ရွှေဘိုအနောက်ခြမ်းကို စစ်တပ်ဗုံးကြဲလို့ သင်္ကြန်တွင်းရဟန်းဝတ်တဲ့ ဒုလ္လဘ ၂ ပါး ပျံလွန်

ဓာတ်ပုံ ရင်းမြစ်, CJ
မနေ့ သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်မှာ ရွှေဘိုမြို့နယ် အနောက်ခြမ်းကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆိပ်ခွန်ရွာမှာ ရှိတဲ့ ဘုန်းကြီးကျောင်းကို ဗုံးကျရောက်ပြီး သင်္ကြန်တွင်း ရဟန်းဝတ်နေတဲ့ ဒုလ္လဘ ရဟန်း ၂ ပါး ပျံလွန်တော်မူခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်က ပြောပါတယ်။
“စုစုပေါင်း ပျံလွန်တော်မူတာ ၂ ပါးပါ။ ဒဏ်ရာရတာ ၈ ပါး။ ဒုလ္လဘဝတ်နေကြတဲ့ ကိုရင်တွေပါ။ ဝတ်ပြီး နေ့လယ်နေ့ခင်း အေးဆေးနားနေကြတဲ့အချိန်မှာဖြစ်တာပါ။ အဲဒီနေရာမှာ တော်လှန်ရေးအဖွဲ့အစည်းတွေ မရှိဘူး” လို့ သူကပြောပါတယ်။
ဧပြီ ၁၃ ရက် တစ်ရက်တည်းမှာ ပဲ စစ်တပ်က ရွှေဘိုမြို့နယ်ထဲမှာ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ပြုလုပ်ခဲ့ပြီး ရွှေဘိုမြို့နယ်အနောက်ခြမ်းကရွာတွေဖြစ်တဲ့ ဆိပ်ခွန်ရွာ ဘုန်းကြီးကျောင်း၊ ထန်းဇင်ရွာ၊ ပုဏ္ဏားကျွန်းရွာ တွေကို ထိမှန်ခဲ့တာပါ။
စစ်တပ်က ဒီရက်ပိုင်းအတွင်း နယ်မြေစိုးမိုရေးအတွက် ရွှေဘိုအပါအဝင် ဒီပဲယင်း၊ အရာတော် စတဲ့ ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက သုံးသပ်ကြပါတယ်။
အခုဗုံးကြဲခံခဲ့ရတဲ့ ဆိပ်ခွန်ရွာဟာ အရင်က ယက်ကန်းလုပ်ငန်းကို အဓိကလုပ်ကြပြီး ဆိပ်ခွန်ပုဆိုး၊ ဆိပ်ခွန်ချည်ထည်တွေဟာလည်း မြန်မာနိုင်ငံမှာ နာမည်ကြီးပါတယ်။ ဧပြီ ၆ ရက်နေ့ကလည်း ရွှေဘိုမြို့နယ် အနောက်ခြမ်းက ဆင်အင်းရွာဘုန်းကြီးကျောင်းဟာလည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရပြီး သံဃာတစ်ပါးပျံလွန်တော်မူခဲ့ပါသေးတယ်။




