‘‘ဖိုက်တာဘဝ အနားယူတဲ့အထိ ချန်ပီယံခါးပတ်ကို ကာကွယ်မယ်’’- ဗန်

ထိုင်း-မြန်မာနယ်စပ်က မြဝတီမြို့မှာ အုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းကြားကို ဒရုန်းဗုံးကျရောက်ပေါက်ကွဲ၊‘ဖိုက်တာဘဝကနေ အနားယူတဲ့အထိ ချန်ပီယံခါးပတ်ကို ကာကွယ်မယ်’ လို့ UFC ဖိုက်တာ ဂျော့ရှုဝါဗန်ပြောတဲ့သတင်းအပါအဝင် ဇွန် ၁၅ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်တင်ဆက်မှုကို ထုတ်လွှင့်ပေးနေပါပြီ။

အနှစ်ချုပ်

  • ကရင်ပြည်နယ် မြဝတီမြို့မှာ ဇွန်၁၄ ရက်ညက ရဲစခန်းနဲ့ အမှတ် ၅ အုပ်ချုပ်ရေးမှူးရုံးကြား ဗုံးကျလို့ စစ်တပ်က ဒီနေ့မနက်ကင်းလှည့်စစ်ဆေး
  • အမေရိကန်နဲ့ အီရန်တို့ကြား စစ်မျက်နှာစာအားလုံးမှာ စစ်ဆင်ရေးတွေအဆုံးသတ်ရေး သဘောတူညီချက် ရရှိပြီး နောက်ဆုံးအတည်ပြု လက်မှတ်ထိုးတာကိုတော့ ဆွစ်ဇာလန်နိုင်ငံမှာ ပြုလုပ်ဖို့ရှိ
  • Work Permit ရှိရင်တောင် ထိုင်းနိုင်ငံသားကလွဲပြီး လုပ်ခွင့်မရှိတဲ့ အလုပ်နယ်ပယ် ၁၀ ခုကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထပ် ထုတ်ပြန်သတိပေး
  • ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ မိုး ၃ ရက်ဆက်တိုက်ရွာတာကြောင့် ဥရုချောင်းရေမြင့်တက်လာပြီး ငှက်ပျောတောနဲ့ မြို့မရပ်ကွက်အပြင် ဖားကန့်-မိုးကောင်းလမ်းမှာလည်း ရေကြီးနေ
  • မဲဆောက်မြို့မှာ လိင်ပိုင်းဆိုင်ရာကျူးလွန် နှောက်ယှက်မှုတွေနဲ့ စွပ်စွဲခံထားရတဲ့ ဒေါနလမ်း သက်မွေးပညာကျောင်းရဲ့ကျောင်းအုပ်ကို ထိုင်းနိုင်ငံရဲ့ဥပဒေအတိုင်း ဆက်ဆောင်ရွက်မယ်လို့ ကျောင်းတည်ထောင်သူထုတ်ပြန်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇွန်လ ၁၅ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့ မြန်မာနဲ့ ကမ္ဘာ့ထူးခြားသတင်းတွေကို အခုစာမျက်နှာမှာပဲ တစုတစည်းတည်း ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. မကွေးတိုင်း - စစ်တပ်နဲ့ တော်လှန်ရေးအတွက် ထောက်ပံ့ရေးဗဟိုချက်

    မကွေးတိုင်း၊ မြစ်ခြေရဲစခန်းသိမ်းပြီးနောက် မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, မကွေးဖက်ဒရယ်ယူနစ်

    ဓာတ်ပုံ ပုံစာ, မကွေးတိုင်း၊ မြစ်ခြေရဲစခန်းသိမ်းပြီးနောက် မြင်ကွင်း

    ၂၀၂၆ ခုနှစ် နှစ်ဝက်ကျိုးလာချိန် မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ၁၅ ရုံအထိရှိတဲ့ မကွေးတိုင်းမှာ စစ်ရေးတင်းမာနေပြီး အပြန်အလှန်ထိုးစစ်ဆင်မှုတွေ အရှိန်ကောင်းနေပါတယ်။

    ဧရာဝတီမြစ်အနောက်ခြမ်းဒေသဖြစ်တဲ့ မကွေးတိုင်းဟာ ချင်းတောင်တန်း၊ ရခိုင်ရိုးမ၊ စစ်ကိုင်းအညာနဲ့ ပဲခူးအထိပါ နယ်နိမိတ်ထိစပ်နေလို့ စစ်တပ်ရော တော်လှန်ရေးအတွက်ပါ ဆက်သွယ်ရေး ဗဟိုချက်တစ်ခု ဖြစ်ပါတယ်။

    "တော်လှန်ရေးတပ်တွေရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ထားလာနိုင်တဲ့ စစ်တပ်က စစ်ကိုင်း၊ မကွေးလို အညာမြေပြန့်ဒေသမှာ တော်လှန်ရေးတပ်တွေ ခြေကုပ်မယူနိုင်အောင် နယ်မြေ ရှင်းလင်းရေးတွေကို အလုံးအရင်းလိုက်လုပ်တဲ့အခြေအနေပါ" လို့ မြန်မာစစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ CDM ဗိုလ်မှူး နောင်ရိုးက ပြောပါတယ်။

    အထူးသဖြင့် ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်နဲ့ မင်းဘူးခရိုင်တို့မှာ စစ်ရေးအလှုပ်အခတ်အများဆုံးဖြစ်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကလည်း သိရပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  3. နော်ဝေ အိမ်ရှေ့စံ ကြင်ယာတော်ရဲ့သားဖြစ်သူ မုဒိမ်းမှုကြောင့် ထောင် ၄ နှစ်ချမှတ်ခံရ

    ဟိုဘီနဲ့ မိခင်ဖြစ်သူတို့ကို ၂၀၂၂ ခုနှစ်တုန်းက အော်စလိုမြို့မှာ မြင်တွေ့ရတာဖြစ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဟိုဘီနဲ့ မိခင်ဖြစ်သူတို့ကို ၂၀၂၂ ခုနှစ်တုန်းက အော်စလိုမြို့မှာ မြင်တွေ့ရတာဖြစ်ပါတယ်

    နော်ဝေအိမ်ရှေ့စံမင်းသားရဲ့ကြင်ယာတော်ဘက်ကနေ ပါလာတဲ့ သားဖြစ်သူ မားရီယက်စ် ဘော့ ဟိုဘီဟာ မုဒိမ်းမှု ၂ ခုမှာ ပြစ်မှုထင်ရှားတယ်လို့ တရားရုံး ဆုံးဖြတ်တာခံရပြီး ထောင်ဒဏ် ၄ နှစ်ချမှတ်ခံလိုက်ရပါတယ်။

    အော်စလိုမြို့ ခရိုင်တရားရုံးမှာ ကြားနာခဲ့တဲ့ အမိန့်ချ တရားခွင်မှာ တရားသူကြီး သုံးဦးက ဟိုဘီ ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ နောက်ထပ် မုဒိမ်းမှု ၂ ခုမှာ အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

    အမိန့်ချတဲ့တရားခွင်ကိုတော့ ကျန်းမာရေးကြောင့်လို့ဆိုပြီး ဟိုဘီ ကိုယ်တိုင်တက်ရောက်ခဲ့တာ မရှိခဲ့ဘဲ ဗီဒီယိုကနေတဆင့်ပဲ တက်ရောက်ခဲ့ပါတယ်။

    အမှုစွဲ အစိုးရရှေ့နေတွေကတော့ ဟိုဘီကို ထောင် ၇ နှစ်နဲ့ ၇ လအထိ ချမှတ်ဖို့ ရုံးတော်ကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ရှေ့နေအဖွဲ့က ထောင် ၁၈ လ သာ ချမှတ်ဖို့ ပြန်လည်ချေပခဲ့ပါတယ်။

    မားရီယက်စ် ဘော့ ဟိုဘီဟာ တော်ဝင်ရာထူး ယူထားသူ မဟုတ်ပေမဲ့ သူ့အမှုဟာ နော်ဝေတော်ဝင်မိသားစုကို အရိပ်ထိုးခဲ့ပါတယ်။ သူ့ မိခင် မတ် မာရစ်ဟာ သူ့ အသက် ၄ နှစ်အရွယ်မှာ အိမ်ရှေ့စံမင်းသား ဟာခွန်ကို လက်ထပ်ခဲ့လို့ တော်ဝင်မိသားစုထဲမှာ ကြီးပြင်းခဲ့သူဖြစ်ပါတယ်။

    မတ် မာရစ်ဟာ အဆုတ်ရောဂါဖြစ်နေတာကြောင့် အစားထိုးကုသမှုခံယူဖို့ စောင့်ဆိုင်းနေရသူဖြစ်ပါတယ်။

    ဒါကြောင့်ပဲ မိခင်ဖြစ်သူ ကျန်းမာရေး ယိုယွင်းလာချိန်မှာ မိခင်ဘေးမှာရှိနေနိုင်အောင် သားဖြစ်သူကို အကျဉ်းထောင်ကနေ လွှတ်ပေးဖို့ ရှေ့နေတွေက အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပါတယ်။

    အမိန့်ချပြီးတဲ့နောက်မှာတော့ ဟိုဘီရဲ့ရှေ့နေဟာ သူ့ကို လွှတ်ပေးဖို့ ထပ်မံ တောင်းဆိုလိုက်ပါတယ်။ အော်စလို ခရိုင်တရားရုံးဟာ သူ့ကို လွှတ်ပေးဖို့ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက အတည်ပြုပေးခဲ့ပေမဲ့ တရားရုံချုပ်က ပြန်လည် ပယ်ချခဲ့ပါတယ်။

    ဟိုဘီကတော့ မုဒိမ်းမှုကျူးလွန်တယ်ဆိုတဲ့အမှု ၄ ခုစလုံးကို ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ တရားသူကြီးတွေကတော့ ဟိုဘီက ၂၀၂၄ ခုနှစ်တုန်းက အော်စလိုမြို့မှာ အမျိုးသမီးတစ်ဦးပါဝင်တဲ့ဖြစ်ရပ်နဲ့ ၂၀၁၈ ခုနှစ်တုန်းက အိမ်ရှေ့စံပိုင်တဲ့ဂေဟာတစ်ခုမှာ အမျိုးသမီးတစ်ဦးပါဝင်တဲ့ဖြစ်ရပ်တွေအတွက် အပြစ်ရှိကြောင်းဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

  4. သတင်းထူး, ပုဏ္ဏားကျွန်းမြို့အနီး စျေးဝယ်စက်လှေမှောက်လို့ အနည်းဆုံး လူ ၁၀ ဦးသေဆုံး

    စက်လှေတိမ်းမှောက်မှုအခြေအနေလို့ လူမှုကွန်ရက်ရုပ်သံတွေ ထွက်ပေါ်လာ

    ဓာတ်ပုံ ရင်းမြစ်, sereengrab

    ဓာတ်ပုံ ပုံစာ, စက်လှေတိမ်းမှောက်မှုအခြေအနေလို့ လူမှုကွန်ရက်ရုပ်သံတွေ ထွက်ပေါ်လာ

    ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အနီး ကင်းချောင်းထဲမှာ စျေးဝယ်သွားသူတွေ လိုက်လာတဲ့ စက်လှေ တိမ်းမှောက်တာကြောင့် အနည်းဆုံး လူ ၁၀ ဦးသေဆုံးတယ်လို့ အခြေအနေသိရှိသူက ပြောပါတယ်။

    တိမ်းမှောက်ခဲ့တဲ့ စက်လှေမှာ ရသေ့တောင်မြို့နယ်၊ ဂူတောင်ရွာကနေ ကျောက်တော်မြို့ကို စျေးသွားဝယ်မယ့်သူတွေ လိုက်ပါလာတယ်လို့ သိရတဲ့အကြောင်းလည်း သူက ပြောပါတယ်။

    စက်လှေဟာ ပုဏ္ဏားကျွန်းမြို့အနီးက ကြိုးတံတားအနီး ချောင်းထဲမှာ ဒီနေ့ မနက် ၁၁ နာရီခန့်က တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။

    စက်လှေမှောက်မှုမှာ ပျောက်ဆုံးနေသူ ၃ ဦးရှိပြီး ဒီကနေ့ ညနေပိုင်းအထိ ရှာဖွေရေး ဆက်လုပ်နေတယ်လို့ သိရပါတယ်။

    ရခိုင်ပြည်နယ်အကြောင်းရေးသားတဲ့သတင်းဌာနတွေကတော့ စက်လှေပေါ်မှာ ခရီးသည် ၃၀ နီးပါးလိုက်ပါလာတယ်လို့ သတင်းရေးသားဖော်ပြကြပါတယ်။

    “ရခိုင်မှာ မိုးဦးကျ လေဦးကျဆိုရင် လေတိုက်ပြီး ရေတက်နေတော့ ပုဏ္ဏားကျွန်းနားမှာ ရေစီးကြမ်းတဲ့နေရာနဲ့ဆုံပြီး မှောက်သွားတာ” လို့ အခြေအနေ သိရှိသူက ပြောပါတယ်။

  5. လိင်ပိုင်းစော်ကားမှုနဲ့ စွပ်စွဲခံရတဲ့မဲဆောက်က မြန်မာပရဟိတကျောင်း ကျောင်းအုပ်ကို အမှုဖွင့်ဖို့ပြင်

    ဒေါနလမ်း သက်မွေးပညာရေးကျောင်းက အခုချိန်မှာ ရပ်တန့်နေပါတယ်

    ဓာတ်ပုံ ရင်းမြစ်, အရှင်ထာဝရ

    ဓာတ်ပုံ ပုံစာ, ဒေါနလမ်း သက်မွေးပညာရေးကျောင်းက အခုချိန်မှာ ရပ်တန့်နေပါတယ်

    ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ လိင်ပိုင်းဆိုင်ရာကျူးလွန် နှောက်ယှက်မှုတွေနဲ့ စွပ်စွဲခံထားရတဲ့ ဒေါနလမ်း သက်မွေးပညာကျောင်းရဲ့ကျောင်းအုပ်ကို ထိုင်းနိုင်ငံရဲ့ဥပဒေအတိုင်း ဆက်ဆောင်ရွက်မယ်လို့ ကျောင်းတည်ထောင်သူ ရွှေဝါရောင်ဆရာတော် အရှင်ထာဝရက လူမှုကွန်ရက်မှာ ရေးပါတယ်။

    စွပ်စွဲခံရသူဟာ ဒေါနလမ်း သက်မွေးကျောင်းမှာ ကျောင်းအုပ်တာဝန်ယူခဲ့သူ အမျိုးသားဖြစ်ပြီး လက်ရှိမှာ သူ့ကို ကျောင်းတာဝန်တွေကနေ ချက်ချင်း ရပ်စဲ ထားပြီး ကျောင်းကိုလည်း ပိတ်ထားလိုက်ပြီလို့ ကျောင်းကောင်စီဘက်က ဒီနေ့မှာ စာထုတ်ပါတယ်။

    စွပ်စွဲခံရတဲ့အမျိုးသားဟာ ကျောင်းမှာ တာဝန်ယူတာ လပိုင်းသာရှိခဲ့ပေမဲ့ အဲဒီကာလအတွင်း ကျောင်းသား ၁ ဦးကို လိင်ပိုင်းကျူးလွန်တာ၊ အသက်မပြည့်တဲ့ကျောင်းသား ၁ ဦးအပါအဝင် ကျောင်းသားအချို့ကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်တာတွေ လုပ်ခဲ့တယ်လို့ ဒီဖြစ်ရပ်မှာ ကျောင်းသားမိဘတွေဘက်က လိုက်ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

    ကျောင်းသားကလေးငယ်တွေ အခုလိုကြုံရတဲ့အကြောင်း တိုင်ကြားစာ ဇွန်လ ၄ ရက်တုန်းက ထွက်ပေါ်လာခဲ့ပြီးတဲ့နောက်မှာ ကျောင်းကောင်စီဘက်က အခုလို စာထုတ်လာတာဖြစ်ပါတယ်။

    စွပ်စွဲတိုင်ကြားခံထားရသူ ကျောင်းအုပ်ကို စစ်ဆေးနိုင်ဖို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ကျောင်းကောင်စီဘက်က ရေးသားထားပေမဲ့ ဘယ်ရဲတပ်ဖွဲ့ဆိုတာတော့ မပါပါဘူး။

    နစ်နာသူတွေအတွက် လိုက်ပါကူညီပေးနေသူကတော့ မြန်မာနိုင်ငံဘက်ခြမ်း ကရင်အမျိုးသားအစည်းအရုံး(KNU) ကို တိုင်ကြားပြီး အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။

    “ကျောင်းအုပ်ကို KNU ရဲ့အချုပ်ထဲမှာ ထည့်ထားတယ်လို့တော့ ကြားပေမဲ့ ကျွန်မတို့ မျက်မြင် အတည်မပြုရသေးဘူး” လို့ နစ်နာသူတွေကို ကူညီပေးတဲ့အမျိုးသမီးက ပြောပါတယ်။

    ထိုင်းဘက်မှာ အမှုဖွင့်ဖို့ ကျောင်းအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားပေမဲ့ နစ်နာသူနဲ့ မိသားစုဝင်တွေကို ဆက်သွယ်လာတာ မရှိသေးဘူးလို့ သိရပါတယ်။

    ဇွန် ၁၁ ရက်ကစလို့ ကျောင်းမှာ မိဘအုပ်ထိန်းသူမရှိတဲ့ကျောင်းသားတွေက လွဲပြီး ကျန်တဲ့ကျောင်းအိပ်၊‌ ကျောင်းစား ကျောင်းသားတွေ မရှိတော့ဘူးလို့လည်း သိရပါတယ်။

    လက်ရှိအချိန်မှာတော့ ကျူးလွန်ခံရသူ ကျောင်းသားတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရတယ်လို့လည်း ကူညီပေးနေသူက ပြောပါတယ်။

    ဒေါနလမ်း အသက်မွေးဝမ်းကြောင်း ပညာရပ်သင်တန်းကျောင်းဟာ စစ်ဘေးသင့်ဒေသတွေကနေ တိမ်းရှောင်လာကြတဲ့ ကျောင်းသားတွေ ပညာသင်နိုင်ဖို့အတွက် ကွန်ပျူတာနဲ့ နည်းပညာ၊ အိမ်တွင်း စက်မှုလက်မှု၊ စက်ချုပ်၊ ဆရာဖြစ် မွန်းမံသင်တန်း၊ ဘာသာစကား၊ စီးပွားရေးနဲ့ စာရင်းကိုင်ပညာ စတာတွေကို သင်ကြားပေးတာလို့ သိရပါတယ်။

    အဲဒီကျောင်းမှာ ကျောင်းအိပ်ကျောင်းစား ကျောင်းသား ၂၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

  6. ၂၀၂၆ ကမ္ဘာ့ဖလား - အုပ်စု အက်ဖ် (နယ်သာလန် ၂ - ၂ ဂျပန်၊ ဆွီဒင် ၅ - ၁ တူနီးရှား)

    ဂျပန်နဲ့ နယ်သာလန်ပွဲ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု အက်ဖ် ပွဲစဉ်တွေကို အမေရိကန် ဒေသစံတော်ချိန် ဇွန်လ ၁၄ ရက်နှောင်းပိုင်း၊ မြန်မာစံတော်ချိန် ဇွန်လ ၁၅ ရက် မနက်ပိုင်းမှာ ကစားခဲ့ပါတယ်။

    နယ်သာလန်အသင်းနဲ့ အာရှက ဂျပန်အသင်းတို့ ဒါးလက်စ်ကွင်းမှာ ကစားခဲ့တဲ့ပွဲဟာ ၂ ဂိုး သရေနဲ့ ပွဲပြီးသွားပါတယ်။

    နယ်သာလန် ဂိုးသွင်းပြီးတိုင်းမှာ ဂျပန်ဘက်က မိနစ်ပိုင်းမှာတင် ပြန်လည်ချေပဂိုး သွင်းခဲ့ပေမဲ့ ဂိုးသရေနဲ့ ပွဲပြီးခဲ့တာဖြစ်ပါတယ်။

    နယ်သာလန်အသင်းအတွက် ပထမဆုံးဂိုးကို ဗာဂျင်း ဗန် ဒိုက်က ပွဲကစားချိန် ၅၁ မိနစ်မှာ သွင်းခဲ့တာပါ။

    အဲဒီနောက် ၆ မိနစ်အကြာမှာပဲ ဂျပန်အသင်းကစားသမား ကေတို နာခါမူရာက ချေပဂိုး ပြန်သွင်းပါတယ်။

    အဲဒီနောက် ဆမ်းမားဗီးရ်က နယ်သာလန်အတွက် ပွဲကစားချိန် ၆၄ မိနစ်မှာ ဒုတိယ ဂိုးသွင်း ခဲ့ပေမဲ့ ပွဲပြီးခါနီး မိနစ်ပိုင်းမှာပဲ ဂျပန်ဘက်က ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။

    တူနီးရှားနဲ့ ဆွီဒင်ကစားသမားတို့ ဘောလုံးလုနေကြ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    နောက် အုပ်စု အက်ဖ် ပွဲဖြစ်တဲ့ ဆွီဒင်နဲ့ တူနီးရှားတို့ပွဲကတော့ မက္ကဆီကိုက အက်စတာဒီယို မွန်တာရေးကွင်းမှာ ကစားခဲ့တာဖြစ်ပါတယ်။

    အဲဒီပွဲမှာတော့ ဆွီဒင်က တူနီးရှားကို ၅ ဂိုး ၁ ဂိုးနဲ့နိုင်ပါတယ်။ ဆွီဒင်ဟာ ယက်ဆင် အာယာရီနဲ့ အလက်ဇန်းဒြား အီဆက်တို့ သွင်းခဲ့တဲ့ ၂ ဂိုးနဲ့ ကစားပွဲကို ဦးဆောင်ပါတယ်။

    အဲဒီနောက် ပထမပိုင်း မပြီးခင် ၃ မိနစ်အလိုမှာပဲ တူနီးရှားအသင်းအတွက် အိုမာ ရက်ကစ်က တစ်ဂိုးပြန်သွင်းပါတယ်။

    ဒါပေမဲ့ ဆွီဒင်ဟာ ပွဲကစားချိန် နောက်ဆုံး မိနစ် ၃၀ မှာ အာယာရီရဲ့ ဒုတိယမြောက်ဂိုး၊ ဗစ်တာ ရော့ကရက်စ်နဲ့ မက်ထိ စဗန်းဘတ်တို့ရဲ့ဂိုးတွေကြောင့် တူနီးရှားကို ၅ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး အုပ်စု အက်ဖ် ထိပ်ဆုံးကို ရောက်နေပါတယ်။

    ကမ္ဘာ့ဖလား ၂၀၂၆ ပွဲပြီးရလဒ်တွေ၊ အုပ်စုရပ်တည်မှုတွေနဲ့ ပွဲစဉ်ဇယားကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  7. တရုတ်နဲ့နယ်စပ်က မူဆယ်မှာ ကျားဖြန့်ကို စစ်တပ်ဖမ်းပေမဲ့ အမြစ်မပြတ်တာဘာကြောင့်လဲ

    ဧပြီလတုန်းက မူဆယ်မှာ ကျားဖြန့် နှိမ်နင်းရေးပြုလုပ်နေတာလို့ လူမှုကွန်ရက်တွေမှာ တက်လာ၊ အမိုးတစ်ခုအစွန်းမှာ စစ်အဝတ်အစားနဲ့ အမျိုးသား ၃ ဦး လမ်းလျှောက်နေပြီး တစ်ဖက်ခြမ်းမှာ နှာခေါင်းစည်း ဝတ်ထားတဲ့ အမျိုးသားအများစုပါဝင်တဲ့ လူတွေ ၅ ယောက်တစ်တန်းနဲ့ ၆ တန်းခန့် ဆောင့်ကြောင့်ထိုင်နေကြ

    ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

    ဓာတ်ပုံ ပုံစာ, မူဆယ်မှာ ဧပြီလတုန်းက ပြုလုပ်ခဲ့တဲ့ကျားဖြန့် ဖမ်းဆီးမှုတစ်ခုလို့ဆို

    နေပြည်တော် ခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့တရုတ်ခရီးစဉ် မတိုင်ခင် ရက်ပိုင်းအလိုမှာပဲ စစ်တပ်က ရှမ်းမြောက်က တရုတ်- မြန်မာနယ်စပ်မြို့ မူဆယ်မှာ ကျားဖြန့်(အွန်လိုင်းငွေလိမ်လုပ်ငန်း) နေရာ ၂ ခုကို တစ်နေ့တည်းမှာ ဆက်တိုက် စီးနင်း လိုက်ပါတယ်။

    တရုတ်နယ်စပ်မြို့ ရွှေလီနဲ့ကပ်လျက် မြန်မာဘက်ခြမ်းက နန်းတော်စစ်ဆေးရေးဂိတ်အနီးမှာရှိတဲ့ ကောင်းမှုတုံနဲ့ ကောင်းမှုလွယ် ရပ်ကွက်တွေထဲကို စစ်တပ်နဲ့ရဲက မေလ ၁၃ ရက်မှာ စီးနင်းပြီး တရုတ်နိုင်ငံသား ၂၀ ကျော်အပါအဝင် လူ ၉၀ ကျော်ကို ဖမ်းခဲ့တာပါ။

    ဒါပေမဲ့ မူဆယ်မြို့ထဲက ကျားဖြန့်လုပ်ငန်းတွေဟာ တစ်နေရာမှာ ဖမ်းဆီးခံရပြီးနောက် တခြားနေရာမှာ အသစ်ထပ်ပေါ်လာတာကြောင့် အမြစ်မပြတ်တဲ့ရောဂါတစ်ခုလို ဖြစ်နေတယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။

    တရုတ်က မြန်မာမှာ ကျားဖြန့်နှိမ်နင်းဖို့ ထပ်တလဲလဲပြောနေချိန်မှာ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်မြို့ မူဆယ်မှာ ကျားဖြန့်လုပ်ငန်းတွေ ဆက်ရှိနေတဲ့အပေါ် မေးခွန်းထုတ်တာတွေလည်း ရှိနေပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  8. မိုးများလို့ ဥရုချောင်း ရေလျှံပြီး ဖားကန့်ရပ်ကွက် ၂ ခုမှာ ရေကြီးနေ, တိုင်းနဲ့ပြည်နယ် ၆ ခု မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးဇလ သတိပေး

    မိုး ၃ ရက်ဆက်တိုက်ရွာလို့ ဥရုချောင်းရေဝင်နေတဲ့ ဖားကန့်

    ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့-ဖားကန့်

    ဓာတ်ပုံ ပုံစာ, မိုး ၃ ရက်ဆက်တိုက်ရွာလို့ ဥရုချောင်းရေဝင်နေတဲ့ ဖားကန့်

    ကချင်အပါအဝင် တိုင်းနဲ့ပြည်နယ် ၆ ခုမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးနေချိန်မှာပဲ ကချင် ပြည်နယ်ထဲက ဖားကန့်မြို့မှာ ဥရုချောင်းရေ မြင့်တက်လာတာကြောင့် မြို့ပေါ် ရပ်ကွက် ၂ ခုစလုံးမှာ ရေဝင်နေတယ်လို့ ဖားကန့်မှာ လူမှုကူညီရေးလုပ်နေသူက ပြောပါတယ်။

    ဥရုချောင်းရေမြင့်တက်လာလို့ ငှက်ပျောတောနဲ့ မြို့မ ရပ်ကွက်တွေထဲ ရေဝင်နေသလို ဖားကန့်-မိုးကောင်းလမ်းမှာလည်း ရေကြီးနေတယ်လို့ မြန်မာနိုင်ငံလူမှုကူညီကယ်ဆယ်ရေး-ဖားကန့်က တာဝန်ရှိသူက ပြောပါတယ်။

    ဇွန် ၁၃ ရက်ကစလို့ ၃ ရက်ဆက်တိုက် မိုးရွာတာကြောင့် ဥရုချောင်းရေမြင့်တက်လာပြီး မြေနိမ့်ပိုင်းနေရာတွေမှာ ရေကြီးတာဖြစ်တယ်လို့ သိရပါတယ်။

    “ဖားကန့်-မိုးကောင်းလမ်းမှာ‌ ရေက ခါးလောက် ရှိတယ်။ ဖားကန့်မြို့ထဲမှာတော့ ပေါင်လောက်ထိ ရောက်နေတယ်။ အခုချိန်အထိတော့ လူတွေ ရွှေ့ ပြောင်းရတာ၊ မြေပြိုတာ မရှိသေးပေမဲ့ သတိတော့ ထားစေချင်တယ်” လို့ သူက ပြောပါတယ်။

    ဖားကန့်မှာ ကျောက်စိမ်းတူးဖော်ထားတဲ့ လုပ်ကွက်ဟောင်းနေရာတွေမှာ ရေကန်တွေဖြစ်နေတာ၊ နွံကန်တွေ ရှိနေတာ၊ လက်ရှိလုပ်ကွက်တွေမှာလည်း မိုးများပြီး မြေပြိုတာတွေဖြစ်နိုင်တာကြောင့်လို့ သူက ပြောပါတယ်။

    ဖားကန့် - မိုးကောင်းလမ်းမှာ ရေကြီးတာက အချိန်ပြည့်မဟုတ်ဘဲ မိုးပါးချိန်မှာ ရေပြန်ကျသွားတတ်တာကြောင့် ကားတွေ ပိတ်မိနေတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။

    မုတ်သုံလေအားကောင်းနေတာကြောင့် ဖားကန့်မြို့နယ်ရှိရာ ကချင်ပြည်နယ်အပါအဝင် ရန်ကုန်၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ ကချင်၊ ကရင်၊ မွန်စတဲ့ တိုင်းနဲ့ပြည်နယ် ၆ ခုမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဇွန် ၁၅ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

    ရန်ကုန်၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်နဲ့ မွန် စတဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ မိုးတိမ်တောင်တွေ ဖြစ်နေတာကြောင့် မိုးနဲ့အတူ လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာတွေလည်း ဖြစ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။

  9. ‘ဖိုက်တာဘဝကနေ အနားယူတဲ့အထိ ချန်ပီယံခါးပတ်ကို ကာကွယ်မယ်’ ဂျော့ရှုဝါဗန်

    အိမ်ဖြူတော်မြက်ခင်းပြင်ရှေ့ ကြိုးဝိုင်းဆောက်ပြီး ကျင်းပတဲ့ UFC Freedom 250 ပွဲ မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး အဆုံးသတ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အိမ်ဖြူတော်မြက်ခင်းပြင်ရှေ့ ကြိုးဝိုင်းဆောက်ပြီး ကျင်းပတဲ့ UFC Freedom 250 ပွဲ မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး အဆုံးသတ်

    မြန်မာနွယ်ဖွား ချင်းဖိုက်တာ UFC Flyweight ချန်ပီယံ ဂျော့ရှုဝါဗန်က သူရရှိထားတဲ့ ချန်ပီယံခါးပတ်ကို ဖိုက်တာဘဝကနေ အနားယူတဲ့အထိ ကာကွယ်သွားမယ်ဆိုပြီး ပြောလာပါတယ်။

    အမေရိကန်သမ္မတ အိမ်တော် အိမ်ဖြူတော်မှာ အခုကျင်းပနေတဲ့ အမေရိကန်လွတ်လပ်ရေး နှစ် ၂၅၀ ပြည့် UFC ပွဲကို တက်ရောက်ချိန်မှာ Paramount+ ရုပ်သံနဲ့ အင်တာဗျူးမှာ သူက အခုလို ပြောလိုက်တာဖြစ်ပါတယ်။

    ဂျော့ရှုဝါဗန်ဟာ အိမ်ဖြူတော်က UFC ပွဲကို သူ့မိတ်ဆွေ ဖိုက်တာတွေရဲ့ပွဲကို အားပေးဖို့ တက်ရောက်တာဖြစ်ပါတယ်။

    အိမ်ဖြူတော်မှာ ကျင်းပတဲ့ပွဲကိုတော့ သမ္မတ ထရမ့်အပါအဝင် သမ္မတကတော်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေလည်း တက်ရောက်ပါတယ်။

    အိမ်ဖြူတော် မြက်ခင်းပြင်မှာ ကျင်းပတဲ့ပွဲဟာ မိုးလေသ၀ အခြေအနေကြောင့် အချိန်နည်းနည်းရွှေ့ခဲ့ရပါတယ်။

    UFC Freedom 250 လို့ နာမည်ပေးတဲ့အခုပွဲကို Ilia Topuria နဲ့ Justin Gaethje တို့ Lightweight တန်း ခါးပတ်လုပွဲအပါအဝင် ပွဲစဉ် ၇ ပွဲအထိ ထည့်သွင်းခဲ့ပါတယ်။

    နောက်ဆုံးပွဲအနေနဲ့ ကျင်းပခဲ့တဲ့ Lightweight တန်း ခါးပတ်လုပွဲမှာ Justin Gaethje က ချန်ပီယံဖြစ်သွားပါတယ်။

    ပွဲမှာ ပထမအကျော့မှာ ဖိုက်တာ နှစ်ယောက်လုံး သူတင် ကိုယ်တင် လက်သီးထိုးချက်တွေနဲ့ စတင်ခဲ့ပါတယ်။ ပထမအချီမှာပဲ Gaethje က Topuria မျက်နှာညာဘက်ခြမ်းသွေးထွက်တဲ့အထိ တိုက်ခိုက်ခဲ့ပါတယ်။

    ဒုတိယအချီမှာတော့ Topuria က ပင့်လက်သီးတွေနဲ့ ပြိုင်ဘက် ထောင့်ကပ်တဲ့အထိ ပြန်လည်တိုက်ခိုက်ပါတယ်။

    ဒါပေမဲ့ တတိယအချီမှာ Topuria ရဲ့မျက်လုံးထိခဲ့တာကြောင့် သူ့အမြင်အာရုံပိုင်းကို ကြိုးဝိုင်းထဲက ဆရာဝန်က စစ်ဆေးခဲ့ပြီးတဲ့နောက်မှာ နောက်ဆုံးအချီဟာ အလဲထိုးနဲ့ ပွဲမပြီးခဲ့ဘဲ Gaethje အနိုင်ရခဲ့ပါတယ်။

  10. Work Permit ရှိပေမဲ့ နိုင်ငံခြားသား လုပ်ခွင့်မရှိတဲ့အလုပ် နယ်ပယ် ၁၀ ခု ထိုင်းအလုပ်သမားဝန်ကြီးဌာန သတိပေး

    မဲဆောက်မှာ ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းသူတွေကိုလည်း ဖမ်းဆီးပါတယ်

    ဓာတ်ပုံ ရင်းမြစ်, Tak Immigration

    ဓာတ်ပုံ ပုံစာ, မဲဆောက်မှာ ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းသူတွေကိုလည်း ဖမ်းဆီးပါတယ်

    ထိုင်းမှာ တရားဝင်အလုပ်လုပ်ခွင့် (Work Permit) ရှိရင်တောင် နိုင်ငံခြားသားလုပ်ခွင့်မရှိတဲ့ အလုပ်အကိုင်နယ်ပယ် ၁၀ မျိုးရှိတယ်ဆိုတာကို ထိုင်းအလုပ်ရှင်နဲ့ အလုပ်သမားတွေ သတိချပ်နိုင်ဖို့ အာဏာပိုင်တွေက သတိပေးထားတယ်လို့ ထိုင်းသတင်းဌာန The Nation က ရေးပါတယ်။

    ထိုင်းနိုင်ငံကို တရားဝင် ဝင်ရောက်ပြီး နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်ခွင့် (Work Permit) ရှိနေရင် ဘယ်အလုပ်မဆို လုပ်လို့ရတယ်ဆိုပြီး မှားယွင်းထင်မြင်နေကြတာကြောင့် အာဏာပိုင်တွေဘက်က သတိချပ်ဖို့ ပြောလာတာလို့လည်း ဆိုပါတယ်။

    ထိုင်းနိုင်ငံရဲ့ ဥပဒေအရ ထိုင်းနိုင်ငံသားတွေသာ လုပ်ခွင့်ရှိတဲ့ အလုပ်တွေကို သီးသန့် သတ်မှတ်ထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

    အခုထပ်သတိပေးလိုက်တဲ့လုပ်ငန်းနယ်ပယ် ၁၀ ခုမှာ လမ်းပေါ်မှာ ဈေးရောင်း၊ ပွဲစား၊ လက်သည်းအပါအဝင် အလှပြင်၊ အနှိပ်ခန်း၊ ယာဉ်မောင်း၊ ခရီးသွားလမ်းညွှန်၊ တရားရေးဝန်ဆောင်မှု၊ လက်နဲ့ယက်တဲ့ အဝတ်အထည်လုပ်ငန်း၊ လက်မှုပညာ၊ လုံခြုံရေးအလုပ် စတာတွေ ဖြစ်ပါတယ်။

    နိုင်ငံခြားသား လုပ်ခွင့်မရှိတဲ့လုပ်ငန်းလုပ်ကိုင်သူတွေ၊ လက်ရှိအလုပ်နဲ့ အလုပ်ရှင်မတူတာတွေကို ထိုင်းအစိုးရက ဆက်တိုက်ဖမ်းဆီးတာတွေရှိနေပါတယ်။

    ပြီးခဲ့တဲ့ မေ ၂၃ ရက်ကလည်း ချင်းမိုင်က ဘားနဲ့ကာရာအိုကေ ဖွင့်ထားတဲ့ ဆိုင်တစ်ဆိုင်ကနေ မြန်မာ ၁၂ ယောက်ဟာ အလုပ်လုပ်ကိုင်ခွင့်ပြုထားတဲ့စာအုပ်ပါ အလုပ်ရှင်နဲ့ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်ရှင် မတူတာကြောင့် ဖမ်းဆီးခံရတာလည်း ရှိခဲ့ပါတယ်။

    ဒါ့အပြင် ဇွန် ၁၁ ရက်တုန်းကလည်း ကျောင်းသားဗီဇာယူထားပြီး ကျောင်းမတက်ဘဲ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၇ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ထိုင်းသတင်းတွေမှာရေးထားပါတယ်။

    သူတို့ ၇ ယောက်ကို ဗီဇာတွေပယ်ဖျက်၊ လူတွေကို ထိန်းသိမ်းပြီးနောက် မြန်မာနိုင်ငံကို ပြန်ပို့မယ့် လုပ်ငန်းတွေ စတင်နေတယ်လို့လည်း သိရပါတယ်။

    နိုင်ငံခြားသား လုပ်ခွင့်မရှိတဲ့ အလုပ်လုပ်ရင် ဒဏ်ငွေ ဘတ် ၅,၀၀၀ ကနေ ၅,၀၀၀၀ ချမှတ်တာ ၊ နောက်ထပ် ၂ နှစ်အတွင်း အလုပ်လုပ်ခွင့်ပိတ်သိမ်းတာ၊ ပြည်နှင်ဒဏ်ပေးတာတွေ ပါဝင်တာကို အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

  11. အမေရိကန်နဲ့ အီရန်တို့ စစ်ရေးအဆုံးသတ်ဖို့ သဘောတူညီချက်ရ

    သဘောတူညီချက်အကြောင်း အီရန်နိုင်ငံပိုင်ရုပ်သံကို အသံဖိုင်နဲ့ ပြောပြနေတဲ့ အီရန်နိုင်ငံခြားရေးဒုဝန်ကြီး(ယာဘက်) အစွန်းက ဓာတ်ပုံမှာ မြင်ရသူ

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, သဘောတူညီချက်အကြောင်း အီရန်နိုင်ငံပိုင်ရုပ်သံကို အသံဖိုင်နဲ့ ပြောပြနေတဲ့ အီရန်နိုင်ငံခြားရေးဒုဝန်ကြီး(ယာဘက်) အစွန်းက ဓာတ်ပုံမှာ မြင်ရသူ

    လက်ဘနွန်အပါအဝင် စစ်မျက်နှာစာအားလုံးမှာ စစ်ဆင်ရေးတွေအဆုံးသတ်ရေး သဘောတူညီချက်ကို အမေရိကန်နဲ့ အီရန်တို့ကြား ရရှိပြီလို့ ပါကစ္စတန်နိုင်ငံရဲ့ဝန်ကြီးချုပ်က ပြောပါတယ်။

    ပါကစ္စတန်ဟာ အမေရိကန်နဲ အီရန်စစ်ပွဲမှာ ငြိမ်းချမ်းရေးအတွက် ကြားဝင်ညှိနှိုင်းပေးနေတဲ့နိုင်ငံဖြစ်ပါတယ်။

    သဘောတူညီချက်ကို နောက်ဆုံးအတည်ပြု လက်မှတ်ထိုးတာကိုတော့ ဆွစ်ဇာလန်နိုင်ငံမှာ သောကြာနေ့မှာ ပြုလုပ်ဖို့ရှိတယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ် ရှာရစ်ဖ်က ပြောပါတယ်။ ဒါပေမဲ့ သဘောတူညီချက်ထဲ ဘယ်အချက်တွေ ပါဝင်လဲဆိုတဲ့အသေးစိတ် မထွက်ပေါ်လာသေးပါဘူး။

    သမ္မတ ဒေါ်နယ်ထရမ့်ကတော့ သောကြာနေ့မှာ သဘောတူညီချက် လက်မှတ်ထိုးပြီးတဲ့အခါ ဟောမုဇ် ရေလက်ကြားကနေ ရေနံတွေ ဆက်လက်ဖြတ်သန်းစီးဆင်းမယ်လို့ ပြောပါတယ်။ အဲဒီကြေညာချက် ထွက်ကတည်းက ရေနံစျေးနှုန်းတွေလည်း ကျဆင်းနေပါတယ်။

    အီရန်ရော အမေရိကန် နှစ်ဖက်စလုံးအတွက် အောင်မြင်မှု ဖြစ်ဖို့ဆိုရင် ထရမ့်အနေနဲ့ တီဟီရန်ရဲ့ နျူကလီးယားသန့်စင်မှုကို နှစ် ၂၀ စာလောက် အနည်းဆုံး ဟန့်တားနိုင်မယ့်အာမခံချက်လိုမယ်လို့ ဘီဘီစီရဲ့ အမေရိကန် နိုင်ငံခြားရေးဆိုင်ရာသတင်းထောက် တွန် ဘိတ်မန်းက ရေးပါတယ်။

    အီရန်အတွက်ဆိုရင်တော့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ခံရမှု ပြန်လည်လျှော့ချခံရဖို့နဲ့ လွှဲပြောင်းရယူခွင့်အပိတ်ခံထားရတဲ့ ဒေါ်လာ သန်းသောင်းချီတဲ့ ရေနံဝင်ငွေတွေ ပြန်လည်ရယူနိုင်မှပဲ အောင်မြင်မှုလို့ပြောလို့ရမယ်လို့ ဆိုပြီး သူက ရေးပါတယ်။

    အီရန်ဘက်ကတော့ သဘောတူညီချက် နောက်ဆုံးအဆင့်အတည်ပြုနိုင်ပြီလို့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက နိုင်ငံပိုင် ရုပ်သံကနေ အတည်ပြုသွားပြီး အီရန်နိုင်ငံ လက်နက်ကိုင်တပ်တွေရဲ့ ထိပ်ပိုင်းခေါင်းဆောင်ကတော့ ဒါဟာ တီဟီရန်အတွက် အောင်ပွဲလို့ဆိုပြီး ပုံဖော်ပါတယ်။

    ဘီဘီစီရဲ့လုံခြုံရေးဆိုင်ရာသတင်းထောက်ကတော့ ရေရှည်မှာ အဆုံးအဖြတ်ပေးမှာက အမေရိကန်သမ္မတ ပြောသလို အီရန်ဟာ အန္တရာယ်ရှိတဲ့ နျူကလီးယား လက်နက် ထုတ်တာမျိုးကို လျှော့ချမှာလားဆိုတဲ့အချက်ဖြစ်တယ်လို့ ရေးပါတယ်။

    နောက်ပြီး တချို့စိုးရိမ်ကြသလို သဘောထားတင်းမာတယ်လို့ဆိုတဲ့ အီရန်တော်လှန်ရေးအစောင့်တပ်(IRGC)ဟာ နောက်တစ်ကြိမ် တိုက်ခိုက်တာ မခံရခင်မှာ ဗုံးတစ်လုံးရဖို့ လျှို့လျှို့ဝှက်ဝှက်နဲ့ ကြိုးစားနေမလားဆိုတဲ့အချက်လည်း ရှိနေပြန်တယ်လို့ သူက ပြောပါတယ်။

    အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို ဖေဖော်ဝါရီလ ၂၈ ရက်မှာ ပူးတွဲ တိုက်ခိုက်ခဲ့ရာကနေ ဒီစစ်ပွဲ စတင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ပဲ အီရန်ဘက်ကလည်း ပင်လယ်ကွေ့မှာရှိတဲ့ အမေရိကန်ရဲ့မဟာမိတ်နိုင်ငံတွေကို ပြန်လည်တိုက်ခိုက်တာ၊ ကမ္ဘာ့ရေနံနဲ့ ဓာတ်ငွေ့ သယ်ပို့လမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်တာတွေလုပ်ပြီး ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

  12. မြဝတီမှာ ရဲစခန်းနဲ့ အုပ်ချုပ်ရေးမှူးရုံးအနီး ဒရော့ဗုံးကျပြီးနောက် စစ်ကားတွေကင်းလှည့်နေ

    မြဝတီမြို့မြင်ကွင်း (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မြဝတီမြို့မြင်ကွင်း (ပုံဟောင်း)

    ထိုင်း-မြန်မာနယ်စပ်က ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းကြားကို မနေ့ညပိုင်းတုန်းက ဒရုန်းနဲ့ကြဲတဲ့ ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲပြီးနောက်မှာ ဒီနေ့ မနက်မှာ မြို့ထဲ စစ်ကားတွေ ကင်းလှည့်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    မြဝတီမြို့၊ အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းကြားကို မနေ့ ဇွန် ၁၄ ရက်၊ ည ၉ နာရီခွဲမှာ ဒရုန်းကနေ ကြဲတဲ့ဒရော့ဗုံး ကျရောက်ပေါက်ကွဲတာလို့ မြို့ခံတွေက ပြောပါတယ်။

    ဗုံးဟာ ရဲစခန်းနဲ့ အုပ်ချုပ်ရေးမှူးရုံးကြား ဆောက်လက်စ အဆောက်အဦပေါ် ကျရောက်ပေါက်ကွဲတာဖြစ်ပြီး လူထိခိုက်မှု ရှိ မရှိကိုတော့ မသိကြရသေးဘူးလို့လည်း မြို့ခံတစ်ယောက်က ပြောပါတယ်။

    ဗုံးကျတဲ့ဖြစ်စဉ်အပြီးမှာပဲ စစ်တပ်က ဒီနေ့မနက်ပိုင်းမှာ မြဝတီမြို့ထဲကို စစ်ကားသုံးစီးနဲ့ ကင်းပတ်တာတွေ့သလို ဒရုန်းနဲ့ပစ်ခတ်နိုင်ခြေရှိတယ်လို့ ယူဆဲ့မြို့အစွန်နေရာတွေကိုလည်း လိုက်စစ်ဆေးနေတာ တွေ့ရတယ်လို့ အခြေအနေသိရှိသူက ပြောပါတယ်။

    မနေ့ညပိုင်းတုန်းကလည်း မြဝတီမြို့မှာ မီးလောင်မှုဖြစ်ခဲ့တာကြောင့် ဒရုန်းကျရောက်ပေါက်ကွဲရာကနေ မီးလောင်တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

    ဘီဘီစီက ဒီနေ့ ဇွန်လ ၁၅ ရက်မှာ သတင်းမေးမြန်းကြည့်တဲ့အခါမှာတော့ မီးလောင်မှုနဲ့ ဒရော့ဗုံးကျတဲ့ဖြစ်စဉ် သီးခြားစီဖြစ်ပြီး မီးလောင်မှုဟာ မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်ထဲက ဂတ်စ်အရောင်းဆိုင်တစ်ဆိုင်မှာဖြစ်ခဲ့တာလို့ သိရပါတယ်။

    တစ်ဖက်မှာလည်း မြဝတီမြို့ထဲက စစ်ဘက်နဲ့ နေပြည်တော်အုပ်ချုပ်ရေးယန္တရားတွေကို ပစ်မှတ်ထားတယ်လို့ နားလည်ရတဲ့ ဒရော့ဗုံးကျတဲ့ဖြစ်စဉ်ဟာ မြဝတီမှာ ပြီးခဲ့တဲ့လတွေအတွင်း ပထမဆုံးအကြိမ်ဖြစ်လာတာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလဆန်းတုန်းကတော့ စစ်ကောင်စီလက်ထက် မြဝတီမြို့က ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ အုပ်ချုပ်ရေးမှူးအပါဝင် ၅ ဦးသေဆုံးပြီး နောက်ထပ် ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

    မနေ့ညတုန်းက ဖြစ်ပွားခဲ့တဲ့ ဒရုန်းကျရောက်ပေါက်ကွဲမှုကို ဘယ်သူလုပ်ဆောင်တယ်ဆိုတာ မသိရသေးသလို ဘယ်အဖွဲ့အစည်းကမှလည်း သူတို့ လုပ်ရပ်ဖြစ်တယ်ဆိုတာ သတင်းမထုတ်သေးပါဘူး။

    မြဝတီမြို့နယ်ဟာ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်ပြီး စစ်တပ်အပြင် နယ်ခြားစောင့်တပ် BGF ၊ ကရင်အမျိုးသားလွတ်မြောက်ရေး (ငြိမ်းချမ်းရေးကောင်စီ)-KNU/KNLA(PC) ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်(DKBA) အပါအဝင် လက်နက်ကိုင်အဖွဲ့စုံ ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။

  13. မင်္ဂလာပါ။ ဇွန်လ ၁၅ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။