ဘီယာဘား မီးလောင်မှုနေရာမှာ ဝန်ကြီးအနုတင်နဲ့အတူ တွေ့ရတဲ့အစိုးရအရာရှိအယောင်ဆောင်သူ စွဲချက်လေးခုနဲ့ အရေးယူခံရ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့ လူသေဆုံးမှုရှိတဲ့ ဘီယာဘားမီးလောင်တဲ့နေရာမှာ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကွန်ရဲ့လုံခြုံရေးအတွင်းစည်းအထိ ဝင်ရောက်ခဲ့တဲ့စစ်ယူနီဖောင်းဝတ် အမျိုးသားတစ်ဦးကို အစိုးရအရာရှိအယောင်ဆောင်မှုအပါအဝင် စွဲချက်လေးခုနဲ့ တရားစွဲထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ချီတဖုန်း “မွတ်နတ်” ခတ္တဖုန်းဟာ ဘန်ကောက်မြို့ ချက်တူချက်ခရိုင်ရှိ ဘီယာဘားမီးလောင်မှု ဖြစ်ပွားရာ နေရာအပြင်ဘက်က ကန့်သတ်ထားတဲ့ လုံခြုံရေးနယ်မြေအတွင်း စစ်ယူနီဖောင်းပုံစံ ဝတ်ဆင်ပြီး သွားလာနေတဲ့ဓာတ်ပုံနဲ့ ဗီဒီယိုတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် သူက ရဲတပ်ဖွဲ့ထံ သွားရောက် အစစ်ဆေးခံခဲ့ပါတယ်။
သူဟာ အစိုးရအရာရှိ တစ်ဦးအဖြစ် ဟန်ဆောင်ပြီး မီဒီယာတွေကို အင်တာဗျူးဖြေကြားခဲ့သလို သူပြောကြားခဲ့တဲ့အချက်အလက်အချို့ဟာ မမှန်ကန်ဘူးလို့ ရဲတပ်ဖွဲ့က စွပ်စွဲထားပါတယ်။
သူ့ရဲ့ ပြောကြားချက်အရတော့ မီးလောင်မှုဖြစ်ပွားရာနေရာကို မသွားခင် Airsoft (BB gun) လို့ခေါ်တဲ့ စစ်ရေးအပန်းဖြေဂိမ်း ကစားနေခဲ့တာကြောင့် စစ်ယူနီဖောင်းပုံစံ အဝတ်အစား ဝတ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှည်အင်္ကျီနဲ့ ဘောင်းဘီက အပူဒဏ်နဲ့ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကနေ ပိုကာကွယ်ပေးနိုင်တာကြောင့် အဝတ်မလဲဘဲ မီးလောင်မှု ဖြစ်ပွားရာနေရာကို သွားခဲ့တာလို့လည်း သူက ရှင်းလင်းပြောဆိုထားပါတယ်။
ဒါပေမဲ့ သူ့ကို အခုတော့ ရဲတပ်ဖွဲ့က ပြည်သူ့ဝန်ထမ်း အရာရှိဟန်ဆောင်မှု၊ လိုင်စင်မရှိဘဲစကားပြောစက်သုံးမှု၊ သတင်းမှားဖြန့်မှု၊ လူထုထိတ်လန့်စေမှုတို့နဲ့ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။
ရဲကတော့ သူဝတ်ခဲ့တဲ့ဝတ်စုံဟာ ကျည်ကာဝတ်စုံအစစ်ဖြစ်တယ်ဆိုတာ ဆေးမှုခင်းစစ်ဆေးသူတွေက တွေ့ရှိခဲ့တယ်ဆိုရင်တော့ စစ်သုံးပစ္စည်း တရားမဝင်ပိုင်ဆိုင်မှုနဲ့ပါ တရားစွဲဖို့ရှိတယ်လို့လည်း ပြောပါတယ်။
အခုတော့ သူဟာ ဖနုံယော့ထင် ရဲစခန်းမှာ လာရောက်အဖမ်းခံတယ်လို့လည်း ရဲက ပြောပါတယ်။




