စက်တင်ဘာ ၄ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
နီပေါရေကြီးမှု ကိုးရက်ကြာပြီးနောက် အလုပ်သမားနှစ်ဦး အသက်ရှင်လျက် ပြန်တွေ့
နီပေါရေကြီးမှု ကိုးရက်ကြာပြီးနောက် အလုပ်သမားနှစ်ဦး အသက်ရှင်လျက် ပြန်တွေ့တဲ့ သတင်းအပါအဝင် စက်တင်ဘာ ၄ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
- ဗီယက်နမ်သမ္မတ ဖိတ်ကြားချက်နဲ့ ဦးမင်းအောင်လှိုင် သမ္မတတာဝန်ယူအပြီး ပထမဆုံး ဗီယက်နမ် တရားဝင်ခရီးစဥ် ဒီနေ့စတင်၊ မြန်မာက ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတိုးမြှင့်ဖို့တွေကို ဗီယက်နမ်အထူးစိတ်ဝင်စား
- အမျိုးသားသင်္ဘောသားအသစ်နဲ့ အမျိုးသမီး သင်္ဘောသားတွေ ပြည်ပကို အလည်အပတ်သွားရင် PS အစား PV ကို ပြောင်းပြီးမှ ထွက်ခွာရမယ်
- ကမ်းတက်အပန်းဖြေနေတဲ့ လင်ကွန်းလေယာဥ်တင်သင်္ဘောပေါ်က ရေတပ်သား ၂ ဦး အရက်မူးပြီး ရန်ဖြစ်လို့ သင်္ဘောပေါ် ပြန်ပို့ခံလိုက်ရ
- အမေရိကန်ဒေါ်လာ ၁၀,၀၀၀ နဲ့ အထက် ဒါမှမဟုတ် ဒီပမာဏနဲ့ညီမျှတဲ့ နိုင်ငံခြားငွေလွှဲပြောင်းလက်ခံတဲ့အခါမှာ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ကို သတင်းပေးပို့ဖို့ ဗဟိုဘဏ်က ညွှန်ကြား
- နီပေါရေကြီးရေလျှံမှုပြီးနောက် တစ်ပတ်ကျော်အကြာမှာ လိုဏ်ခေါင်းထဲပိတ်မိနေတဲ့ အလုပ်နှစ်ဦးကို ကယ်တင်နိုင်ခဲ့ပ
တိုက်ရိုက် ထုတ်လွှင့်ချက်
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ဆက်နွယ်နေတဲ့ Jane Birkin ရဲ့ စံချိန်တင် Hermès Birkin

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ဗြိတိန်ရုပ်ရှင်မင်းသမီးနဲ့ အဆိုတော် Jane Birkin (ဂျိန်း ဘာကင်) ၂၀၂၃ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ဗြိတိန် မင်းသမီး၊ အဆိုတော် Jane Birkin (ဂျိန်း ဘာကင်) ကိုယ်တိုင် အသုံးပြုခဲ့တဲ့ ပထမဆုံး Hermès Birkin (အဲရ်မက်စ် ဘာကင်) လက်ကိုင်အိတ်ဟာ ကမ္ဘာမှာလေလံတင် ရောင်းချခဲ့တဲ့ လက်ကိုင်အိတ်တွေထဲမှာ ကမ္ဘာ့ဈေးအမြင့်ဆုံးအဖြစ် စံချိန်တင်ထားတယ်လို့ ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့ က ထုတ်ပြလာပါတယ်။
မင်းသမီးအတွက် Hermès က ပထမဆုံး ထုတ်လုပ်ပေးခဲ့တဲ့ စံချိန်တင် ဒီ Hermès Birkin အိတ်ဟာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးလှုပ်ရှားမှုတွေနဲ့ ဆက်နွှယ်နေခဲ့ပြီး ကမ္ဘာကျော် ဇိမ်ခံအမှတ်တံဆိပ်လက်ကိုင်အိတ်ဆိုတဲ့ အဓိပ္ပါယ်ထက်ပိုပါတယ်။
ဒီဆောင်းပါးမှာ ကမ္ဘာတဝန်း အမျိုးသမီး အများစုရဲ့ အိပ်မက်ထဲက ဇိမ်ခံလက်ကိုင်အိတ် Hermès Birkin ဖြစ်ပေါ်လာပုံ၊ ၂၀၀၀ ခုနှစ်နောက်ပိုင်းကာလတွေမှာ ဂျိန်း ဘာကင် က ဒေါ်အောင်ဆန်းစုကြည် အတွက်လှုပ်ရှားခဲ့တာတွေကို ဒီဆောင်းပါး မှာ ဖတ်ရှုနိုင်ပါပြီ။
နီပေါရေကြီးမှု ကိုးရက်ကြာပြီးနောက် အလုပ်သမားနှစ်ဦး အသက်ရှင်လျက် ပြန်တွေ့

ဓာတ်ပုံ ရင်းမြစ်, NEA
ဓာတ်ပုံ ပုံစာ, နီပေါရေကြီးရေလျှံမှုကြောင့် တစ်ပတ်ကျော် လိုဏ်ခေါင်းထဲပိတ်မိနေပြီးမှ ကယ်ထုတ်နိုင်ခဲ့တဲ့ အလုပ်သမားတစ်ဦးနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ နီပေါရေကြီးရေလျှံမှုပြီးနောက် တစ်ပတ်ကျော်အကြာမှာ လိုဏ်ခေါင်းထဲပိတ်မိနေတဲ့ အလုပ်သမားနှစ်ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။
ထရီရှူလီ ၃ အေ ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းခွင်ကနေ ဆန်းဂျယရှားနဲ့ ကဘီးမဟာရဇန်တို့ကို အသက်ရှင်လျက် ဆွဲထုတ်ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
သူတို့နှစ်ဦးရဲ့ ခြေထောက်နဲ့လက်တွေမှာ ဒဏ်ရာတွေရှိနေပြီး သူတို့ကို နီပေါမြို့တော် ခတ္တမန္ဒူမှာရှိတဲ့ ဆေးရုံကို ရဟတ်ယာဉ်နဲ့ပို့ဆောင်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။
အဲဒီအလုပ်သမားနှစ်ဦးရှိခဲ့တဲ့ လိုဏ်ခေါင်းထဲမှာ အနည်းဆုံး လူ ၃၉ ဦးခန့် ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
တတိယမြောက်လူတစ်ဦးကို ထုတ်နိုင်ခဲ့ပေမဲ့ အသက်ပါမလာတော့ပါဘူး။
ထရီရှူလီမြစ်တစ်လျှောက်က ရေအားလျှပ်စစ်လုပ်ငန်းခွင်မှာရှိတဲ့ လိုဏ်ခေါင်းများစွာရှိနေပြီး အဲဒီထဲမှာ လူ ၁၀၀ ကျော်ပိတ်မိပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
ရေခဲတောင်ပြိုကျမှုကြောင့်ဖြစ်တဲ့ နီပေါ ရေကြီးမှုမှာ အဆောက်အအုံတွေနဲ့ လမ်းတွေ လုံးဝပျက်စီးခဲ့ပြီး လူထောင်ပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
ထရီရှူလီ ၃ အေလိုဏ်ခေါင်းထဲကို အောက်စီဂျင်တွေ ထည့်သွင်းပေးနေပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ကွန်ပရက်ဆာတစ်ခုကတစ်ဆင့် လိုဏ်ခေါင်းထဲကို အောက်စီဂျင်တွေ ထည့်သွင်းပေးနေတယ်လို့ နီပေါလျှပ်စစ်အာဏာပိုင်ဌာနရဲ့ ဒုတိယမန်နေဂျာ ဆူရက်ရောက်က ပြောပါတယ်။ ကယ်ဆယ်ခံရပြီးနောက်မှာ ကဘီနဲ့ ဆန်ဂျေးတို့ဟာ ပင်ပန်းနွမ်းနယ်နေပုံပေါက်ပေမယ့် ပျော်ရွှင်နေကြတယ်လို့ ရောက်က ပြောပါတယ်။
အရင်က တောင်ကုန်းပေါ်မှာရှိခဲ့ပြီး အခုမြေအောက်ရောက်သွားတဲ့ လိုဏ်ခေါင်းဝင်ပေါက်ကို ရှာရတဲ့ ရှာဖွေကယ်ဆယ်ရေးအလုပ်ကို အရင်က တစ်ခါမှမကြုံခဲ့ဖူးဘူး လို့ ကယ်ဆယ်ရေးလုပ်ငန်းမှာ နီပေါအစိုးရကို အကြံပေးနေတဲ့ နိုင်ငံတကာလိုဏ်ခေါင်းနဲ့ မြေအောက်ရပ်ဝန်းအသင်း ဥက္ကဋ္ဌ အာနိုးဒစ်က ဘီဘီစီကို ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NEA
ဓာတ်ပုံ ပုံစာ, နီပေါရေကြီးရေလျှံမှုကြောင့် တစ်ပတ်ကျော် လိုဏ်ခေါင်းထဲပိတ်မိနေပြီးမှ ကယ်ထုတ်နိုင်ခဲ့တဲ့ အလုပ်သမားတစ်ဦးနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ဂြိုဟ်တုသတင်းအချက်အလက်တွေကို အသုံးပြုပြီး ကယ်ဆယ်ရေးသမားတွေဟာ တူးရမယ့်နေရာကို ရှာဖွေခဲ့ပြီး နောက်ဆုံးမှာတော့ ဝင်ပေါက်ကို တွေ့ရှိခဲ့ပါတယ်။ နောက်ထပ်ရှိလာတဲ့ အခက်အခဲကတော့ အသက်ရှင်ကျန်ရစ်သူတွေကို ဘယ်လိုရှာဖွေမလဲဆိုတဲ့ အချက်ပါပဲ။
“သူတို့ ဘယ်မှာရှိတယ်ဆိုတာ ကျွန်တော်တို့မသိပါဘူး၊ နည်းပညာသုံးပြီး အကောင်းဆုံးခန့်မှန်းရတာပါပဲ" လို့ ဒစ်ကပြောပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ ရွှံ့တွေ၊ ကားတွေထက်တောင် ကြီးမားတဲ့ ကျောက်တုံးကြီးတွေနဲ့ လုံးဝကိုပိတ်ဆို့နေတဲ့ လိုဏ်ခေါင်းဝင်ပေါက်ကို ဖောက်ဝင်နိုင်ဖို့ ကြိုးပမ်းရပြီး နောက်ဆုံးမှာတော့ ဖောက်ခွဲရေးပစ္စည်းတွေကို အသုံးပြုခဲ့ရပါတယ်။
ရုတ်တရက်ရေကြီးရေလျှံမှုကြုံခဲ့ရတဲ့ နေရာတစ်ဝိုက်မှာ ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းခွင်တွေရှိနေပါတယ်။ ဒီစက်ရုံတွေရဲ့အောက်မှာ လိုဏ်ခေါင်းကွန်ရက်ကြီးရှိနေပါတယ်။ လျှံကျလာတဲ့ ရေတွေဟာ တောင်တွေကိုဖြတ်ပြီး မြစ်ကို ရေလျှံစေတဲ့အချိန်မှာ လိုဏ်ခေါင်းတွေထဲ ရွှံ့တွေပြည့်နှက်သွားစေခဲ့ပါတယ်။
အလုပ်သမားတချို့ကတော့ ကံကောင်းထောက်မစွာ ထွက်နိုင်ခဲ့ပေမယ့် ၁၅၀ ကျော်ခန့်ကတော့ အထဲမှာ ပိတ်မိနေဆဲပါ။
ကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ ကျောက်တုံးတွေကို ဖောက်ခွဲပစ်တာတွေပါဝင်ပြီး တောင်စောင်းတွေမှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကို အသုံးပြုခဲ့ရပါတယ်။
လွန်ခဲ့တဲ့ကိုးရက်က ရေကြီးရေလျှံခဲ့မှုကြောင့် နီပေါနဲ့ တိဗက်တို့မှာ လူ ၁၃၀၁ ဦးသေဆုံပြီး ၅၃၃၉ ဦးပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ နီပေါဘက်ခြမ်းမှာ သေဆုံးသူ ၁၂၈၀ ဦးနဲ့ ပျောက်ဆုံးသူ ၄၇၉၈ ဦးရှိနေပါတယ်။
တိဗက်ဘက်ခြမ်းမှာတော့ သေဆုံးသူဦးရေဟာ ၂၁ ဦးအထိရှိနေပြီး ၅၄၁ ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အာဏာပိုင်တွေက မနေ့က သတင်းစာရှင်းလင်းပွဲမှာထုတ်ပြန်ခဲ့ပါတယ်။ ပျောက်ဆုံးနေသူတွေထဲမှာ နိုင်ငံ ၃၄ နိုင်ငံလောက်က နိုင်ငံခြားသား ရာပေါင်းများစွာပါဝင်နေပါတယ်။
ဒေါ်လာ ၁၀,၀၀၀ နဲ့အထက် လွှဲပြောင်းမှုတွေ သတင်းပေးဖို့ ဗဟိုဘဏ်ညွှန်ကြား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ရန်ကုန်လေဆိပ်က နိုင်ငံခြားငွေလဲကောင်တာ (ပုံဟောင်း) ပြည်ပငွေလွှဲလိုင်စင်ရလုပ်ငန်းတွေအနေနဲ့ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ နဲ့ အထက် ဒါမှမဟုတ် ဒီပမာဏနဲ့ညီမျှတဲ့ နိုင်ငံခြားငွေလွှဲပြောင်းလက်ခံတဲ့အခါမှာ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ကို သတင်းပေးပို့ဖို့ ဗဟိုဘဏ်က ညွှန်ကြားထားပါတယ်။
ပြန်တမ်းမှာပါတဲ့ ဗဟိုဘဏ်ရဲ့ ပြည်ပငွေလွှဲလုပ်ငန်းဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာစည်းမျဥ်းရဲ့ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနဲ့ စပ်လျဥ်းပြီး လိုက်နာရမယ့် ကိစ္စရပ်တွေမှာ ထည့်ထားတာပါ။
လိုင်စင်ရငွေလွှဲလုပ်ငန်းတွေဟာ သံသယဖြစ်ဖွယ်ငွေလွှဲပြောင်းမှုတွေကို စောင့်ကြည့်ဖို့ အစီအမံတွေ ချမှတ်ထားဖို့နဲ့ သတင်းအချက်အလက်တွေကို နည်းပညာအသုံးပြုစောင့်ကြည့်ရ မယ်လို့လည်း ဖော်ပြပါတယ်။
သတင်းပေးပို့ဖို့ သတ်မှတ်ငွေပမာဏနဲ့ အထက်ကျော်လွန်တဲ့ လွှဲပို့မှုတွေ၊ လွှဲပို့တဲ့ နိုင်ငံနဲ့လွှဲပြောင်းသူပေါ်မူတည်ပြီး သံသယဖြစ်ဖွယ်လွှဲပို့မှုတွေကို ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးအဖွဲ့ကို သတင်းပေးပြီး ဗဟိုဘဏ်ရဲ့ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနကြီးကို မိတ္တူပို့ဖို့လည်း ကြပ်မတ်ထားတာပါ။
ငွေလွှဲပြောင်းသူနဲ့ လက်ခံတဲ့သူတွေရဲ့ နာမည်တွေဟာ ဗဟိုဘဏ်ရဲ့ ဝက်ဘ်ဆိုက်၊ ကုလလုံခြုံရေးကောင်စီဝက်ဘ်ဆိုက်နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ တွေက ကြေညာထားတဲ့ အကြမ်းဖက်အဖွဲ့အစည်း၊ အကြမ်းဖက်သမားစာရင်းတွေမှာ ပါဝင်နေရင်း ငွေကိုထိန်းချုပ်ထားဖို့လည်း စည်းမျဥ်းထဲမှာ ထည့်သွင်းထားပါတယ်။
အထက်က စာရင်းတွေအပြင် ဗဟိုဘဏ် ကန့်သတ်ပိတ်ပင်တဲ့စာရင်းတွေမှာ ပါဝင်နေရင်လည်း ငွေကိုထိန်းချုပ်ထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့နဲ့ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနကြီးကို မပျက်မကွက် သတင်းပို့ရမယ်လို့ဆိုပါတယ်။
အချိန်မီသတင်းပေးပို့ဖို့ ပျက်ကွက်ရင် ကျပ်ဆယ်သန်းထက်မနည်းတဲ့ ဒဏ်ငွေကို ပေးဆောင်ရမယ် လို့ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်နဲ့ပတ်သက်တဲ့အခန်းမှာ ဖော်ပြပါတယ်။
ဒါအပြင် ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ လုပ်ငန်းစဥ်ကိုမလိုက်နာရင် လုပ်ငန်းလိုင်စင်ရုပ်သိမ်းမယ်လို့လည်း ဗဟိုဘဏ်က ကြေညာထားပါတယ်။
ပတ္တရားရောက် အမေရိကန် ရေတပ်သား ၂ ဦး ရန်ဖြစ်လို့ သင်္ဘောပေါ်ပြန်ပို့ခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၂ ရက်ညပိုင်း ပတ္တရား Walking Street မြင်ကွင်း ထိုင်းနိုင်ငံ၊ ပတ္တရားမှာ ကမ်းတက်အပန်းဖြေနေတဲ့ လင်ကွန်းလေယာဥ်တင်သင်္ဘောပေါ်က ရေတပ်သား ၂ ဦး အရက်မူးပြီး ရန်ဖြစ်လို့ သင်္ဘောပေါ် ပြန်ပို့ခံလိုက်ရတယ်လို့ ထိုင်းနဲ့ အမေရိကန် သတင်းတွေက ဖော်ပြပါတယ်။
ရေတပ်သား ၂ ဦး ပတ္တရားက နာမည်ကျော် Walking Street မှာ ရန်ဖြစ်နေတာကို ဖုန်းဆက်သတင်းပေးတာလို့ ထိုင်းရဲပြောဆိုချက်ကို ကိုးကားပြီး MS Now သတင်းက ဖော်ပြပါတယ်။
စက်တင်ဘာ ၃ ရက် မနက်အစောပိုင်းမှာ ဖြစ်ခဲ့တဲ့ ဒီဖြစ်စဥ်က အသေးစားရန်ပွဲတစ်ခုသာ ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဖြေထားတာကို ထိုင်းနဲ့အမေရိကန်သတင်းတွေက ကိုးကားဖော်ပြပါတယ်။
သတင်းရပြီးတဲ့နောက် ထိုင်းရဲနဲ့ ကမ်းရိုးတန်းဆက်ဆံရေးအဖွဲ့ဝင်တွေက ဖြစ်စဥ်နေရာကို သွားရောက်ပြီး ရေတပ်သား ၂ ဦးကို ပတ္တရား Hard Rock Hotel က အမေရိကန်နဲ့ထိုင်းပူးတွဲစင်တာကို ခေါ်လာခဲ့တယ်လို့ဆိုပါတယ်။
ဒီနောက်တော့ သင်္ဘောပေါ်ပြန်ပို့လိုက်ပြီး ကျန်ရှိတဲ့ရက်တွေမှာလည်း ကမ်းတက်ခွင့်မရတော့ဘဲ သင်္ဘောပေါ်မှာပဲ ဆက်နေရတော့မယ်လို့ ထိုင်းနဲ့အမေရိကန်သတင်းတွေက ဖော်ပြပါတယ်။
အလွန်ပြင်းထန်နိုင်တဲ့ အယ်လ်နီညို ဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂသတိပေး

ဓာတ်ပုံ ရင်းမြစ်, Florian Plaucheur/AFP via Getty Images
ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ်က အယ်လ်နီညိုကြောင့် ဘရာဇီးတောင်ပိုင်းမှာ ပြင်းထန်တဲ့ ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ အယ်လ်နီညိုရဲ့ သက်ရောက်မှုတွေကို ကမ္ဘာတဝန်း စတင်ခံစားနေရတာကြောင့် ကမ္ဘာကြီးဟာ "ပြင်းထန်ရာသီဥတုအန္တရာယ်ဇုန်" ထဲ ရောက်ရှိနေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သတိပေးလိုက်ပါတယ်။
ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်(WMO) က ထုတ်ပြန်တဲ့ နောက်ဆုံးအချက်အလက်တွေအရ သဘာဝရာသီဥတု ဖြစ်စဉ်တစ်ခုဖြစ်တဲ့ အယ်လ်နီညိုဟာ နှစ်ပေါင်း ၇၀ ကျော်အတွင်း အပြင်းထန်ဆုံး ဖြစ်လာနိုင်ပြီး ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်ပြီးရှိနိုင်ပါတယ်။
အယ်လ်နီညိုကြောင့် ကမ္ဘာတဝန်း ရာသီဥတုပုံစံတွေ ပြောင်းလဲနိုင်ပြီး ဒေသတချို့မှာ မိုးခေါင်ရေရှားမှုတွေဖြစ်ပေါ်နိုင်သလို တခြားဒေသတွေမှာတော့ ပိုမိုပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်းတွေနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်ပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါပြီ။
သင်္ဘောသားပတ်စ်ပို့နဲ့ ပြည်ပထွက်ခွင့် တင်းကျပ်ခံရ

ဓာတ်ပုံ ရင်းမြစ်, MSF
ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (MSF) က ပြုလုပ်တဲ့ သင်တန်းသားတွေအတွက် သင်္ဘောလေ့လာရေးခရီးစဉ် မစခင်မြင်ကွင်း (ပုံဟောင်း) အမျိုးသားသင်္ဘောသားအသစ်နဲ့ အမျိုးသမီး သင်္ဘောသားတွေ ပြည်ပကို အလည်အပတ်သွားရင် သင်္ဘောသားနိုင်ငံကူးလက်မှတ် PS အစား အလည်အပတ်အမျိုးအစား PV ကို ပြောင်းပြီးမှ ထွက်ခွာရမယ်လို့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက မနေ့ညက ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၅ ရက်ကစပြီး PS အမျိုးအစား နဲ့ အလည်အပတ်ထွက်ခွာခွင့် မပြုတော့ဘူးလို့ သင်္ဘောသားဌာနခွဲက ထုတ်ပြန်တာပါ။
ဒီလိုတင်းကျပ်ရတာဟာ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှာ တရားဝင်လိုင်စင်မရှိတဲ့ ကုမ္ပဏီတွေ၊ ကြားခံလူပုဂ္ဂိုလ်တွေ၊ ပွဲစားတွေက သင်္ဘောသားတရားမဝင်စေလွှတ်တာကြောင့် တရားဝင်စာချုပ်စာတမ်းမရှိဘဲ သင်္ဘောသားတွေရဲ့ အကျိုးခံစားခွင့်ကို ထိရောင်အောင် မလုပ်ပေး နိုင်တာကြောင့်ဆိုတဲ့အချက်အပါအဝင် အချက် ၈ ချက်ကြောင့်လို့ ဖော်ပြပါတယ်။
“ထုတ်ပြန်ချက်က နည်းနည်းရှုပ်ထွေးတယ်။ လူသစ်လူဟောင်း သင်္ဘောသားအသစ်ဆိုလည်း ဘယ်လောက်အသစ်လဲပေါ့။ သင်္ဘောသားတွေက PV ပြောင်းရင် PS က ပျက်ပြယ်ပြီးတော့ သင်္ဘောလိုက်ရင် PV ပြန်ပြောင်းရမယ့်သဘောဆိုတော့ ထုတ်ပြန်ချက်က စေတနာမပါဘူး” လို့ နှစ် ၂၀ ဝန်းကျင်သင်္ဘောလိုက်ခဲ့တဲ့ သင်္ဘောသားဟောင်းတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
သင်္ဘောသားတွေဟာ အလည်အပတ်အတွက် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကို အွန်လိုင်း၊ လူကိုယ်တိုင် စနစ် ၂ မျိုးလုံးနဲ့ တင်ပြလျှောက်ထားနေရတာဖြစ်ပါတယ်။
အခုထုတ်ပြန်ချက်ကြောင့် အမျိုးသားသင်္ဘောသားအသစ်နဲ့ အမျိုးသမီးသင်္ဘောသားတွေဟာ PS နဲ့ အလည်အပတ်ထွက်စာထုတ်ယူလို့ ရတော့မှာမဟုတ်ဘူးလို့ နားလည်ရပါတယ်။
သင်္ဘောလိုက်ပြီးတဲ့လူဟောင်းဆိုတဲ့အပေါ်တော့ ဒီသတ်မှတ်ချက်က သက်ရောက်မှာမဟုတ်ဘူးလို့ နားလည်တယ်လို့ လက်ရှိသင်္ဘောလိုက်နေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
“PS လျှောက်ရင် သင်္ဘောသားအခြေခံသင်တန်း ၁၀ ရက်တက်ပြီး အောင်လက်မှတ်နဲ့လျှောက်ရတော့ ဒီသင်တန်းပဲတက်ပြီး သင်္ဘောတကယ်မလိုက်ဘဲ နိုင်ငံခြားလွယ်လွယ်ကူကူထွက်လို့ရအောင် လုပ်တဲ့သူတွေလည်း ရှိနေတယ်။ ဒီထုတ်ပြန်ချက်အရဆိုရင် PS ကိုင်ပြီး သင်္ဘောတခါမှမလိုက်ဖူးတဲ့သူတွေဆိုရင်တော့ နိုင်ငံခြားထွက်ဖို့ PV လဲရမှာပေါ့” လို့ သူက ပြောပါတယ်။
ထုတ်ပြန်ချက်ကို ရှင်းရှင်းလင်းလင်းသိရဖို့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနဲ့ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ်ကို ဘီဘီစီက ဆက်သွယ်ပေမဲ့ ပြန်လည်ဖြေဆိုတာမရှိပါဘူး။
သင်္ဘောသားတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တင်ပြနေတဲ့ Myanmar Seafarers Support Networkကတော့ ဌာနရဲ့ထုတ်ပြန်ချက်ပါ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် တရားမဝင်အေးဂျင့်တွေ၊ ပွဲစားတွေ၊ စည်းကမ်းဖောက်ဖျက်တဲ့ အလုပ်အကိုင်ခေါ်ယူတဲ့ လုပ်ငန်းတွေကို ထိရောက်စွာ စစ်ဆေးအရေးယူရမှာ ဖြစ်တယ်လို့ ထောက်ပြပါတယ်။
သင်္ဘောသားတွေရဲ့ နိုင်ငံကူးလက်မှတ်နဲ့ ခရီးသွားလာခွင့်ကန့်သတ်တာ မဖြစ်သင့်ဘူးလို့လည်း ပြောပါတယ်။
ပြည်ပက မြန်မာသံရုံတွေမှာ သင်္ဘောသားတွေရဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့ကိုလည်း နေပြည်တော်ကို တင်ပြပြီးမှ သက်တမ်းတိုးခွင့် ပြန်လည်ချထားပေးမှာဖြစ်တယ်လို့ သံရုံးတွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဦးမင်းအောင်လှိုင် ဒီနေ့ ဗီယက်နမ်သွားမယ်

ဓာတ်ပုံ ရင်းမြစ်, PPIB
ဓာတ်ပုံ ပုံစာ, သြဂုတ် ၆ ရက်၊ ထိုင်းခရီးစဥ်အတွက် နေပြည်တော်ကနေ ဦးမင်းအောင်လှိုင် စတင်ထွက်ခွာတဲ့မြင်ကွင်း(ပုံဟောင်း) နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ နောက်ထပ်အာဆီယံခရီးစဉ်တစ်ခုအဖြစ် ဗီယက်နမ်ကို ဒီနေ့ သွားမှာ ဖြစ်ပါတယ်။ ၃ ရက်တာကြာမယ့်ခရီးစဥ်မှာ ဗီယက်နမ်သမ္မတနဲ့ တွေ့ဆုံဆွေးနွေးတာ၊ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံတာအပြင် မြန်မာ-ဗီယက်နမ်စီးပွားရေးဖိုရမ်လည်း တက်ရောက် မယ်လို့ မြန်မာဘက်က စက်တင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဗီယက်နမ်ရဲ့ ဒီဂျစ်တယ်နည်းပညာနဲ့ စက်မှုလုပ်ငန်းတွေကို လေ့လာမယ်လို့လည်း ပြောထားတာပါ။
ဒီခရီးစဉ်အကြောင်းကို ဗီယက်နမ်နိုင်ငံပိုင်သတင်းတွေကလည်း ဖော်ပြနေကြပါတယ်။ မြန်မာဟာ သူ့နိုင်ငံတွင်းမှာ ဗီယက်နမ်စီးပွားရေးစီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လုပ်ငန်း လည်ပတ်မှုတွေကို လွယ်ကူအောင်လုပ်ဆောင်ပေးတယ်လို့ ဗီယက်နမ်သတင်းက အစချီ ဖော်ပြပြီး မြန်မာကရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးပြောပါတယ်။
ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးဟာနှစ်စဥ် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရှိတယ်လို့ သတင်းကဆိုပါတယ်။ ဒီနှစ် ပထမ ၆ လမှာ ၃၃၆ ဒသမ ၂၈ သန်းရှိနေပြီး နှစ်စဥ် ၂၆ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်လာတယ်လို့ ဖော်ပြပါတယ်။ လက်ရှိနှုန်းအတိုင်းသွားရင် ကုန်သွယ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၆၇၀-၇၅၀အထိ ဖြစ်လာဖို့ ဗီယက်နမ်ဘက်က မျှော်လင့်တာပါ။
မြန်မာမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံတန်ဖိုးရှိ ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၀၇ ခုရှိပါတယ်။ အဓိကလုပ်ငန်းကတော့ နှစ်နိုင်ငံစစ်တပ်ချင်းပူးပေါင်းလုပ်ကိုင်တဲ့ Mytel ဖြစ်ပြီး အိမ်ခြံမြေနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ဆောင်မှုတွေအတွက် HAGL Myanmar Center/THACO၊ ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (BIDV) တို့အပြင် တခြား ဘဏ်လုပ်ငန်း၊ ကုန်ထုတ်လုပ်ရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေလည်း ပါဝင်ပါတယ်။
သြဂုတ် ၂၅နဲ့ ၂၆ တုန်းက ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဥ်မှာတော့ အစိုးရ၊ ပါတီ၊ နိုင်ငံ၊ လွှတ်တော်ချင်းအပြင် ပြည်သူကနေပြည်သူသံတမန်ဆက်ဆံရေးတိုးမြှင့်ဖို့ဆွေးနွေး ခဲ့တယ်လို့ ဗီယက်နမ်သတင်းကဖော်ပြပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်ရေးကို အမေရိကန်ဒေါ်လာ ၁ ဘီလျံထိတိုးမြှင့်ဖို့လည်း ဦးတည်ချက်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။
နှစ်နိုင်ငံ ကာကွယ်ရေးနဲ့လုံခြုံရေးတိုးမြှင့်တဲ့အနေနဲ့ လေ့ကျင့်ရေး၊ လူငယ်အရာရှိတွေ ဖလှယ်ရေး၊ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊ ဗုံးနဲ့ မိုင်းရှင်းလင်းရေး၊ စစ်ဘက်ဆေးပညာ တို့ကို လုပ်ဆောင်ဖို့လည်း သဘောတူထားပါတယ်။
မင်္ဂလာပါ။ စက်တင်ဘာ ၄ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။
