ကညနရုံးနဲ့ စစ်တပ်နေရာအချို့ တိုက်ခိုက်ခံရပြီးနောက် ထား၀ယ်မှာ စစ်တပ်လုံခြုံရေးတင်းကျပ်, ပြည်သူတချို့ ဖမ်းဆီးခံရတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, CJ
တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင်းက စစ်တပ်တပ်စွဲထားတဲ့နေရာတချို့နဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးတို့ တိုက်ခိုက်ခံရပြီးနောက်မှာ စစ်တပ်က မြို့ပေါ်မှာ လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ မြို့ခံတချို့က ဘီဘီစီကို ပြောပါတယ်။
“ဆိုင်ကယ်ရော၊ ကားတွေရော အကုန်စစ်နေတာ။ ၃ ရက်လောက်ရှိပြီ။ မြို့ဝင်မြို့ထွက် မြို့လယ်က ဂိတ်အကုန်လုံးမှာ တားပြီး စစ်ဆေးနေတာ” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ စစ်တပ်ရဲ့မြို့ပေါ်ဂိတ်တချို့မှာ လူငယ်တချို့ကို စစ်မေးပြီး စစ်မှုထမ်းသက်နဲ့ အကျုံးဝင်တာကြောင့် စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ဖြစ်စဉ်တွေလည်း ရှိနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။
ဒါပေမဲ့ မြို့ပေါ်က လမ်းဆုံလမ်းခွလို နေရာမျိုးတွေမှာလည်း အရင်ရက်တွေကထက် လုံခြုံရေးချထားတဲ့ တပ်ဖွဲ့ဝင်အရေအတွက် တိုးလာတယ်လို့ သူကဆိုပါတယ်။
“အရင်က ၂ ယောက် ၃ ယောက် အခုက ဂိတ်တစ်ခုစီမှာ အဖွဲ့လိုက်ဖြစ်လာတယ်” လို့ သူက ဖြည့်ပြောပါတယ်။
ထား၀ယ်မြို့ပေါ်က ကညနရုံးနဲ့ စစ်တပ် တပ်စွဲထားတဲ့နေရာတချို့ နိုဝင်ဘာ ၂၄ ရက် ညမှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒီအခြေအနေကိုသိတဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အဲဒီဖြစ်ရပ်အပြီးမှာပဲ စစ်တပ်ကလည်း ထားဝယ်နဲ့ လောင်းလုံးမြို့နယ်ထဲက ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ထားဝယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ စစ်တပ် တပ်စွဲထားတဲ့ နေရာတချို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပေမဲ့ ထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒီနေ့ မနက်ပိုင်းမှာပြောပါတယ်။
ရုရှားနဲ့ ပြန်အကောင်အထည်ဖော်ဖို့ ရှိနေတဲ့အထူးစီးပွားရေးဇုန်စီမံကိန်းရှိတဲ့ ထား၀ယ်ခရိုင်ကို နေပြည်တော်က စစ်ဘက် အရပ်ဘက် ခေါင်းဆောင်တွေ ပြီးခဲ့တဲ့လတွေအတွင်း ဆက်တိုက် သွားခဲ့ကြအပြီးမှာ ထား၀ယ်မြို့ပေါ်မှာ တော်လှန်ရေးတပ်တွေရဲ့တိုက်ခိုက်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
နေပြည်တော်ဘက်က ထားဝယ်က အထူးစီးပွားရေးဇုန်ကို ရုရှားနဲ့ ပူးပေါင်းအကောင်အထည်ဖော်ဖို့ ကြိုပမ်းနေတာဖြစ်ပြီး ဒီနှစ်အစမှာပဲ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။
နေပြည်တော်ဟာ ထား၀ယ်ကို ကုန်သွယ်ရေးအတွက်သာမက ပင်လယ်ရေကြောင်းကနေတဆင့် ဒေသတွင်းနိုင်ငံအချို့ဆီ သဘာ၀ဓာတ်ငွေ့ ပို့ဆောင်ဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။
ဆယ်စုနှစ် ၂ ခုနီးပါးကြာအောင် ရှေ့မတိုးနိုင်ခဲ့တဲ့ထား၀ယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ပြန်အကောင်အထည်ဖော်ဖို့ နေပြည်တော်ရဲ့ကြိုးပမ်းချက် လက်တွေ့ကျမလားဆိုတဲ့မေးခွန်းတွေရှိနေပါတယ်။
ဒါပေမဲ့ ထား၀ယ်ကနေတဆင့် ထိုင်းနဲ့ တရုတ်အထိ သဘာ၀ဓာတ်ငွေ့ တင်ပို့ဖို့ နေပြည်တော်က ပြည်ပရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နေသလို ရုရှားကလည်း စိတ်၀င်စားကြောင်း ပြသနေပါတယ်။
မြန်မာစစ်တပ်ကတော့ ထားဝယ်မြို့မှာ လုံခြုံရေးတင်းကျပ်ထားမှုနဲ့ စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ ဒီနေ့ မနက်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။



