တိုက်ရိုက်ထုတ်လွှင့်မှု, ကျောင်းပြင်ပရောက် အသက် ၁၅ နှစ်အောက် ကလေးများကို Placement Test နဲ့ ကျောင်းပြန်တက်ခွင့်ပေးမယ်လို့ နေပြည်တော်ကြေညာ

ကျောင်းပြင်ပရောက်ကလေးတွေကို အဆင့်သတ်မှတ် စမ်းသပ်ချက် (Placement Test) ဖြေဆိုပြီး ကျောင်းပြန်တက်ခွင့်ပေးမယ်လို့ နေပြည်တော် ထုတ်ပြန်တဲ့သတင်းအပါအဝင် ၂၀၂၆ ခုနှစ် မေ ၂၁ ရက် နိုင်ငံတဝန်းနဲ့ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

အသက် ၁၅ နှစ်အောက် ကျောင်းသားတွေကို အဆင့်သတ်မှတ် စမ်းသပ်ချက် ဖြေဆိုပြီ ကျောင်းပြန်တက်ခွင့်ပြုဖို့ နေပြည်တော် ပညာရေးဝန်ကြီးဌာနစီစဉ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. လိပ်သို-တောင်ငူလမ်းမှာ ပရဟိတကား မိုင်းထိလို့ ၁ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

    လိပ်သို-တောင်ငူလမ်းကို သုံးပြီး လူနာကို ဆေးရုံပို့ကြရတဲ့ ပရဟိတအဖွဲ့ကို အခုလဆန်းပိုင်းတုန်းက မြင်ရတာဖြစ်ပါတယ်။ လူနာတင်ကားတစ်စီး နောက်ဖုံးဖွင့်၊ ကင်မရာဘက်ကို ကျောပေးတဲ့အနေအထားနဲ့ ရပ်ထားပြီး အမျိုးသား ၇ ဦး ကို ါ်ာတ်ုပံထဲမှာ မြင်ရ၊ ဘယ်အစွန်ဆုံးက အမျိုးသား လျှာဦးထုပ် အနီရောင်ကို ဆောင်းထား၊ ဓာတ်ပုံအလယ်မှာ အမျိုးသားတစ်ဦး ဝါးစိမ်းလုံးကို ထမ်းနေတာ မြင်တွေ့ရ

    ဓာတ်ပုံ ရင်းမြစ်, ဂယ်ခိုဂယ်ဘားသာသနာနယ် ကရုဏာမေတ္တာလူမှုကူညီရေးအဖွဲ့

    ဓာတ်ပုံ ပုံစာ, လိပ်သို-တောင်ငူလမ်းကို သုံးပြီး လူနာကို ဆေးရုံပို့ကြရတဲ့ ပရဟိတအဖွဲ့တစ်ဖွဲ့ကို အခုလဆန်းပိုင်းတုန်းက မြင်ရတာဖြစ်ပါတယ်

    ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင်၊ လိပ်သိုမြို့နယ်မှာ အရေးပေါ်လူနာကို ဆေးရုံတင်ဖို့ ခေါ်ဆောင်လာတဲ့ ပရဟိတ ကားတစ်စီး မိုင်းထိခဲ့တာကြောင့် လူ ၁ ဦး သေပြီး နောက်ထပ် ၄ ဦး ဒဏ်ရာရတယ်လို့ တောင်ငူအခြေစိုက်ပရဟိတအဖွဲ့တွေက ပြောပါတယ်။

    အရေးပေါ်လူနာ၊ လူနာစောင့်နဲ့ ပရဟိတဝန်ထမ်း ၅ ဦးခန့်ပါတဲ့ လူနာတင်ကားဟာ မေလ ၁၉ ရက်၊ ည ၉ နာရီမှာ မွန်ကုန်းရွာအနီးလမ်းမပေါ်မှာ မိုင်းထိခဲ့တာလို့ အခြေအနေသိရှိသူက ပြောပါတယ်။

    မိုင်းထိပြီး ကားတစ်ခြမ်းလုံး ထိခိုက်ပျက်စီးသွားပေမဲ့ ဘီးမပေါက်တာကြောင့် တောင်ငူမြို့ရောက်အောင် ဖြည်းဖြည်းချင်း ဆက်မောင်းနိုင်ခဲ့ပြီး လူနာကိုလည်း ဆေးရုံတင်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

    “ဒီလမ်းမှာ စစ်တပ်က မကြာခဏ မိုင်းဆွဲခံရတာတွေ ရှိတယ်။ အဲဒီကားကို ပွိုင့်ကားလို့ ယူဆပြီး မိုင်းဆွဲခံရတာလို့ ထင်တယ်။” လို့ အခြေအနေသိရှိတဲ့ တောင်ငူအခြေစိုက် ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    မိုင်းပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူဟာ ကားပေါ်မှာ လိုက်လာတဲ့ လူနာစောင့် အမျိုးသားလို့ သိရပါတယ်။

    မိုင်းထိတဲ့ကား တောင်ငူကိုရောက်လာတဲ့အခါ တခြားပရဟိတအဖွဲ့တွေ ရောက်လာပြီး ဒဏ်ရာရသူတွေထဲက ပြင်းထန်ဒဏ်ရာရတဲ့ ပရဟိအဖွဲ့ဝင်တစ်ဦးကို နေပြည်တော်က ဆေးရုံကို မေ ၂၀ ရက်မှာ ပို့ခဲ့တယ်လို့ သိရပါတယ်။

    ကျန်တဲ့ဒဏ်ရာရသူတွေကတော့ တောင်ငူဆေးရုံမှာ ကုသမှုခံယူနေပါတယ်။

    လိပ်သိုမြို့နယ်ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ တပ်မဟာ ၂ နယ်မြေထဲမှာ ပါဝင်ပြီး စစ်တပ်အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့လည်း လှုပ်ရှားပါတယ်။

    ဒါပေမဲ့ အခုမိုင်းခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ သက်ဆိုင်ရာအဖွဲ့တွေက သတင်းထုတ်ပြန်တာ မရှိသေးသလို ဘယ်သူလုပ်ဆောင်တယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    ပရဟိတကား မိုင်းထိပြီးတဲ့နောက် လုံခြုံရေးစိုးရိမ်ရတဲ့အတွက် လိပ်သိုမြို့နယ်ထဲက စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ရေးကိစ္စကို ခေတ္တရပ်နားထားတယ်လို့လည်း သိရပါတယ်။

  2. ထိုင်း -မြန်မာနယ်စပ်မှာ နိုင်ငံမဲ့နဲ့ နယ်စပ်လူထုကို ကျန်းမာရေးစောင့်ရှောက်တဲ့ထိုင်းဆရာဝန်ကို WHO ဂုဏ်ပြု

    ဒေါက်တာ ဝေါ်ရာဝတ် တွန်တီး၀က်တနာဆပ်

    ဓာတ်ပုံ ရင်းမြစ်, WHO THAILAND

    ထိုင်း-မြန်မာနယ်စပ်မှာ ကျေးလက်လူထုအပြင် နိုင်ငံမဲ့သူတွေနဲ့ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ဆေးကုသမှုခံယူရတဲ့ လူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုရရှိအောင် စွမ်းဆောင်ခဲ့တဲ့ ထိုင်းဆရာဝန် ဒေါက်တာ ဝေါ်ရာဝတ် တွန်တီ၀က်တနာဆပ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဂုဏ်ပြုဆုချီးမြှင့်လိုက်ပါတယ်။

    ဒေါက်တာ ဝေါ်ရာဝတ် တွန်တီ၀က်တနာဆပ်ဟာ မြန်မာနိုင်ငံနဲ့နယ်စပ်၊ ထိုင်းနိုင်ငံ၊ တာ့ခ် ခရိုင်၊ အုန်းဖန်ဆေးရုံရဲ့ ညွှန်ကြားရေးမှူးဖြစ်ပါတယ်။

    ထိုင်းနယ်စပ်အခေါင်အဖျားက လူထုကို ကျန်းမာရေးလက်လှမ်းမီအောင် ကြိုးပမ်းမှုအတွက် သူ့ကို မနေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ပြုလုပ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ညီလာခံမှာ ဂုဏ်ပြုဆုချီးမြှင့်လိုက်တာဖြစ်ပါတယ်။

    သူ့ကို WHO ရဲ့ ၂၀၂၆ ပြည်သူ့ကျန်းမာရေးဆုတွေထဲ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) ကျန်းမာရေးဖောင်ဒေးရှင်းဆုကို ချီးမြှင့်တာဖြစ်ပါတယ်။

    WHO အမှုဆောင်ဘုတ်အဖွဲ့ဟာ ဒေါက်တာ ဝေါ်ရာဝစ်ကို ဆုချီးမြှင့်ဖို့ ဖေဖော်ဝါရီလမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီဆုနဲ့အတူ ဆုလက်မှတ်၊ ဆုတံဆိပ်နဲ့ အမေရိကန်ဒေါ်လာ လေးသောင်းကိုလည်း ချီးမြှင့်ခဲ့ပါတယ်။

    နယ်စပ်မှာ ဆေးကုသမှုပေးတဲ့ ဒေါက်တာ ဝေါ်ရာဝတ်ရဲ့အုန်းဖန်ဆေးရုံဟာ ဆေးရုံဝန်အားနဲ့ လာရောက်ကုသသူ ပမာဏမမျှလို့ နှစ်ပေါင်း ၃၀ ကျော်အတွင်း ဘတ်ငွေ သန်းဆယ်ချီ အကြွေးတက်ခဲ့ပါတယ်။

    ဒီဆေးရုံဟာ နှစ်နိုင်ငံနယ်စပ်က လူထုရဲ့အားကိုးရာလည်းဖြစ်ပေမဲ့ ထိုင်းအစိုးရဆေးရုံအနေနဲ့ အထောက်အထားမဲ့နိုင်ငံခြားသားတွေထက် အခွန်ထမ်းထားတဲ့ ထိုင်းနိုင်ငံသားတွေကို ဦးစားပေး ကုသသင့်တယ်ဆိုတဲ့ဝေဖန်ချက်တွေလည်း ရှိခဲ့ပါတယ်။

    ဒေါက်တာ ဝီရာဝတ်ကတော့ ‘‘ကိုယ့်ရှေ့မှာ လူနာရောက်လာရင် ကလေးမွေးမယ့်သူပဲဖြစ်ဖြစ်၊ နာမကျန်းဖြစ်သူပဲဖြစ်ဖြစ် ကုသပေးရမှာပဲ။ ဒီနေရာမှာ ကျင့်ဝတ်စည်းကမ်း ထောက်ရှုမှုအပိုင်းကို နောက်မှာထားလိုက်ရမှာပဲ။ လူတွေ အမြင်အမျိုးမျိုးရှိနိုင်ပေမဲ့ ဘယ်လိုအဖြေပဲဖြစ်ဖြစ် ပြဿနာအတွက် အဖြေဟာ ဒီမှာရင်ဆိုင်နေရတဲ့အခြေအနေမှန်ကို ထင်ဟပ်ဖို့ လိုတယ်’’ လို့ ဘန်ကောက်ပို့စ် သတင်းစာကို ဧပြီလတုန်းက ဖြေကြားဖူးပါတယ်။

    ကုတင် ၈၀ ဆံ့တဲ့ဆေးရုံဟာ လူနာများတဲ့အချိန်ဆိုရင် နောက်ထပ် လူနာ ၅၀ လောက်စာကို ကြမ်းပြင်မှာ ဖျာခင်းပြီး ကုသမှု ပေးရတာဖြစ်ပါတယ်။

    ဝန်နဲ့အား မမျှတဲ့ဒီအခြေအနေကြောင့် ဆေးရုံကြွေး ဘတ်သန်းဆယ်ချီ တင်ခဲ့လို့ ဒေါက်တာ ဝေါ်ရာဝတ်က အလှူငွေထည့်ကြဖို့ မေတ္တာရပ်ခံခဲ့အပြီးမှာ အကြွေးတွေအတွက် အဆင်ပြေခဲ့ပါတယ်။

    ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကတော့ လူသားချင်းစာနာမှုအနေနဲ့ ပေးရမယ့် တာဝန်ဝတ္တရားတွေနဲ့ ဘဏ္ဍာရေးအကန့်အသတ်ကြား ဟန်ချက်ညီအောင် ကြိုးပမ်းမယ်လို့ ဆိုပါတယ်။

    ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကတော့ အုန်းဖန်ဆေးရုံပဲ ဖြစ်ဖြစ်၊ နယ်စပ်က တခြားကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့နေရာတွေကိုပဲဖြစ်ဖြစ် ပိတ်သွားမယ့်မူဝါဒ မရှိဘူးလို့ ပြောပြီး မေလကနေ စက်တင်ဘာလအတွင်း ဆေးရုံလုပ်ငန်းဆောင်တာတွေ လည်ပတ်နိုင်ဖို့ ဘတ်သန်း ၆၀ ကို အရေးပေါ် ရန်ပုံငွေအဖြစ် အသုံးပြုဖို့ အတည်ပြုထားပြီးဖြစ်တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။

  3. ကျောင်းပြင်ပရောက် အသက် ၁၅ နှစ်အောက် ကလေးများကို Placement Test နဲ့ ကျောင်းပြန်တက်ခွင့်ပေးမယ်လို့ နေပြည်တော်ကြေညာ

    ၂၀၂၅-၂၆ ပညာသင်နှစ်မှာ တက်ရောက်နေတဲ့ ကျောင်းသားတွေ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, ၂၀၂၅-၂၆ ပညာသင်နှစ်မှာ တက်ရောက်နေတဲ့ ကျောင်းသားတွေ (ပုံဟောင်း)

    ၂၀၂၁ ခုနှစ်နောက်ပိုင်း ကျောင်းပညာရေးပြတ်တောက်သွားတဲ့ အသက် ၁၅ နှစ်အောက် ကလေးတွေကို အဆင့်သတ်မှတ် စမ်းသပ်ချက် (Placement Test) ဖြေဆိုစေပြီး ကျောင်းပြန်တက်ခွင့်ပေးမယ်လို့ နေပြည်တော်၊ ပညာရေးဝန်ကြီးဌာနက မေ ၂၁ ရက်မှာ ကြေညာပါတယ်။

    နေပြည်တော်က ကြေညာတဲ့ အဲဒီ အစီအစဉ်အရ ကျောင်းပြင်ပရောက်နေတဲ့ ကလေးတွေကို အသက်အရွယ်အလိုက် ကျောင်းတက်ခွင့် တန်းသတ်မှတ်တာမဟုတ်ဘဲ အတန်းစာအလိုက် တတ်မြောက်မှုပေါ် မူတည်ပြီး တက်ရောက်ခွင့်ပေးမယ်လို့ နားလည်ရပါတယ်။

    ကြေညာချက်အရ ၂၀၂၁-၂ ပညာသင်နှစ်ကစပြီး ကျောင်းပြင်ပကို ရောက်ရှိခဲ့တဲ့ ကျောင်းသားတွေကို ပညာအရည်အချင်းအရ ဒါမှမဟုတ် အသက်အရွယ်အရ ကိုက်ညီတဲ့ အတန်းမှာ တက်ရောက်နိုင်ရေး စီစဥ်တဲ့စာမေးပွဲ လို့ဖော်ပြပါတယ်။

    ဒါအပြင် ဖြေဆိုတဲ့အခါ ကျောင်းပြင်ပရောက် ကလေးရဲ့ အသက်အရွယ်အရ တက်ရောက်ရမမယ့် အတန်းရဲ့ တစ်ဆင့် နိမ့်အတန်းကို ဝင်ရောက်ဖြေဆိုရမယ်လို့ ဆိုပါတယ်။

    သဘောဆန္ဒအရ အတန်းတဆင့်နိမ့် တက်ရောက်လိုသူကလည်း Placement Test ဖြေဆိုတဲ့အခါ အဲဒီအတန်းရဲ့ တဆင့်နိမ့်အတန်းကို ဝင်ရောက်ဖြေဆိုနိုင်တယ်လို့ ပြောထားပါတယ်။

    ရန်ကုန်မြို့က အလယ်တန်းပြကျောင်းဆရာမတစ်ဦးရဲ့ ရှင်းပြချက်အရ ၇ တန်းတက်ရမယ့် အသက်အရွယ်ရှိ ကျောင်းသားတစ်ဦးက ၇ တန်းမှာ တက်ရောက်ဖို့အတွက် တဆင့်နိမ့်အတန်း ၆ တန်းစာကိုပြန်ဖြေရမယ်လို့ဆိုပါတယ်။

    အခု နေပြည်တော်ကကြေညာချက်အရ G-1 ကနေ G-9 ဟာ မူလတန်း အဆင့်/အလယ်တန်း အဆင့်အထိ ပါဝင်တာဖြစ်ပါတယ်။

    '' စမ်းသပ်စာမေးပွဲ အောင်မြင်တဲ့ကျောင်းသားက ဖြေဆိုတဲ့စာမေးပွဲ အတန်းရဲ့ တဆင့်မြင့်အတန်းကို တက်ရမယ်။ကျရင်ဖြေတဲ့အတန်းပဲတက်ရမယ်။ သဘောက ၇ တန်းတက်ချင်ရင် ၆ တန်းစာကိုဖြေရမယ်။ အောင်ရင် ၇ တန်းတက်၊ ကျရင် ၆ တန်းမှာပဲ တက်ရမယ်။ နောက်တချက်က ကျောင်းသားအသက်က ၇ တန်းနေရမယ့် အသက်ဆိုပေမယ့် ကာယကံရှင်ကျောင်းသားက အဆင့်နိမ့်နေချင်ရင်လည်းရပါတယ်။ ၅ တန်းနေချင်တယ်ဆို ၄ တန်းစာဖြေရမှာပါ။ အသက်အရွယ်နဲ့ရောက်ရမယ့် အတန်းထက်တော့ပိုနေချင်လို့မရဘူး။ အသက်က ၁၃ နှစ် ကို ၉ တန်းနေချင်လို့တော့မရတော့ပါဘူး'' လို့ ဆရာမက ဆက်ပြောပြပါတယ်။

    ရန်ကုန်မြို့က ပုဂ္ဂလိကကျောင်းဆရာတစ်ဦးကတော့ နေပြည်တော်ရဲ့ အခုအစီအစဥ်က ကျောင်းမတက်ဘဲ မြို့ပြတွေမှာ နေထိုင်ပြီး အွန်လိုင်း၊ ပြင်ပကျူရှင်တွေမှာ စာသင်နေတဲ့ကျောင်းသားတွေအတွက် အဆင်ပြေပေနိုင်ပေမယ့် ပဋိပက္ခဒေသတွေက ကလေးတွေအတွက် အခက်အခဲရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။

    ထုတ်ပြန်ချက်အရ အသက် ၇ နှစ်ကနေ ၁၃ နှစ်အထိ ကလေးတွေကို Grade 1 ကနေ Grade 7 အထိ၊ အသက် ၁၄ နှစ်နဲ့ ၁၅ နှစ်အရွယ်တွေကိုတော့ Grade 8 Placement Test ဖြေဆိုနိုင်တယ်လို့ဆိုပေမယ့် အထက်တန်းတွေအတွက်တော့ထည့်ပြောထားတာမရှိပါဘူး။

    အဲဒီစာမေးပွဲတွေကို လာမယ့် ဇွန် ၁၅ ရက်ကနေ ၂၀ ရက်အထိ အခြေခံပညာမူလတန်းနဲ့ အလယ်တန်းအဆင့်တွေကို သက်ဆိုင်ရာမြို့နယ် စာစစ်ဌာနတွေမှာ စစ်ဆေးမယ်လို့ဆိုပါတယ်။

    အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ပုဂ္ဂလိကကျောင်းနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ ပညာသင်ယူခဲ့ဖူးသူတွေ အကျုံးဝင်မှာဖြစ်ပြီး ရလဒ်ကို ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

  4. မင်္ဂလာပါ။ မေ ၂၁ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။