ဇူလိုင်လ ၂၇ ရက် နောက်ဆုံးရ သတင်းတွေကို တင်ဆက်လို့ ပြီးပါပြီ။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဘန်ကောက်မှာ မြန်မာအမျိုးသား ၁ ဦး အထပ်မြင့်ကွန်ဒိုကနေ ပြုတ်ကျ သေဆုံး တဲ့ သတင်းအပါအဝင် ဇူလိုင် ၂၇ နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဇူလိုင်လ ၂၇ ရက် နောက်ဆုံးရ သတင်းတွေကို တင်ဆက်လို့ ပြီးပါပြီ။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Screengrab
မော်လမြိုင်-ရန်ကုန်ပြေးဆွဲတဲ့ DEMU အမြန်ရထားခရီးစဉ်ကို စီးနင်းခဲ့တဲ့ မော်လမြိုင်က ခရီးသွားအယောက် ၅၀ ကျော်ဟာ မီးရထားပို့ဆောင်ရေး ပုဒ်မ ၈၈(က)နဲ့ ငွေဒဏ် ၁ သိန်းစီ ချမှတ်ခံလိုက်ရတယ်လို့ အမှုအကြောင်း သိရှိသူက ပြောပါတယ်။
ဒီလူ ၅၀ ကျော် ဒဏ်ငွေ ၁ သိန်း ချမှတ်ခံရတဲ့ပုဒ်မဟာ သတ်မှတ်ထားတဲ့နေရာမှာ ရထားကို လိုက်ပါစီးနင်းမှု မရှိတာ၊ တခြားခရီးသည်တွေ စိတ်အနှောက်အယှက်ဖြစ်စေတာ၊ ရထား၀န်ထမ်းကို ဝတ္တရားနှောက်ယှက်တာ စတဲ့ပြဋ္ဌာန်းချက်တစ်ခုခုကို ပြစ်မှုထင်ရှားရင် ချမှတ်ခံရတဲ့ပုဒ်မ ဖြစ်ပါတယ်။
အမျိုးသမီး ၅၃ ဦးနဲ့ အမျိုးသား ၁ ဦး စုစုပေါင်း ၅၃ ဦး ငွေဒဏ် တစ်သိန်းချမှတ်ခံရတာဖြစ်ပြီး ဒီပမာဏဟာ ရထားပို့ဆောင်ရေး ဥပဒေပါ ပုဒ်မ ၈၈ (က)အရ အမြင့်ဆုံး ငွေဒဏ်လည်း ဖြစ်ပါတယ်။
မော်လမြိုင်ကမ်းနားလမ်း အားကစားအဖွဲ့မှာ ပါဝင်သူတွေလို့ဆိုတဲ့ ဒီအမျိုးသမီး အမျိုးသားတွေဟာ ဇူလိုင် ၂၃ ရက်မှာ ရထားခရီးစဉ် စီးနင်းခဲ့ကြတာဖြစ်ပါတယ်။
သူတို့ ရထားစီးနင်းတဲ့အခြေအနေ ရုပ်သံဟာ လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ပြီးတဲ့နောက် ရထားပေါ် သူတို့ရဲ့ပြုမူပုံဟာ လူမှုကွန်ရက်မှာ မှတ်ချက်ပေး ဝေဖန် ပြောဆိုမှုရှိခဲ့ပါတယ်။
နေပြည်တော်ကတော့ ရထားပေါ်မှာ ဆူညံအော်ဟစ် သီချင်းဆိုတာ၊ Tiktok ဆော့ကစားတာ၊ ရထားထိုင်ခုံ လက်တန်းပေါ်တွင် ထိုင်တာ၊ ရထားကြမ်းခင်း လျှောက်လမ်းကို ပိတ်ဆို့ပြီး ထမင်းဝိုင်းဖွဲ့ စားသောက်တာတွေ ပြုလုပ်ခဲ့ကြတဲ့ ဒီလူတွေကို အရေးယူဖို့ လုပ်နေတယ်လို့ သတင်းထုတ်ပြန်အပြီးမှာ အခုလိုငွေဒဏ်ချတဲ့သတင်း ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
သူတို့ ၅၄ ဦးကို မော်လမြိုင် ဘူတာရုံပိုင်ကြီးက တရားလို လုပ်ပြီး မော်လမြိုင်မြို့မရဲစခန်းမှာ ရထားပို့ဆောင်ရေး ဥပဒေ ပုဒ်မ ၈၈(က)နဲ့ အမှုဖွင့်အရေးယူခဲ့ပြီးတဲ့နောက် တရားရုံးက အခုလိုအမိန့်ချမှတ်ခဲ့တာလို့ အမှုအခြေအနေ သိရှိသူက ပြောပါတယ်။
ဒီဖြစ်စဉ်မတိုင်မီ ဇူလိုင် ၂၁ ရက်က ရန်ကုန်-မန္တလေး DEMU အမြန်ရထားပေါ်မှာ ကွမ်းတံတွေး ထွေးခဲ့တယ်ဆိုတဲ့အမျိုးသမီး ၄ ဦးကိုလည်း ရထားပို့ဆောင်ရေးလုပ်ငန်း ပုဒ်မ ၈၈ ကနဲ့ တရားစွဲဆိုခဲ့ပြီး ပျဉ်းမနားတရားရုံးက ထောင်ဒဏ် ၂ လစီ ချမှတ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, wunnaaung.nld
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ကိုဝဏ္ဏအောင် (ခေါ်) ကိုဏကြီး ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားနယ်ထဲမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒီအခြေအနေကိုသိရှိထားတဲ့ စစ်ရေးသတင်းရင်းမြစ် သုံးဦးက ဘီဘီစီကို ပြောပါတယ်။
ကျိုင်းတုံနယ်ထဲအခြေစိုက်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကတော့ ကိုဏကြီးကို အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA)တပ်ဖွဲ့ဝင်တချို့က ဇူလိုင် ၂၃ ရက်မှာ ဖမ်းဆီးသွားခဲ့တာလို့ပြောပါတယ်။
မိုင်းလားမြို့နဲ့ မိုင် ၆၀ နီးပါးအကွာ ကျိုင်းတုံမြို့အနီးက စစ်တပ်လုံခြုံရေးဂိတ်တစ်ခုမှာ ကိုဏကြီးရဲ့ ဇနီးနဲ့ ၅ နှစ်အရွယ် သမီးငယ်တို့ အရင်ဖမ်းဆီးခံခဲ့ရပြီးနောက် ကိုဏကြီးလည်း အဲဒီတစ်နေ့တည်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ မန္တလေးတိုင်း (ပကဖ) သတင်းရင်းမြစ်က ဆိုပါတယ်။
"ကိုဏကြီးနဲ့ သူ့မိသားစုတို့ကို အခုအချိန်အထိ အဆက်အသွယ် မရသေးဘူး" လို့ အဲဒီသတင်းရင်းမြစ်က ဇူလိုင် ၂၆ ရက်မှာ ဘီဘီစီကို ပြောပါတယ်။
မန္တလေးတိုင်း (ပကဖ) တာဝန်ခံ ကိုဏကြီး ဖမ်းဆီးခံရမှု ဘယ်လိုဖြစ်ခဲ့လဲ၊ တိုင်းပကဖ တာဝန်ခံတစ်ဦး ဖမ်းဆီးခံရမှုအပေါ် NUG ရဲ့ လက်အောက်ခံတပ်တွေက ဘာတွေစိုးရိမ်နေလဲ။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၆ ကမ္ဘာ့ဖလားမှာ ရှုံးပွဲမရှိ ချန်ပီယံဖြစ်ခဲ့တဲ့ စပိန်အသင်းကို တစ်ပွဲတည်းသော သရေ ရလဒ်ထွက်စေခဲ့တဲ့ ကိတ်ဗာဒီအသင်းရဲ့ဂိုးသမား ဗိုဇင်ညာကို တောင်အမေရိကက ချီလီကလပ် တစ်ခုက ခေါ်ယူ လိုက်ပါတယ်။
ပေါ်တူဂီကလပ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်သွားပြီး အသင်းလက်မဲ့ ဖြစ်နေတဲ့ ဗိုဇင်ညာဟာ ကမ္ဘာ့ဖလားမှာ ယှဉ်ပြိုင်ပြီးတဲ့နောက် ချီလီကလပ်ဖြစ်တဲ့ ကိုလိုကိုလိုက ခေါ်ယူလိုက်တာဖြစ်ပါတယ်။
အသက် ၄၀ ရှိပြီဖြစ်တဲ့ ဗိုဇင်ညာဟာ အခုကလပ်မှာ တစ်လကို ဒေါ်လာ ၂ သောင်းခွဲ ရမှာပါ။ ဒါဟာ သူ့ကစားခဲ့တဲ့ ပေါ်တူဂီကလပ်အသင်းထက် လစာ ၃ ဆ များသွားမယ့်သဘောပါ။
ကိုလိုကိုလို အသင်းဥက္ကဋ္ဌ အာနီဘယ် မိုစာ ကတော့ “လာမယ့်ရက်အတွင်းမှာ ချီလီနိုင်ငံကို သွားပြီး ဆေးစစ်မှုတွေ ခံယူမှာပါ” လို့ ပြောပါတယ်။
အသက် ၄၀ နဲ့အထက် အရွယ်ရှိတဲ့ဂိုးသမားတွေကို ကလပ်အသင်းတွေက ခေါ်ယူတာ၊ သက်တမ်းတိုးတာဟာ ဖြစ်တောင့်ဖြစ်ခဲပါ။
ဂျူဗင်တက်စ် ဂိုးသမား ဘူဖွန် ဟာဆိုလည်း အသက် ၄၅ နှစ်အရွယ်မှာ သူကစားသမားဘဝစခဲ့တဲ့ အီတလီအသင်း ပါးမားကို အလွတ်ပြောင်းရွှေ့ပြီး အနားယူခဲ့တာပါ။
ကမ္ဘာ့ဖလားပြသခဲ့တဲ့ ဗိုဇင်ညာရဲ့စွမ်းဆောင်ရည်တွေဟာ အခုခေါ်ယူမှုအတွက် တကယ်လို့ ထိုက်တန် ပါတယ်လို့သူက ပြောပါတယ်။ နောက်ပြီး ဒီခေါ်ယူမှုဟာ အသင်းအတွက် ဈေးကွက်မြှင့်တင်ရာလည်း ရောက်တယ်လို့လည်း သူကဝန်ခံပါတယ်။
ကိုလို ကိုလို အသင်းဟာ ချီလီနိုင်ငံရဲ့ မြို့တော် ဆန်တီယာဂိုမြို့မှာ အခြေချပါတယ်။ နောက်ပြီး နိုင်ငံတွင်းပြိုင်ပွဲ ဖြစ်တဲ့ လီဂါဒီပရီမီယာပြိုင်ပွဲရဲ့ အမှတ်ပေးဇယားထိပ်မှာရပ်တည်နေတဲ့ အသင်းလည်းဖြစ်ပါတယ်။
ကိုလိုကိုလိုအသင်းဘက်ကတော့ ဗိုဇင်ညာကို ခေါ်ယူမှုကို အပြီးသတ်ဖို့ဆောင်ရွက်နေဆဲပါ။ အသင်းဘက်ကတော့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဗိုဇင်ညာ မှန်းသိသာစေတဲ့ ဆင်ပံကောက်ကောက်သာပေါ်တဲ့ ဗိုဇင်ညာရဲ့ဓာတ်ပုံကို တင်ခဲ့ပါတယ်။
ဗိုဇင်ညာရဲ့နိုင်ငံ ကိတ် ဗာဒီဟာ လူဦးရေ ၅ သိန်းကျော်သာ ရှိပြီး ၂၀၂၆ ကမ္ဘာ့ဖလားကို ပထမဆုံး ဝင်ခွင့်ရခဲ့တာပါ။
ကိတ် ဗာဒီဟာ စပိန်အသင်းကို သရေရလဒ်ကစားနိုင်ခဲ့ရုံသာမက ရှုံးထွက်အဆင့်ပွဲစဉ် မှာ အရင်ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနား ကို မိနစ် ၉၀ အထိ သရေကျအောင်ကစားနိုင်ခဲ့တာပါ။
ဗိုဇင်ညာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတလျှောက် ကိတ်ဗာဒီအသင်းအတွက် အရေးပါတဲ့ ဂိုးကာကွယ်မှုတွေကို ပြုလုပ်ခဲ့ပြီး ကမ္ဘာ့ဖလားပရိသတ်တွေအကြား နာမည်ကြီးခဲ့ပါတယ်။
အရင်က Follower ၅ သောင်းလောက်သာ ရှိတဲ့ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ အခုဆိုရင် Follower သန်း ၃၀ နီးပါးအထိ ရှိနေပြီဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရှမ်းပြည်နယ်အရှေ့ပိုင်းက တာချီလိတ်မြို့မှာ ထိုင်းထီလာရောင်းတဲ့ ထိုင်းနိုင်ငံသား ၄ ဦးကို ဒေသန္တရအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီကနေ သိရပါတယ်။
ထိုင်းနိုင်ငံသား ၄ ဦးကို ဇူလိုင် ၂၅ ရက်နေ့က တာချီလိတ်အာဏာပိုင်တွေက ဖမ်းဆီးလိုက်တာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူထံမှ သိရပါတယ်။
သူတို့ ၄ ဦးကို မြန်မာနိုင်ငံလောင်းကစားဥပဒေပုဒ်မတွေနဲ့ အမှုစွဲထားတယ်လို့ သူက ပြောပါတယ်။
တာချီလိတ်မြို့ တစ်ဖက်ခြမ်း မယ်ဆိုင်မြို့မှာ မြန်မာယာဉ်မောင်းတွေမောင်းတဲ့သုံးဘီဆိုင်ကယ်အချို့ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးမှုဖြစ်ခဲ့ပြီးတဲ့နောက် မြန်မာဘက်က အခုလို ဖမ်းဆီးမှု ထွက်ပေါ်လာတာလို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။
တာချီလိတ်မှာ ထိုင်းဘက်ခြမ်းကနေ အခုလိုထိုင်းထီရောင်းကြတာဟာ အရင်ကတည်းက ရောင်းကြလေ့ရှိပေမဲ့ အခုလို ဖမ်းဆီးတာဟာ မကြုံဖူးတဲ့အခြေအနေလို့ တာချီလိတ်ဒေသခံတစ်ဦးက ပြောပါတယ်။
“အကုန်လုံး ဒီလိုပဲ ရောင်းနေကြတာပဲ။ ဘာဖြစ်လို့ ဖမ်းသွားလဲ မသိဘူး။ အရင်နှစ်တွေက မဖမ်းဘဲနဲ့ အခုမှ ဖမ်းတာဆိုတာ နားမလည်နိုင်ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီဖြစ်စဉ်မတိုင်ခင် ဇူလိုင် ၂၀ ရက်ကဆိုရင်လည်း ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှာ မြန်မာနိုင်ငံသား ယာဉ်မောင်းတွေနဲ့ သုံးဘီး မောင်းနှင်သူ ၁၀၀ ဝန်းကျင်ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခဲ့ပါတယ်။
ဇူလိုင် ၂၅ ရက်နေ့ကဆိုလည်း မယ်ဆိုင်က ထိုင်းနိုင်ငံသားတွေရဲ့အိမ်ရှေ့မှာ ရပ်ထားတဲ့ မြန်မာနိုင်ငံသားတွေရဲ့ မော်တော်ယာဉ်တွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီး ဒဏ်ကြေး ဘတ်ငွေ ၅,၀၀၀ ရိုက်တာတွေ ရှိတယ်လို့လည်း အခြေအနေ သိရှိတဲ့ တာချီလိတ်ဒေသခံက ပြောပါတယ်။
မယ်ဆိုင် အုပ်ချုပ်ရေးမှူးကတော့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကနေ တာချီလိတ်မြို့ထဲကို သွားရောက်ကြတဲ့ ထိုင်းနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံက ဥပဒေတွေ လိုက်နာဖို့ နဲ့ လိုအပ်တဲ့ စာရွက်စာတမ်းအပြည့်အစုံ ယူသွားဖို့ ဒီနေ့မှာပဲ အမိန့်ထုတ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြင်သစ်နဲ့ စပိန်နိုင်ငံတို့မှာ ဖြစ်နေတဲ့ တောမီးကြီးတွေကို မီးသတ်သမားတွေ ကြိုးစားပမ်းစား ငြှိမ််းသတ်နေရဆဲဖြစ်ပြီး လူ ၃ သိန်းကျော် ဘေးလွတ်ရာရွှေ့ပြောင်းနေရတယ်လို့ နှစ်နိုင်ငံအာဏာပိုင်တွေက ပြောပါတယ်။
ပြင်သစ်မှာဆိုရင် တောမီးဟာ ဘောဒိုးမြို့ကြီးအထိ ခြိမ်းခြောက်လာနိုင်ခြေရှိလို့ ပြင်သစ်သမ္မတ မက်ကရွန်းဟာ အရေးပေါ် အစည်းအဝေး ခေါ်ယူဖို့ ရှိနေပါတယ်။
ဘော်ဒိုးမြို့မှာ လူ ၈ သိန်းခွဲကျော်အထိ နေထိုင်တာဖြစ်ပြီး လက်ရှိမှာ တောမီးဟာ မြို့နဲ့ ၉ မိုင်အကွာကို ရောက်နေပါတယ်။
စပိန်မှာတော့ နိုင်ငံအရှေ့ပိုင်းက ကမ်းခြေမြို့ဗယ်လန်စီယာမှာ တောမီးကြီးနေတာဖြစ်ပြီး လူပေါင်း တစ်သောင်းခွဲကျော် မီးဘေးကနေ ထွက်ပြေးနေရပါတယ်။
ဒီအတောအတွင်း ပြင်သစ်နဲ့ စပိန်တို့မှာ အခုသီတင်းပတ်အတွင်း အပူချိန်မြင့်တက်လာနေတာကြောင့် တောမီးဘေးအခြေအနေ ပိုပြီးဆိုးရွားနိုင်တဲ့အကြောင်း အာဏာပိုင်တွေက သတိပေးပါတယ်။
စပိန် ဝန်ကြီးချုပ် ပေဒရို ဆန်းချက်ဇ်ကတော့ ‘‘လာမယ့်နာရီပိုင်းတွေဟာ ပိုပြီးခက်ခဲလာနိုင်တယ်’’ လို့ မီးဘေးကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မေတ္တာစေတနာလူမှုကူညီရေးအသင်း
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းမပေါ်မှာ သစ်ပင်ကြီးလဲပြီး Light Truck ယာဥ်ပေါ် ပိကျလို့ ယာဥ်မောင်း သေဆုံးပြီး ဘေးမှာပါရှိသူ တစ်ဦးကိုတော့ ကယ်ထုတ်နိုင်ခဲ့တယ်လို့ မေတ္တာစေတနာလူမှုကူညီရေးအသင်းဆီကနေ သိရှိရပါတယ်။
ဒီကနေ့ ဇူလိုင် ၂၇ ရက်က ဗဟန်းမြို့နယ်၊ ဆရာစံလမ်းမပေါ် ကုက္ကိုပင် လဲကျကာ ကားပေါ် ပိမိပြီး အမျိုးသား ၂ ဦး ညပ်နေခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းတချို့က ကူညီပေးခဲ့တာလို့ ဆိုပါတယ်။
''ကားက ပုလဲကွန်ဒိုဘက်ကနေ ဆရာစံလမ်းပေါ်ကို အသွား လမ်းပေါ် မောင်းနေတုန်း သစ်ပင်ကလည်း လဲကျတဲ့အချိန်နဲ့ သွားတိုးတာမျိုးပါ။ လမ်းလယ်မှာပဲ ကားပေါ် သစ်ပင်ပိပြီး ယာဥ်မောင်း သေဆုံးတယ်လို့ ယူဆပါတယ်။ နောက်တစ်ဦးကတော့ ကုသရေးအတွက် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးထားပါတယ်'' လို့ မေတ္တာစေတနာလူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တဖက်မှာလည်း မိုးရာသီမှာ ရန်ကုန်မြို့တွင်းက သက်တမ်းရင့် သစ်ပင်ကြီးတွေနဲ့ ကိုင်းရှင်းလင်းရေးကို ရန်ကုန်စည်ပင်က စနစ်တကျလုပ်ဆောင်မှုအားနည်းတယ်လို့ တွေ့ရပါတယ်။
''လမ်းပေါ် အပင်တွေက နှစ်တိုင်း ဒီပြဿနာ ဖြစ်တယ်။ သစ်ပင်ကိုင်းတွေ ရေဝိတ်များပြီး အပင်တွေ လဲကျတယ်၊ လမ်းသွားလမ်းလာတွေ မသေသင့်ဘဲ သေကြရတယ်။စည်ပင်က စနစ်တကျ လိုက်စစ်ပြီး ရှင်းလင်းဖို့ လိုတယ်''လို့ ရန်ကုန်မြို့ခံယာဥ်မောင်း တစ်ဦးက သူ့အမြင်ကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, DELPS
ရခိုင်ပြည်နယ်ထဲ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံရပြီးတဲ့နောက် လက်ထိပ်တန်းလန်းနဲ့ သေဆုံးမှုမှာ ကျူးလွန်သူလို့ဆိုတဲ့ အမျိုးသား ၃ ဦးကို ဖမ်းမိပြီလို့ AA ရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။
တရားခံလို့ဆိုသူ အမျိုးသား ၃ ဦးထဲက အသက် ၃၇ နှစ်အရွယ် မောင်တင်ဝင်းဆိုသူဟာ ဇူလိုင် ၁၈ ရက်က အဲဒီအမျိုးသမီးကို လူမှုရေးကိစ္စအကြောင်းပြခေါ်ယူခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ရွာနားက သရက်တောခြံဝင်းထဲမှာ မုဒိမ်းပြုကျင့်ခဲ့တာလို့ တရားခံ ၃ ယောက်လုံးက ထွက်ဆိုတဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နောက်ထပ် တရားခံ နှစ်ဦးကလည်း အတူလိုက်ပါလာပြီး အမျိုးသမီးရဲ့မျက်လုံးကို အဝတ်စစည်းထားပြီး တန်းစွယ်ရွာနားက ကားလမ်းဘေးမှာ စောင့်နေခဲ့တာလို့ ထွက်ဆိုခဲ့ကြပါတယ်။
အသတ်ခံခဲ့ရသူ အမျိုးသမီးနဲ့ မောင်တင်ဝင်းတို့ဟာ ၂၀၁၄ ခုနှစ်ကတည်းက သိကျွမ်းခဲ့ကြသူတွေဖြစ်တာကြောင့် လူမှုရေးကိစ္စ အကြောင်းပြပြီး ခေါ်ယူခဲ့တာလို့လည်း ဖမ်းဆီးထားသူတွေရဲ့အပြောကို AA ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မောင်တင်ဝင်းက အဲဒီအမျိုးသမီးကို လက်ထိပ်ခတ်၊ မျက်နှာစည်းပြီးတဲ့ချိန် ကာမဆန္ဒဖြည့်ဆည်းပေးဖို့ တောင်းဆိုခဲ့ပြီး အမျိုးသမီးဘက်က ငြင်းဆန်တာကြောင့် ကျောက်ခဲနဲ့ ထုရိုက်ခဲ့ပြီး မုဒိမ်းကျင့်ခဲ့တာလို့ ၀န်ခံခဲ့တဲ့အကြောင်း AA ရဲတပ်ဖွဲ့က ပြောပါတယ်။
အာရက္ခရဲတပ်ဖွဲ့က တရားခံသုံးဦးလုံးကို ဇူလိုင် ၂၄ ရက်မှာ ဖမ်းဆီးခဲ့ပြီး သက်သေခံပစ္စည်းတွေကို လည်း သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဖမ်းဆီးထားတဲ့အမျိုးသား ၃ ဦးကိုတော့ ရဲတပ်ဖွဲ့က ဥပဒေနဲ့အညီ တရားစွဲဆိုတာတွေဆက်ပြီး လုပ်ဆောင်သွားမယ်လို့ AA ရဲတပ်ဖွဲ့က ကြေညာထားပါတယ်။
အာရက္ခတပ်တော် ရဲ့ ဥပဒေတွေအရ လူသတ်မှုပုဒ်မ ၃၀၂ (၁) ကို ကျူးလွန်ရင် သေဒဏ် နဲ့ ငွေဒဏ် ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး မုဒိမ်းမှုပုဒ်မ ၃၇၆ ကို ကျူးလွန်ရင် ထောင်ဒဏ် ၂ နှစ် ဒါမှမဟုတ် ငွေဒဏ်အပြင် နှစ်မျိုးလုံးပါ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Royal Thai Police
မြန်မာနိုင်ငံထဲ တိမ်းရှောင်နေတဲ့ ထိုင်းဘက်က အလိုရှိသူ မူးယစ်ဂိုဏ်းနဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီး နှိမ်နင်းပေးဖို့ နေပြည်တော်ကိုရောက်ချိန်မှာ တောင်းဆိုခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။
ထိုင်းစစ်အစိုးရလက်ထက် တရားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပိုင်ဘွန် ခွန်ချာရာ ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့က ဇူလိုင် ၂၅ ရက်မှာ နေပြည်တော်ကို သွားခဲ့ချိန် အခုလိုတောင်းဆိုခဲ့တာလို့ ထိုင်းဘက်က ပြောပါတယ်။
ဒီခရီးစဉ်အကြောင်းကိုတော့ ထိုင်းဘက်က ဇူလိုင် ၂၆ ရက်မှာ သတင်းထုတ်ပြန်တာဖြစ်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ခေါင်းဆောင်တွေပါတဲ့ကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ချုပ်ကြီးဟောင်း ပိုင်ဘွန်ခွန်ချာရာက ဦးဆောင်ပြီး နေပြည်တော် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဒုဝန်ကြီး ဗိုလ်ချုပ် မင်းသူ၊ ရဲဗိုလ်ချုပ် မျိုးမင်းထိုက် နဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတွေ့ဆုံမှုမှာ မြန်မာနိုင်ငံမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ မူးယစ်မှောင်ခိုရောင်းဝယ်ရေးလုပ်နေသူတွေကို ခြေရာခံနိုင်ဖို့ အကူအညီပေးရေးကိစ္စအပါအဝင် အချက် ၃ ချက်ကို ဆွေးနွေးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီလူတွေဟာ ထိုင်းအာဏာပိုင်တွေက အလိုရှိနေတဲ့ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းတွေရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ပြီး ထိုင်းနိုင်ငံက တင်သွင်းတဲ့ ဓာတုဇီဝပစ္စည်းတွေကို မြန်မာနိုင်ငံက စက်ရုံတွေမှာ ဥပဒေနဲ့အညီ အသုံးပြု မပြုကိုလည်း စိစစ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
နောက်တစ်ချက်အနေတဲ့ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်ဖို့ လိုအပ်တဲ့ ဓာတုပစ္စည်းတွေကို ထိုင်း-မြန်မာနယ်စပ်ကနေ မှောင်ခိုသယ်ယူနေမှုတွေကို နှိမ်နင်းရေး တားဆီးပေးဖို့ကိုလည်း မြန်မာဘက်ကို တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာဘက်ကတော့ ထိုင်းနိုင်ငံကတောင်းဆိုမှုတွေ လက်ခံကြောင်းနဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးမှာ ထိုင်းဘက်က မြန်မာကို သင်တန်းပို့ချပေးဖို့ တောင်းဆိုခဲ့တယ်လို့ ထိုင်းဘက်က ထုတ်ပြန်ပါတယ်။
နောက်ပြီး နိုင်ငံတကာအဆင့်အတန်းမီတဲဲ့ မူးယစ်ဆေးဝါး စစ်ဆေးရေး ကိရိယာတွေကို လည်း ထောက်ပံ့ပေးဖို့ မြန်မာဘက်က တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
နေပြည်တော်ဘက်ကတော့ ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ တစုံတရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။
နေပြည်တော်ကို သွားခဲ့တဲ့ ထိုင်းကိုယ်စားလှယ်အဖွဲ့ဟာ ပြည်ထောင်စုအတိုင်ပင်ခံ ကောင်စီဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားတဲ့ ဒုတိယစစ်ခေါင်းဆောင်ဟောင်း ဦးစိုးဝင်းနဲ့လည်း တွေ့ခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်၊ ဆီယက်တယ်မြို့က ဆီယက်တယ် စင်တာမှာ အစားအသောက်ပွဲတော် ကျင်းပနေတဲ့ပွဲခင်းထဲ သေနတ်ပစ်ခတ်မှုဖြစ်လို့ လူ ၂ ဦး သေဆုံးပြီး ကလေးတွေအပါအဝင် နောက်ထပ် ၅ ဦး ဒဏ်ရာရတယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
မျက်မြင်တွေကတော့ ဒေသစံတော်ချိန် ညနေ ၆ နာရီခန့်မှာ သေနတ်သံ အချက်ရေ များများကို ကြားခဲ့ရတယ်လို့ မြို့ခံသတင်းဌာနတွေကို ပြောပါတယ်။
ရဲကတော့ အခုဖြစ်ရပ်ကို စုံစမ်းနေပြီဖြစ်ပြီး နောက်ဆုံးရအချက်အလက်ကို ဆက်ပြီး ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။
ပစ်ခတ်မှုဖြစ်တဲ့အချိန်ဟာ စင်တာထဲမှာ နှစ်စဉ်ကျင်းပပြီး လူထောင်ချီတက်ရောက်တဲ့ အစားအသောက်ပွဲတော် ကျင်းပနေချိန်လည်း ဖြစ်ပါတယ်။
ဆီယက်တယ် မီးသတ်ဌာနကတော့ ပစ်ခတ်မှုဖြစ်တဲ့ နေရာတင် ဒဏ်ရာရလို့ ကုသပေးရသူ ၅ ဦးရှိပြီး အဲဒီထဲ အသက် ၅၆ နှစ်အရွယ် အမျိုးသမီး ၁ ဦးဟာ ဒဏ်ရာပြင်းထန်လို့ ဆေးရုံပို့ထားလိုက်ပြီလို့ ပြောပါတယ်။
သေနတ်သမားအခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ ရဲအရေအတွက်အများအပြားကို လုံခြုံရေးဖြန့်ထားလိုက်ပြီလို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI
စပိန်နဲ့ ဂျပန်ထုတ် လေအေးပေးစက်ပါ ဒီဇယ်-လျှပ်စစ် ရထား(DEMU)တွေကို နိုင်ငံတဝန်း ဒေသအချို့မှာ ပြေးဆွဲလာတဲ့နောက် ရထားစီး ခရီးသည်တချို့ရဲ့ရထားပေါ် အပြုအမူနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေလည်း ညံလာပါတယ်။
ဇူလိုင်လထဲမှာပဲ ဖြစ်စဥ် ၂ ခုထက်မနည်းရှိခဲ့ပါတယ်။ ပထမတခုက ရန်ကုန်-မန္တလေး ပြေးဆွဲတဲ့ DEMU ရထားပေါ်မှာ ကွမ်းယာပြီး အဲဒီကွမ်းယာတဲ့ထုံးတွေက ရထားထိုင်ခုံအစွပ်တွေကို ပေကျံတာ၊ ကွမ်းတံတွေးဘူးတွေကို ရထားပေါ် ချန်ထားခဲ့တာနဲ့ စကားကျယ်ကျယ်ပြောဆိုတာတွေရှိတယ်ဆိုပြီး သက်လတ်ပိုင်း အမျိုးသမီး လေးယောက် အမှုဖွင့် အရေးယူခံလိုက်ရပါတယ်။
နောက်ဖြစ်ရပ်ကတော့ ဇူလိုင် ၂၃ ရက်က မော်လမြိုင်-ရန်ကုန် DEMU ရထားပေါ်မှာအမျိုးသမီး အယောက် ၆၀ ဝန်းကျင်ပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ရဲ့ဆူညံသံတွေကြောင့် တခြားခရီးသည်တွေ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်ဆိုတဲ့ပြောဆိုမှုတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။
ဒီလိုဖြစ်စဥ်တွေ ဆက်တိုက်ဖြစ်လာတဲ့နောက် အများပြည်သူပိုင် ရထားပေါ်မှာ စည်းကမ်းမဲ့တဲ့အပြုအမူတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့နဲ့ လိုအပ်ရင် အရေးယူဖို့ဆိုတဲ့တောင်းဆိုသံတွေ ထွက်ပေါ်လာပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အရှေ့တောင်ဘက်ပိုင်း ဘန်နာအရပ်က အထပ်မြင့်ကွန်ဒို၀င်း တိုက်ခန်းတစ်ခုကနေ မြန်မာအမျိုးသားတစ်ဦး ပြုတ်ကျ သေဆုံးခဲ့တယ်လို့ အဲဒီကွန်ဒိုမှာ နေထိုင်တဲ့မြန်မာ ၂ ဦးထက်မနည်းက ပြောပါတယ်။
မြန်မာအမျိုးသား ပြုတ်ကျမှု ဖြစ်ခဲ့တဲ့နေရာဟာ ကွန်ဒိုဝင်းရဲ့ အဆောက်အဦ စီမှာဖြစ်ပြီး ၁၂ လွှာအမြင့်ကနေ ပြုတ်ကျခဲ့တာလို့လည်း အဲဒီမှာနေထိုင်တဲ့မြန်မာတစ်ဦးက ပြောပါတယ်။
သူတို့အပြောအရ အဲဒီအမျိုးသား တိုက်ပေါ်ကနေ ပြုတ်ကျခဲ့တဲ့ဖြစ်ရပ်ဟာ ဇူလိုင် ၂၁ ရက်၊ ညနေ ၃ နာရီကျော်ခန့်က ဖြစ်ပွားခဲ့တာလို့လည်း ဆိုပါတယ်။
ဒီအမျိုးသားဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းအမျိုးမျိုးထွက်နေပြီး အဲဒီထဲ ‘’ကောင်မလေးက ထားသွားလို့ စိတ်ဓာတ်ကျပြီး ခုန်ချသွားတယ်လို့ လည်း ကြားတယ်” အကြောင်း အဲဒီကွန်ဒို ဝင်းအတွင်းမှာ နေထိုင်တဲ့ မြန်မာတစ်ဦးက ပြောပါတယ်။
ကွန်ဒို စီမံ ရုံးအဖွဲ့ကတော့ ကွန်ဒိုမှာနေထိုင်တဲ့အမျိုးသားတစ်ဦး ပြုတ်ကျမှုဖြစ်တစ်ခု ဖြစ်ခဲ့တဲ့အကြောင်း ကွန်ဒိုမှာနေထိုင်သူတွေကို Line အက်ပလီကေးရှင်းကတဆင့် ကနဦးကြေညာခဲ့ပါတယ်။
အမျိုးသားဟာ အဆောက်အဦ စီ ရဲ့ လျှပ်စစ်နဲ့ ထိန်းသိမ်းရေးလုပ်တဲ့နေရာကို ပြုတ်ကျခဲ့တာဖြစ်ပြီး တစ်ဦးတည်း နေထိုင်သူဖြစ်တယ်လို့ ကွန်ဒိုဘက်က နောက်ပိုင်းမှာ ကြေညာပါတယ်။
အဲဒီဖြစ်ရပ်အတွက် ဘန်နာ ရဲတပ်ဖွဲ့၊ ဆေးမှုခင်းအဖွဲ့တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ကွန်ဒို စီမံအဖွဲ့က ကြေညာပါတယ်။
ဒီဖြစ်စဉ် အခြေအနေကို သိရဖို့ ဘီဘီစီက ကွန်ဒိုဝင်းကို စီမံနေတဲ့ကုမ္ပဏီကို အီးမေးလ်က တဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းပြန်လာတာတော့ မရှိသေးပါဘူး။
မင်္ဂလာပါ။ ဇူလိုင် ၂၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။