်မာစေသလို စီးပွားရေးအရလည်း အကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။ နောက်ပြီး ချမ်းသာကြွယ်ဝတဲ့အမေရိကန်မဟာမိတ်နိုင်ငံတွေနဲ့ လည်း ကာကွယ်ရေးဆိုင်ရာသဘောတူညီမှုတွေ ရဖို့ ယူကရိန်းက မျှော်လင့်ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။​

  3. မြန်မာစစ်တပ်ဦးဆောင်ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမပြု အာဆီယံဘုံသဘောတူညီချက်မရသေး

    ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲရဲ့ဆက်စပ်အစည်းအဝေးတွေနဲ့ပတ်သက်တဲ့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယလက်ထောက်အတွင်းဝန် ဒေါမနစ် ဟာဗီယာ အင်ပီရီယယ်က ပြောပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    မြန်မာက စစ်တပ်ဦးဆောင်ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြု မပြုဆိုတာနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ဘုံသဘောတူညီချက် မရသေးဘူးလို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာပြောခွင့်ရသူက ပြောလာပါတယ်။​

    ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲရဲ့ဆက်စပ်အစည်းအဝေးတွေနဲ့ပတ်သက်တဲ့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ် ဟာဗီယာ အင်ပီရီယယ်က ပြောပါတယ်။

    “ဒါနဲ့ပတ်သက်ပြီး ဘုံသဘောတူညီချက်မရသေးပေမဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ကြားမှာတော့ ဒီအရေးကို အချင်းချင်းထိတွေ့ပြောဆိုမှုတွေ ဆက်ပြီးရှိနေပါတယ်” လို့ သူက ပြောပါတယ်။

    မြန်မာ့အရေးဖြေရှင်းရေး အာဆီယံဘုံသဘောတူညီ ၅ ချက် မူဘောင်အတိုင်းပဲ ဆက်ရှိနေမယ်လို့ သူက ပြောပါတယ်။

    “အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အပြည့်အဝအကောင်အထည်ဖော်ရေးကို ကျွန်တော်တို့က မျှော်လင့်ပါတယ်။ မြန်မာ့အရေးဖြေရှင်းဖို့ ဘုံသဘောတူညီချက် ၅ ချက်က အဓိကမူဘောင်အဖြစ် ဆက်ပြီးရှိနေပါတယ်”

    ၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာ အာဆီယံခေါင်းဆောင်တွေရဲ့ထိပ်သီးအစည်းအဝေးကို မေလ ၈ ရက်နေ့မှာ ကျင်းပသွားဖို့ရှိနေပါတယ်။

    ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုအပြီး အာဆီယံ ထိပ်သီးအစည်းအဝေးတွေကို မြန်မာဘက်က နိုင်ငံရေးရာထူး မယူထားသူကိုပဲ တက်ရောက်ခွင့်ပြုထားတာကြောင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက်ရောက်ခွင့်မရခဲ့ပါဘူး။

    အခုကျင်းပနေတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာလည်း ဒီဆုံးဖြတ်ချက်အတိုင်းဆက်ရှိနေမှာဖြစ်ပြီး ဦးမင်းအောင်လှိုင်ကို တက်ရောက်ခွင့်ပေးမှာမဟုတ်ဘူးလို့ ‌အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ က အစောပိုင်းမှာပြောထားပါတယ်။

  4. စစ်ကိုင်း၊ ဝက်လက်နယ်ထဲက စခန်းသာရွာဗုံးကြဲခံရလို့ ၃ ဦးသေဆုံး

    လေကြောင်းတိုက်ခိုက်မှုခံခဲ့ရတဲ့ ဝက်လက်မြို့နယ်၊ စခန်းသာရွာ

    ဓာတ်ပုံ ရင်းမြစ်, Wetlet Informational Network

    ဓာတ်ပုံ ပုံစာ, လေကြောင်းတိုက်ခိုက်မှုခံခဲ့ရတဲ့ ဝက်လက်မြို့နယ်၊ စခန်းသာရွာ

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း စခန်းသာရွာ အနီးတဝိုက်ကို စစ်တပ်ကမေလ ၅ ရက် ညသန်းခေါင်ကျော်အချိန်မှာ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ Wetlet Informational Network က ထုတ်ပြန်ပါတယ်။

    ည ၁၂ နာရီကျော်အချိန်မှာ ဂျက်ဖိုက်တာ သုံးစင်းနဲ့ လေကြောင်းတိုက်ခိုက်မှု တွေ ပြုလုပ်ခဲ့တာပါ။

    ဒီနေရာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် အမျိုးသား ၂ ဦး နဲ့ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃ ဦးရှိခဲ့ပါတယ်။ နေအိမ်တစ်လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။

    စစ်တပ်က ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာတော့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစပြီး စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ ဘေးလွတ်ရာကို ရှောင်တိမ်းနေရတာပါ။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ယူနီဖောင်းချွတ်ပြီး အရပ်သားအစိုးရအဖြစ် ပြောင်းလဲခဲ့ပေမဲ့ နိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှုတွေကတော့ ဆက်ပြီး အရှိန်မြှင့်တင်နေဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံ၊ ကမ္ဘာတဝန်းပဋိပက္ခတွေကို လေ့လာစောင့်ကြည့်နေတဲ့ ACLED အဖွဲ့ ရဲ့ ဧပြီလ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ၂၀၂၆ မတ်လတစ်လတည်းမှာပဲ လေကြောင်းတိုက်ခိုက်မှု ၂၄၁ ကြိမ်ပြုလုပ်ပြီး သေဆုံးသူ ၄၀၀ ကျော် ရှိခဲ့တယ်လို့ ACLED က ဖော်ပြပါတယ်။ ဒါဟာ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်း လတွေထက် လူသေဆုံးမှု ၆၅ ရာခိုင်နှုန်းအထိ တက်လာတာလို့ ဆိုပါတယ်။

    စစ်တပ်ဟာ နယ်မြေတည်ငြိမ်ရေး နဲ့ လွှတ်တော်ကျင်းပနိုင်ရေး တော်လှန်ရေးအင်အားစုတွေ၊ အရပ်သားတွေ ရှိတဲ့နေရာတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ပိုလုပ်ခဲ့တာလို့ ACELD က ဖော်ပြပါတယ်။

  5. PDF ၅ နှစ်ပြည့် - မသန်စွမ်းတပ်သားအရေးဘာကြောင့် အရေးကြီးလဲ

    မိုင်းနင်းမိလို့ လုခ် ဆေးရုံမှာ ဆေးကုသမှုခံယူပြီးတဲ့ ကရင်နီ ရဲဘော်တွေကို ၂၀၂၄ ခုနှစ်တုန်းက မြင်တွေ့ရတာဖြစ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မိုင်းနင်းမိလို့ လုခ် ဆေးရုံမှာ ဆေးကုသမှုခံယူပြီးတဲ့ ကရင်နီ ရဲဘော်တွေကို ၂၀၂၄ ခုနှစ်တုန်းက မြင်တွေ့ရတာဖြစ်ပါတယ်

    မြန်မာစစ်တပ်နဲ့ တိုက်ပွဲပေါင်းသောင်းကျော်ကို နှစ်ချီတိုက်ခဲ့တဲ့ကာလအတွင်း ကိုယ်ခန္ဓာအစိတ်အပိုင်း ထိခိုက်စွန့်လွှတ်ရတဲ့ ရဲဘော်အရေအတွက်ဟာ "ထောင်ကြီးပိုင်းလောက်အထိ ရှိနိုင်တယ်"လို့ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    တိုက်ပွဲတွေရဲ့အနိုင်အရှုံးကိုပဲ ဦးစားပေးပြောကြပြီး တိုက်ပွဲကြားမှာ ကိုယ်ခန္ဓာအစိတ်အပိုင်းစွန့်လွှတ်ခဲ့ရသူတွေအကြောင်းကတော့ အမေ့ခံဖြစ်ရလေ့ရှိပါတယ်။

    မသန်စွမ်းရဲဘော်တွေရဲ့ ကုသရေးကနေ ပြန်လည်ထူထောင်ရေးအထိ အခြေအနေ အရပ်ရပ်ကို သိနိုင်ဖို့ NUG၊ ရဲဘော်၊ တပ်ရင်း၊ တော်လှန်ရေး နယ်မြေဆေးရုံ၊ နယ်စပ်ပြန်လည်ထူထောင်ရေးစင်တာနဲ့ သုတေသနသမားစတဲ့ အရင်းအမြစ် ၈ ဦးကို ဘီဘီစီက မေးမြန်းထားပါတယ်။

    " စစ်တိုက်တာလည်း အရေးကြီးသလို ဆေးကုသရေးလည်းအရေးကြီးတယ်" လို့ လူနာတွေကို ခြေတုလက်တုတပ်ဆင်ရေးအထိတာဝန်ယူကုသနေတဲ့ နွေဦးဆေးရုံတာဝန်ခံက ပြောပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။

  6. နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆက်စပ်အစည်းအဝေးအတွက် မဖိတ်ရသေး

    ထိုင်းနိုင်ငံခြားရေးဝန်ကြီး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ၂၀၂၆ မေ ၆ ရက်ကနေ ၈ ရက်အတွင်း ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်း နေပြည်တော်ရဲ့နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ တွေ့ဆုံမယ့်အခြေအနေ မရှိသေးဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထိပ်တန်းအရာရှိကြီးတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အစောပိုင်းသတင်းတွေမှာ ဦးတင်မောင်ဆွေကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကာလအတွင်း ဘေးပန်းအစည်းအဝေးတခုပုံစံနဲ့ တွေ့ဆုံဖိတ်ကြားဖို့ ထိုင်းဘက်က စဥ်းစားချက်ရှိတယ်ဆိုပြီး သတင်းထွက်ပေါ် နေတဲ့ အပေါ် ဘီဘီစီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို မေးမြန်းခဲ့တာဖြစ်ပါတယ်။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိရဲ့ရှင်းပြချက်အရ ''ဦးတင်မောင်ဆွေကို မြန်မာကအခြေအနေနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ရှင်းပြနိုင်ရေးဆိုတာကစဉ်းစားချက် အဆင့်သာ ရှိနေပါတယ်'' လို့ ဆိုပါတယ်။

    ဒါဟာ နေပြည်တော်အနေနဲ့ အာဆီယံမှာ ပြန်လည်ထိတွေ့ ဆက်ဆံမှုအပိုင်း အရှိန်ပြန်မြှင့်ဖို့ဆိုတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့အဆိုပြုစဉ်းစားချက်ဖြစ်တယ်လို့ နားလည်ရပါတယ်။

    ''အခု စီဘူးက အစည်းအဝေးမတိုင်ခင်မှာ ထိုင်းဘက်က သူ့ဆန္ဒကိုပြောတဲ့သဘောလို့ နားလည်ပါတယ်။ မြန်မာနဲ့ပတ်သက်တဲ့ ထိုင်းဘက်က သဘောထားကို အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးက သဘောတူမှလည်း ဒါက ဖြစ်လာမှာပါ'' လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    ၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက စီဘူးမြို့မှာ အာဆီယံခေါင်းဆောင်တွေရဲ့ထိပ်သီးအစည်းအဝေးကို မေလ ၆ ရက်ကနေ ၈ ရက်အထိ ကျင်းပသွားဖို့ရှိပြီး ခေါင်းဆောင်တွေရဲ့အစည်းအဝေးပွဲ မတိုင်ခင်မှာ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးရှိနေပါတယ်။

    မြန်မာ့အရေးဖြေရှင်းဖို့ဆိုပြီး အာဆီယံခေါင်းဆောင်တွေရဲ့ဘုံသဘောတူညီချက် ၅ ရပ်ကို နေပြည်တော်ဘက်က အကောင်အထည်ဖော်မှုအပိုင်း အားနည်းတယ်လို့ဆိုပြီး အာဆီယံထိပ်သီးဆွေးနွးပွဲနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ဆွေးနွေးပွဲတွေကို မြန်မာကိုယ်စားပြုသူနေရာမှာ နိုင်ငံရေးရာထူး မယူထားသူတွေကိုပဲ အာဆီယံက တက်ရောက်ခွင့် ပေးနေပါတယ်။

    ဒါကြောင့် ၂၀၂၁ စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ အာဆီယံဆွေးနွေးပွဲတွေကို ကိုယ်တိုင်တက်ရောက်ခွင့် မရခဲ့ပါဘူး။

    လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံကတော့ မြန်မာအပေါ် ဆုံးဖြတ်ထားတဲ့ အခုဆုံးဖြတ်ချက်ကို ဆက်လက်ကိုင်စွဲထားမှာဖြစ်လို့ နေပြည်တော်မှာ သမ္မတ ရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်ကို အာဆီယံထိပ်သီးဆွေးနွေးပွဲကို တက်ခွင့်ပေးဦးမှာမဟုတ်ဘူးလို့ အစောပိုင်းကတည်းက ပြောထားပါတယ်။

  7. တရုတ်ဖိအား မခံစားရကြောင်း AA ခေါင်းဆောင်ပြော

    အာရက္ခတပ်တော် (အေအေ) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, AA

    ဓာတ်ပုံ ပုံစာ, အာရက္ခတပ်တော် (အေအေ) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် (ပုံဟောင်း)

    အာရက္ခတပ်တော်(AA)အပေါ် တရုတ်ရဲ့ ဖိအားကို မခံစားရကြောင်း AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The Diplomat သတင်းဌာနနဲ့ပြုလုပ်တဲ့အင်တာဗျူးမှာ ပြောပါတယ်။

    တရုတ်က အေအေကို စစ်ပွဲရပ်ဖို့ ဖိအားပေးနေတာကို ဘယ်လိုတုံ့ပြန်ထားပါသလဲလို့ သတင်းထောက်က မေးတဲ့အချိန် သူက အခုလိုပြန်ဖြေခဲ့တာပါ။

    “ဒါက ဖိအား မဟုတ်ပါဘူး။ တရုတ်က မြန်မာနိုင်ငံ တည်တည်ငြိမ်ငြိမ်ဖြစ်တာကို မြင်ချင်တယ်။ တချို့လူတွေကတော့ ဒါကို ဖိအားလို့ ပြောလိမ့်မယ်။ တရုတ်က သူ့အကျိုးစီးပွားတွေ ကာကွယ်အကောင်းဆုံးဖြစ်မယ့်လမ်းကို လုပ်မှာပဲ။ နိုင်ငံတိုင်းက ဒီလိုပဲလုပ်ကြမှာပဲလေ” လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောခဲ့တာပါ။

    ရခိုင်ပြည်နယ်မှာ စစ်တပ်က စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်ကို ထိန်းချုပ်ထားဆဲပါ။

    စစ်တပ် ထိန်းချုပ်ထားတဲ့စစ်တွေမြို့အနီးနဲ့ ကျောက်ဖြူမှာ အာရက္ခတပ်တော်နဲ့ စစ်တပ်အကြားတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပေမဲ့ အေအေ က လုံးဝထိန်းချုပ်နိုင်တဲ့ အခြေအနေအထိ မရောက်သေးပါဘူး။

    ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်ထဲကျန်နေတဲ့ မဟာဗျူဟာမြောက်အရေးကြီးတဲ့နယ်မြေတွေနဲ့ ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေကို အာမခံချက်ခိုင်မာစေဖို့ ဆက်ပြီးတိုက်ပွဲဝင်မယ်လို့ ဧပြီ ၁၀ ရက်က ကျရောက်တဲ့ ၁၇ နှစ်ပြည့် အာရက္ခတပ်တော်နေ့မှာ ပြောထားပါတယ်။

    ၂၀၂၇ ခုနှစ်ကုန်တဲ့အထိ လက်ကျန်မြို့တွေကို မသိမ်းပိုက်နိုင်ရင် မိုးအဆုံးမြေအဆုံး ချီတက် တိုက်ပွဲဝင်သွားမယ်လို့လည်း အဲဒီနှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ သူကပြောပါတယ်။

    တွေ့ဆုံညှိနှိုင်းဖို့ စစ်တပ်ဘက်က အဆိုပြုလာတဲ့အခါ အေအေဘက်ကလည်း ကြိုဆိုမယ့်အရိပ်အယောင်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ပတ်သက်လို့လည်း The Diplomat က ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို မေးမြန်းခဲ့ပါတယ်။

    “နိုင်ငံရေးဆွေးနွေးပွဲနဲ့ တည်ငြိမ်ရေးဆိုတဲ့ရည်မှန်းချက်က လူတိုင်းမှာ ရှိပါတယ်။ ကျွန်တော်တို့ကလည်း နိုင်ငံရေးအရ ရင့်ကျက်မှုရှိဖို့လည်း လိုပါတယ်။ ဒီလိုပဲ ပြောပါရစေ” လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တုံ့ပြန်ခဲ့ပါတယ်။

    နောက်ပြီး နေပြည်တော်မှာ ရွေးကောက်ပွဲအပြီး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေပိုလုပ်နေတာကို ဘယ်လို ကိုင်တွယ်မလဲလို့ မေးတဲ့အခါမှာတော့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “စစ်တပ်က အပေါ်စီးကနေ စကားပြောချင်တယ်။ ဒါကို ကျွန်တော်တို့ အဖြစ်ခံမှာ မဟုတ်ပါဘူး” လို့လည်း သူက ပြောပါတယ်။

    လက်ရှိမှာ ရခိုင်ပြည်နယ်ထဲ အေအေ ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ တရုတ်စီမံကိန်းကြီးတွေ ဖြတ်သန်းသွားလာတဲ့မြို့နယ်တွေဖြစ်သလို အိန္ဒိယရဲ့ကုန်းတွင်းပိတ်ပြည်နယ်တွေကို ရေကြောင်းနဲ့ဆက်သွယ်ပေးမယ့် ကုလားတန်မြစ် စီမံကိန်းတည်ရှိနေပါတယ်။

    အာရက္ခတပ်တော်အနေနဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့ လည်း ပူးပေါင်းဆောင်ရွက်လိုပြီး ကုလားတန်စီမံကိန်းကိုလည်း ကူညီပေးဖို့ အသင့်ရှိနေတယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The Diplomat နဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

  8. ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်က နေပြည်တော်ကို တောင်းဆို

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မေလ ၁ ရက်တုန်းက ပြုလုပ်တဲ့ အလုပ်သမားနေ့ စုဝေးပွဲမှာ မြင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ပိုစကာကို ကိုင်ထားသူတစ်ဦး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မေလ ၁ ရက်တုန်းက ပြုလုပ်တဲ့ အလုပ်သမားနေ့ စုဝေးပွဲမှာ မြင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ပိုစကာကို ကိုင်ထားသူတစ်ဦး

    နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ခံထားရတယ်လို့ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိအာဆီယံအထူးသံ နဲ့ တွေ့ဆုံခွင့်ပေးဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက စာထုတ်‌‌တောင်းဆိုလိုက်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ရွှေ့ပြောင်းလိုက်တယ်ဆိုတဲ့ နေပြည်တော်ဘက်က ပြောဆိုထားမှုနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြီးခဲ့တဲ့နာရီပိုင်းက ထုတ်ပြန်ချက်မှာ အဲဒီလို ထည့်ပြောထားတာပါ။

    နေအိမ်ပြောင်းရွှေ့ခံရတယ်လို့ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့တွေ့ခွင့်ပေးပြီး နိုင်ငံတကာရဲ့ယုံကြည်မှု ပိုမိုခိုင်မာအောင် ပွင့်လင်းမြင်သာမှုပိုရှိအောင် လုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

    ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ‘’အာဆီယံအထူးသံဟာ မြန်မာ့အရေး ဆောင်ရွက်ရာမှာ အားလုံးပါဝင်တဲ့အမျိုးသားအဆင့်ဆွေးနွေးရေး ပေါ်လာလာဖို့ ဖန်တီးရေးမှာ သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေနဲ့လည်း တွေ့ဆုံဖို့ လိုအပ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေတ္တတွေ့ဆုံခွင့် မေတ္တာရပ်ခံထားတာကို မြန်မာဘက်ကနေ ခွင့်ပြုချက်ပေးမယ်လို့ မျှော်လင့်ပါတယ်’’ လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

    လက်ရှိမှာ မြန်မာ့အရေးအာဆီယံအထူးသံတာဝန်ကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာ သရီဆာ လာဇာရိုက ရယူထားတာဖြစ်ပါတယ်။

    ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့အရေး အထူးသံအဖြစ် တာဝန်ယူပြီး မကြာခင် အခုနှစ်ဆန်းပိုင်းတုန်းက နေပြည်တော်ကို သွားရောက်ပြီး အဲဒီတုန်းက စစ်ခေါင်းဆောင်အဖြစ် တာဝန်ယူထားဆဲဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပါတယ်။

    ဒါကြောင့် ဖိလစ်ပိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ကို အစောပိုင်းကတည်းက နေပြည်တော်ကို တောင်းဆိုထားပြီးဖြစ်တယ်လို့ အခုကြေညာချက်အရ နားလည်ရပါတယ်။

    ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တွေ့သင့်တွေ့ထိုက်သူတွေအားလုံးနဲ့တွေ့ဆုံနေတယ်လို့ အစောပိုင်းကတည်းက ပြောထားပါတယ်။

    တဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ပေးဖို့ ဖိလစ်ပိုင်ရဲ့ အခုလို တောင်းဆိုမှုဟာ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာ အခုမေလအတွင်းကျင်းပမယ့် အာဆီယံ ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

    အာဆီယံအလှည့်ကျ ဖိလစ်ပိုင်ကတော့ မြန်မာ့အရေးအတွက် အာဆီယံချမှတ်ထားတဲ့ဘုံသဘောတူညီချက် ၅ ရပ် အရ လက်ရှိမှာ နေပြည်တော်မှာ သမ္မတ ရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်ကို အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခွင့်ပေးဦးမှာမဟုတ်ဘဲ အဲဒီအစား နိုင်ငံရေးရာထူး မယူထားသူကိုပဲ ကိုယ်စားပြု တက်ရောက်ခွင့်တဲ့ဆုံးဖြတ်ချက် ဆက်ရှိမယ်လို့ ပြောထားပါတယ်။

  9. ထိုင်းမှာ တရုတ်လုပ်ငန်းရှင်က မြန်မာလုပ်သားကို ရေနွေးပူလောင်းရိုက်နှက်မှုဖြစ်

    တရုတ်လုပ်ငန်းရှင်တွေ ရဲ့ ရိုက်နှက်ခံခဲ့ရတဲ့ မြန်မာလုပ်သား

    ဓာတ်ပုံ ရင်းမြစ်, Chit Min Htet

    ဓာတ်ပုံ ပုံစာ, တရုတ်လုပ်ငန်းရှင်တွေ ရဲ့ ရိုက်နှက်ခံခဲ့ရတဲ့ မြန်မာလုပ်သား

    ထိုင်းနိုင်ငံ၊ လယောင် ခရိုင် က ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ အလုပ်ထွက်သွားတဲ့ တရုတ်စကားပြန် မြန်မာနိုင်ငံသား ဝန်ထမ်းကို တရုတ်အလုပ်ရှင်အဖွဲ့က ဝိုင်းဝန်းရိုက်နှက်၊ ရေနွေးပူလောင်းခဲ့လို့ ဆေးရုံတင်ထားရတယ်လို့ အလုပ်သမားအဖွဲ့တွေဆီက သိရပါတယ်။

    ဒီအမှုကို Kanjomphaeng Foundation ရဲ့ ဦးဆောင်သူ ထိုင်းနိုင်ငံသားရှေ့နေ ဖိကန် က မြန်မာနိုင်ငံသား ဝန်ထမ်းဘက်ကနေ လိုက်လံကူညီဆောင်ရွက်ပေးနေပြီး တရုတ်အလုပ်ရှင်တွေကို အရေးယူနိုင်ဖို့ လည်း ဆက်ပြီး ‌ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ရိုက်နှက်ခံခဲ့ရတဲ့ မြန်မာနိုင်ငံသားကိုလည်း ဆေးရုံမှာ ကုသမှုခံယူဖို့ ပို့ဆောင်ထားတယ်လို့ဆိုပါတယ်။

    မြန်မာဝန်ထမ်းဟာ အဲဒီလုပ်ငန်းခွင်မှာ လုပ်ခလစာအဆင်မပြေလို့ နုတ်ထွက်စာတင်ပြီး နောက်ထပ်အလုပ်တစ်ခုကို ပြောင်းခဲ့ပါတယ်။ ဧပြီ ၃၀ ရက်မှာတော့ အလုပ်ထွက်သွားတဲ့ မြန်မာဝန်ထမ်းကို ကျန်ရှိနေသးတဲ့ လစာယူဖို့ ခေါ်ဆောင်ပြီး တဲ့နောက် အခန်းတစ်ခန်းထဲမှာ တရုတ်အလုပ်ရှင်တွေက အခုလို ရိုက်နှက်ခဲ့တာလို့ ဒီဖြစ်စဥ်ကို သိတဲ့ မြန်မာလုပ်သားအရေဆောင်ရွက်သူတစ်ဦးကဆိုပါတယ်။

    မြန်မာဝန်ထမ်းရဲ့ ကျောခုံးမှာလည်း ရိုက်နှက်ဒဏ်ရာတွေ၊ အပူလောင်ထားတဲ့ ဒဏ်ရာတွေ တွေ့ရပါတယ်။

    “ရေနွေးပူလောင်းတဲ့ တရုတ်ဆိုက် က မြန်မာလုပ်သားတွေလည်း ထွက်ကြတယ်။ အဲဒါကို သူ့ကြောင့်ထွက်တယ်ပေါ့။ နောက်ထပ်အလုပ်ကို ပြောင်းသွားတာကို မကျေနပ်လို့ တရုတ်တွေက ချော့ခေါ်သွားပြီးလုပ်တာ” လို့ AAC ကိုရဲမင်းက သူသိထားတဲ့ အခြေအနေကိုပြောပါတယ်။

  10. ‘ကျွန်တော်သေပြီလို့ ထင်ခဲ့တာ’ - စစ်မှုထမ်း အဓမ္မခေါ်ဆောင်ခံရသူတွေပြောပြတဲ့အတွေ့အကြုံ

    စစ်တပ်ရဲ့ စစ်သားစုဆောင်းမှုအကြောင်း သရုပ်ဖော်ပြမှု
    ဓာတ်ပုံ ပုံစာ, စစ်တပ်ရဲ့ စစ်သားစုဆောင်းမှုအကြောင်း သရုပ်ဖော်ပြမှု

    မြန်မာနိုင်ငံမှာ လူငယ်တွေကို စစ်တပ်ကစစ်မှုထမ်းဖို့ ခေါ်ယူနေတာ ၂၀၂၆ နှစ်လယ်ပိုင်းရောက်လုနီးမှာ အပတ်စဉ် ၂၄ အထိ ရောက်လာပြီဖြစ်ပါတယ်။ ဒါပေမဲ့ လူငယ်တွေဟာ သူတို့ သဘောဆန္ဒအလျောက် စစ်မှုထမ်းဖို့ စာရင်းပေးရမယ့်အစား စစ်တပ်က အတင်းအကျပ်နည်းလမ်းတွေနဲ့ စစ်မှုထမ်းအသစ် စုဆောင်းနေတယ်ဆိုတာကို အစီရင်ခံစာတွေမှာ ဖော်ပြနေပါတယ်။

    ဒီအခြေအနေကိုစောင့်ကြည့်တဲ့အကဲခတ်သူတွေနဲ့အဖွဲ့တွေကတော့ စစ်တပ်ရဲ့စစ်မှုထမ်းခေါ်ယူမှုဟာ ‘‘ခေတ်သစ်လူကုန်ကူးမှု’’ လို့တောင် သုံးနှုန်းနေပါတယ်။

    မောင်မောင်(အမည်လွှဲ)ဟာ ရန်ကုန်မြို့အတွင်းရှိ စစ်တပ်လက်အောက်ခံအဖွဲ့တစ်ခုကနေ စစ်မှုထမ်းဖို့ အတင်းအကျပ် ခေါ်ဆောင်ခံရပြီးနောက် သူတို့ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့နေရာကနေ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ မောင်မောင်ဟာ ၅ ရက်ကြာ ပြန်ပေးဆွဲခံထားရတဲ့စစ်မှုထမ်းလူငယ် အယောက် ၈၀ ထဲက တစ်ယောက်ဖြစ်ပါတယ်။

    သူဟာ ရန်ကုန်မြို့လယ်က ဆူးလေဘုရားအနီးက လမ်းတစ်လမ်းထဲမှာအစားအသောက်ဝယ်ဖို့ ည ၇ နာရီခန့်မှာ လမ်းလျှောက်လာချိန် တိုယိုတာပရိုဘောက်စ် ကားပေါ်ကနေ ဆင်းလာတဲ့ လူလေးဦးရဲ့ ရုတ်တရက်ဖမ်းဆီးခေါ်ဆောင်သွားတာကို ခံခဲ့ရသူပါ။

    “ကျွန်တော့်ကို ဖမ်းသွားတဲ့လူတွေက စစ်မှုထမ်းဖို့ မင်းကိုယ်တိုင် ရောက်လာတယ်လို့ ဝန်ခံရမယ်။ငြင်းဆန်ရင် ဒါမှမဟုတ် အိမ်ပြန်ချင်တယ်လို့ပြောရင် သတ်ပစ်မယ်လို့ ပြောခဲ့တယ်။” လို့ မောင်မောင်က ပြောပါတယ်။

    ဆောင်းပါးအစုံအပြည့်ကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  11. ဒေါ်အောင်ဆန်းစုကြည် ခြွင်းချက်မရှိလွတ်မြောက်ရေး ပြင်သစ်နဲ့သြစီ တောင်းဆို

    ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး နဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်တို့ တွေ့ဆုံမှု

    ဓာတ်ပုံ ရင်းမြစ်, Kim Aris

    ဓာတ်ပုံ ပုံစာ, ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး နဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်တို့ တွေ့ဆုံမှု

    ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျောင်နိုအယ် ဘာရု က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ် နဲ့ မေလ ၄ ရက်က တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ခြွင်းချက်မရှိ လွတ်မြောက်ရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကတိပြုကြောင်း ထုတ်ပြန်ပြောဆိုပါတယ်။

    ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာအခြေအနေတွေ မေးမြန်းခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေရရှိရေး၊ ရှေ့နေတွေ နဲ့ တွေ့ဆုံခွင့်ရရေး အခြေအနေတွေကို အာရုံစိုက်ခဲ့တယ်လို့ ဆိုပါတယ်။

    ကင်မ်အဲရစ် ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်းသက်သေပြဖို့ တောင်းဆိုတဲ့ “Proof of Life” အစီအစဉ်ကိုလည်းထောက်ခံကြောင်း နဲ့ မတရားဖမ်းဆီးခံထားရသူတွေအားလုံး ခြွင်းချက်မရှိပြန်လွှတ်‌ပေးရေး၊ အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ လည်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။

    အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် ကိုဆက်လက်ထောက်ခံကြောင်း နဲ့ အပြည့်အဝ အကောင်အထည်ဖော်ဖို့ ကိုလည်း တောင်းဆိုလိုက်ပါတယ်။ နိုင်ငံအတွင်း အကြမ်းဖက်မှုတွေ လျှော့ချရေး နိုင်ငံရေးစားပွဲဝိုင်းကတဆင့် လုပ်ဆောင်ကြဖို့လည်း သူကပြောခဲ့ပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ ဩစတေးလျသံရုံးကလည်း ဒေါ်အောင်ဆန်းစုကြည် ကို သူ့ မိသားစုနဲ့ဆက်သွယ်ခွင့်ပြုဖို့၊ သူမရဲ့ ရှေ့နေတွေနဲ့ ဆုံခွင့်ပြုဖို့ နဲ့ သင့်လျော်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေရဖို့ မေလ ၆ ရက်နေ့မှာ တောင်းဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို ခြွင်းချက်မရှိလွှတ်ပေးဖို့ နဲ့ မတရားထိန်းသိမ်းခံထားသူတွေ လွှတ်ပေးဖို့လည်း ဩစတေးလျသံရုံးက တောင်းဆိုထားပါတယ်။

    ယူကေနိုင်ငံ၊ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး ဆီးမာ မာဟိုတျာကလည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ရွှေ့ပြောင်းမှုကို ကြိုဆိုပေမဲ့ ဒါဟာ ခြွင်းချက်မရှိ လွှတ်ပေးဖို့ ဦးတည်တဲ့ ခြေလှမ်းတစ်ခုသာဖြစ်တယ်လို့ ပြောပါတယ်။

    “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ အဖက်ဖက်သော အခြေအနေများအပေါ် ကျွန်မတို့ စိုးရိမ်ပူပန်နေဆဲဖြစ်ပြီး ထိုအခြေအနေများအတွက် အမြန်ဆုံး အတည်ပြုချက်ရရှိဖို့ စောင့်မျှော်လျက်ရှိပါတယ်။ ဒါ့အပြင် မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကို ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုပါတယ်။”

    နေပြည်တော်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့ လိုက်ကြောင်း ဧပြီ ၃၀ ရက်မှာ ကြေညာခဲ့ပါတယ်။ ထုတ်ပြန်ချက်မှာ သတ်မှတ်ထားတဲ့နေအိမ်ကို ရွှေ့ပြောင်းတယ်လို့ ဖော်ပြထားပေမယ့် နေရာအတိအကျကို မဖော်ပြထားပါဘူး။

    သားဖြစ်သူ ကင်မ်အဲရစ်ရဲ့ NPR သတင်းဌာနဲ့ အင်တာဗျူးမှာတော့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကို တစ်ကြိမ်တစ်ခါတော့ ထပ်မံတွေ့ဆုံခွင့်ရချင်သေးတယ်လို့ ပြောဆိုထားပါတယ်။

  12. ရန်ကုန်လေဆိပ်မှာ မ‌လေးရှားကိုသယ်မယ့် နှစ်ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိ

    ဧပြီ ၂၆ ရက်က လေဆိပ်မှာ မူးယစ်ဆေးဝါးတွေ နဲ့ အတူ ဖမ်းဆီးခံရသူတွေ

    ဓာတ်ပုံ ရင်းမြစ်, CCDAC Myanmar

    ဓာတ်ပုံ ပုံစာ, ဧပြီ ၂၆ ရက်က လေဆိပ်မှာ မူးယစ်ဆေးဝါးတွေ နဲ့ အတူ ဖမ်းဆီးခံရသူတွေ

    ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လူ ၆ ဦး သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါး အရပ်အခေါ် အိုက်စ် (မက်သ်အဖက်တမင်း) ၈၃ ကီလိုကျော်ကို မူးယစ်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တယ်လို့ CCDAC Myanmar က ထုတ်ပြန်ပါတယ်။

    ဧပြီ ၂၆ ရက်၊ နံနက် ၈ နာရီခွဲ အချိန် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်ကို ထွက်ခွာမယ့် လေယာဉ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    “Luggage ထဲ ထည့်သယ်ကြတာ။ X ray ဖြတ်တဲ့အချိန်မှာ မိတာပါ” လို့ လေဆိပ်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

    တနေ့တည်းမှာပဲ ဖမ်းဆီးခံရသူတွေ နဲ့ ဆက်စပ်တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်ထဲက နိုင်ငံတကာကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ကုမ္ပဏီရုံးခန်းကို ဝင်ရောက်ရှာဖွေခဲ့ပြီး အိုက်စ်(မက်သ်အဖက်တမင်း) ၉ ဒသမ ၅ ကီလို ကို ဆက်ပြီး ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    ဒီလုပ်ငန်းကတဆင့် ပစ္စည်းပို့ခဲ့သူကိုလည်း လားရှိုးမြို့၊ ရပ်ကွပ် (၂) က ဟိုတယ်တစ်ခုမှာ အိုက်စ် ၁ ကီလို နဲ့ အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြပါတယ်။

    ဒီဖမ်းဆီးမှုအတွင်း စုစုပေါင်းတန်ဖိုး ကျပ်ငွေ ၂ ဒသမ ၃၁၆၇၅ ဘီလီယံတန်ဖိုး၊ အိုက်စ် ၉၃ ဒသမ ၁၅ ကီလို ကို သိမ်းဆည်းမိခဲ့တာဖြစ်ပါတယ်။

    မလေးရှားကို ပို့ဆောင်ပေးဖို့ အဓိကစေခိုင်းခဲ့သူ သီပေါမြို့နယ်မှာ နေထိုင်သူကိုတော့ ဆက်ပြီး ရှာဖွေ နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

    ဖမ်းဆီးခံရသူတွေကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေနဲ့ အရေးယူထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

  13. မင်္ဂလာပါ။ မေ ၆ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။