တိုက်ရိုက်ထုတ်လွှင့်မှု, မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ အင်ဒိုနီးရှားက နေပြည်တော်ကို တိုက်တွန်း

မြန်မာ့အရေး ဖြေရှင်းနိုင်ရေးအတွက် အာဆီယံရဲ့ဘုံသဘောတူညီ ၅ ချက်ကို အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနိုကပြောတဲ့သတင်းအပါအဝင် ဇွန် ၉ ရက် နိုင်ငံတကာနဲ့ ပြည်တွင်းထူးခြားသတင်းများကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ မနေ့က နေပြည်တော်လာရောက်ခဲ့တဲ့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်သမ္မတကို အလေးအနက်တိုက်တွန်း

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဆက်ဆံရေး ပိုနီးကပ်အောင်လုပ်ဖို့ ရှီနဲ့ ကင် သဘောတူ

    ဇွန်လ ၈ ရက်တုန်းက ပြုံယမ်းမြို့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ တွေ့ဆုံမှု၊ အနောက်တိုင်း ဝတ်စုံဝတ်ထားတဲ့ ရှီနဲ့ ကင်တို့ ကင်မရာကိုကြည့်ပြီး လက်ဆွဲနှုတ်ဆက်နေတာ မြင်ရ၊ သူတို့ နှစ်ဦးအနောက်မှာ မြောက်ကိုရီးယားနဲ့ တရုတ်အလံ ၂ ခုစီကို တလှည့်စီ ထောင်ထားတာ မြင်တွေ့ရ

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, ဇွန်လ ၈ ရက်တုန်းက ပြုံယမ်းမြို့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ တွေ့ဆုံမှု

    တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း မြောက်ကိုရီးယားကို ပထမဆုံးသွားတဲ့ သူ့ရဲ့ ၂ ရက်ကြာ ခရီးစဉ်ကို ဒီနေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။

    ပြုံယမ်းက သူ့ကို မနေ့က ခမ်းခမ်းနားနားကြိုဆိုခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့နဲ့လည်း ကြိုဆိုခဲ့ပါတယ်။

    အဲဒီနောက်မှာ ရှီနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ဟာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ကတိကဝတ် ပြုထားပါတယ်။

    ရှီဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတက ဗလာဒီမီယာ ပူတင်တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့အပြီးမှာ မြောက်ကိုရီးယားကို သွားခဲ့တာဖြစ်ပါတယ်။

    ရှီဟာ ရုရှားနဲ့ ပိုနီးကပ်လာပြီး ခန့်မှန်းရခက်ခဲတဲ့ သူ့ အိမ်နီးချင်း မဟာမိတ် မြောက်ကိုရီးယားကို ဗျူဟာကျကျ ဘယ်လို ဘက်ယိမ်းလာအောင် လုပ်မလဲဆိုတာကို သေချာအောင်လုပ်ဖို့ အခုခရီး စတင်ခဲ့တာလို့ ဘီဘီစီရဲ့ တရုတ်နိုင်ငံဆိုင်ရာသတင်းထောက်က ရေးပါတယ်။

  2. မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ အင်ဒိုနီးရှားက နေပြည်တော်ကို တိုက်တွန်း

    ဇွန် ၈ ရက် နေပြည်တော်မှာ ဦးမင်းအောင်လှိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံမှု

    ဓာတ်ပုံ ရင်းမြစ်, Indonesia MFA

    ဓာတ်ပုံ ပုံစာ, ဇွန် ၈ ရက် နေပြည်တော်မှာ ဦးမင်းအောင်လှိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံမှု

    နေပြည်တော်ကို တစ်ရက်တာခရီးသွားခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနိုက နေပြည်တော်သမ္မတဦးမင်းအောင်လှိုင်နဲ့တွေ့ဆုံချိန်မှာ မြန်မာ့အရေး ဖြေရှင်းနိုင်ရေးအတွက် အာဆီယံရဲ့ဘုံသဘောတူညီ ၅ ချက်ကို အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်လို့ပြောခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။

    ဇွန် ၈ ရက်က အဲဒီတွေ့ဆုံမှုအတွင်း မြန်မာမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဖြစ်ပေါ်လာရေးအတွက် အင်ဒိုနီးရှားက ထောက်ခံကြောင်းလည်းပြောခဲ့တယ်လို့ဆိုပါတယ်။

    အင်ဒိုနီးရှားအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ မြန်မာကိုယ်တိုင် ဦးဆောင်တဲ့ လုပ်ငန်းစဉ်ဖြစ်သင့်ကြောင်းပြောကြားခဲ့ပြီး သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်ပေါ်လာရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။

    အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလက အာဆီယံခေါင်းဆောင်တွေနဲ့ အဲဒီအချိန်က စစ်ခေါင်းဆောင်တို့ သဘောတူခဲ့ကြတာဖြစ်ပါတယ်။

    အကြမ်းဖက်မှု ရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေး အပါအဝင် အဓိကအချက်အများစုမှာ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးဘူးလို့ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ထားပါတယ်။

    အင်ဒိုနီးရှားအနေနဲ့ မြန်မာမှာ လက်ရှိကြုံတွေ့နေရတဲ့အခြေအနေကို နားလည်ပြီး ငြိမ်းချမ်းတဲ့နိုင်ငံဖြစ်လာဖို့ နေပြည်တော်အစိုးရက လုပ်ဆောင်နိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ဦးမင်းအောင်လှိုင်နဲ့တွေ့ဆုံချိန်ပြောကြားတယ်လို့ နိုင်ငံပိုင်သတင်းစာက ဖော်ပြပါတယ်။

    မြန်မာက အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို တတ်နိုင်သမျှဆောင်ရွက်နေတဲ့ အခြေအနေကို ‌ဆွေးနွေးတယ်လို့ ပြောပေမဲ့ နှစ်ဖက်ဆွေးနွေးမှု အသေးစိတ်ကိုတော့ မဖော်ပြထားပါတယ်။

    အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ဖော်ဆောင်ဖို့ အာဆီယံနိုင်ငံတွေ ဆက်လက်ထိတွေ့ဆက်ဆံနေတဲ့ ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပြီးခဲ့တဲ့လတွေအတွင်း ဖိလစ်ပိုင်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကလည်း မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြပါတယ်။

  3. မင်္ဂလာပါ။ ဘီဘီစီမြန်မာပိုင်းရဲ့ ဇွန် ၉ ရက်နောက်ဆုံးရ ကမ္ဘာနဲ့ မြန်မာက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပြီဖြစ်ပါတယ်။