တိုက်ရိုက်ထုတ်လွှင့်မှု, ချင်း၊ မင်းတပ်မြို့ပေါ်နဲ့ မြို့အနီးကို စစ်တပ်လေကြောင်းဗုံးကြဲ

မင်းတပ်မြို့ပေါ်နဲ့ မြို့အနီးကို ဒီကနေ့ မနက်ပိုင်းက စစ်တပ်က တိုက်လေယာဥ်နဲ့ နှစ်ကြိမ်၊ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့သတင်းအပါအဝင် ၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ချင်းတောင်ပိုင်းက မင်းတပ်မြို့ပေါ်နဲ့ မြို့အနောက်ခြမ်းကို စစ်တပ်က တိုက်လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက် ထိခိုက်သေဆုံးရှိ
  • အချက်အလက် စိစစ်ပြီးသူ ခွင့်ပြန်အလုပ်သမား ၆၀၆ ဦးကို အလုပ်သမားဝန်ကြီးဌာနက OWIC လုပ်ခွင့်ပြု

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ခွင့်ပြန်အလုပ်သမား ၆၀၀ ကျော်ကို OWIC ကတ် လုပ်ပေးမယ်လို့ဆို

    ၂၀၂၄ ဧပြီမှာ ထိုင်းနိုင်ငံကို သွားရောက်တဲ့ MOUအလုပ်သမားတွေ

    ဓာတ်ပုံ ရင်းမြစ်, အလုပ်သမားသံအရာရှိရုံး

    ဓာတ်ပုံ ပုံစာ, ၂၀၂၄ ဧပြီမှာ ထိုင်းနိုင်ငံကို သွားရောက်တဲ့ MOUအလုပ်သမားတွေ (ပုံဟောင်း)

    ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်ပြား(OWIC)ကို အခြေခံတဲ့ကန့်သတ်ချက်တွေကြောင့် ပြည်ပထွက်မယ့်လုပ်သားတွေ ပြည်တွင်းမှာ ပိတ်မိနေချိန်မှာပဲ အဲဒီလုပ်သားတွေထဲက လူ ၆၀၀ ကျော်ကို OWIC ထုတ်ပေးမယ်လို့ နေပြည်တော် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက သတင်းထုတ်ပြန်လာပါတယ်။

    OWIC မှာ ပါတဲ့အချက်အလက်ကွဲလွဲချက်ကြောင့် အသစ်ပြန်လည်လျှောက်ထားရမယ့် အလုပ်သမားတွေထဲက အချက်အလက် စိစစ်ပြီးသူ လူ ၆၀၆ ရဲ့စာရင်းကို အလုပ်သမားဝန်ကြီးဌာနက မနေ့ညပိုင်းမှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။

    အခုခွင့်ပြုချက်ရတဲ့အလုပ်သမားတွေထဲမှာ မလေးရှားခွင့်ပြန် အလုပ်သမား ၄၉၂ ဦး၊ ဂျပန်ခွင့်ပြန် အလုပ်သမား ၁ ဦးနဲ့ စင်ကာပူခွင့်ပြန် အလုပ်သမား ၁၁၃ ဦး ဖြစ်ပါတယ်။

    အခုတော့ ဒီလုပ်သား ၆၀၀ ကျော်ကို မေ ၁၁ ရက်နေ ၂၂ ရက်အထိ OWIC ကတ်တွေ ပြုလုပ်ပေးမှာဖြစ်ပါတယ်။

    ဒါပေမဲ့ လူတွေ့စစ်ဆေးချိန်မှာ စာရွက်စာတမ်းမမှန်ကန်ရင် ကတ်ထုတ်ပေးမှာ မဟုတ်ဘူးလို့ Safe Migration ရဲ့လူမှုကွန်ရက်‌တွေကနေလည်း ကြေညာထားပါတယ်။

    အလုပ်သမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေအရ OWIC ကတ်ပါ အလုပ်ရှင်နဲ့ ခွင့်စာပါ အလုပ်ရှင်ကွဲလွဲချက်တွေရှိနေရင် ကတ်အသစ်ပြန်လည်လျှောက်ရမယ်လို့ တင်းကျပ်ခဲ့တာဖြစ်ပါတယ်။

    ဒီသတ်မှတ်ချက်ကြောင့် ပြည်တွင်းကနေ ပြည်ပထွက်ခွာခွင့် ကြန့်ကြာပြီး အလုပ်အကိုင်ဆုံးရှုံးနိုင်တဲ့အပေါ် ဝေဖန်မှုတွေရှိနေတာဖြစ်ပါတယ်။

    အလုပ်သမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ဧပြီကနေ မေလပတ်အတွင်း OWIC ကတ်ပါ အချက်အလက်ကွဲလွဲနေတဲ့အလုပ်သမား ၃၅၁ ဦး ရှိနေတာဖြစ်ပါတယ်။

    ခွင့်ပြန်အလုပ်သမားတွေအနေနဲ့ မေ ၁ ရက်ကစပြီး မြန်မာနိုင်ငံကို မပြန်လာခင် သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့မြန်မာသံရုံး၊ ကောင်စစ်ဝန်ရုံးတွေမှာ ခွင့်စာပြပြီး ထောက်ခံစာယူပြီးမှ ပြန်လာရမယ်လို့ ဧပြီ ၂၈ ရက်မှာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

  2. 'ကလေးမရနိုင်တော့ဘူးလို့ ထင်ခဲ့တာ' - ပျောက်နေတဲ့ သုက်ပိုးကို AI က ဘယ်လို ရှာတွေ့ခဲ့လဲ

    IVF ကုထုံ လုပ်ငန်းစဉ် မြင်ကွင်းပုံ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    သုက်ပိုးမပါတာ၊ ဒါမှမဟုတ် ပျောက်နေတာမျိုးဖြစ်နေတဲ့ အမျိုးသားတွေမှာ သုက်ပိုးဆဲလ်တွေ တည်နေရာကို ဉာဏ်ရည်တု နည်းပညာ (AI) ကို အသုံးပြု ရှာနိုင်ပြီဖြစ်လို့ ရင်သွေးရဖို့ နှစ်ပေါင်းများစွာကြာအောင် ကြိုးပမ်းနေကြတဲ့စုံတွဲတွေအတွက် ကလေးရဖို့ အခွင့်အလမ်းဖြစ်လာပါတယ်။

    Star(ကြယ်)လို့ အတိုကောက်နာမည်ရတဲ့ သုက်ပိုးနေရာသိအောင်လုပ်ပြီး သုက်ပိုးကို ဖမ်းယူ ထုတ်ယူတဲ့(Sperm Track and Recovery) နည်းပညာကြောင့် ဖြစ်ပါတယ်။ ဒါကို ကိုလံဘီယာတက္ကသိုလ်က တီထွင်တာဖြစ်ပါတယ်။ သုက်ပိုး မမြင်ရတဲ့အမျိုးသားတွေမှာ ပိုးခိုအောင်းနိုင်တဲ့နေရာကို သိအောင် နည်းပညာနဲ့ကြိုးပမ်းပြီး ထုတ်ယူတာဖြစ်ပါတယ်။

    အမျိုးသားတွေမှာဖြစ်လေ့ရှိပြီး အိတ်ခရိုမိုဇုန်းအပိုပါတဲ့မျိုးဗီဇ လက္ခဏာစု Klinefelter ရှိတဲ့အမျိုးသားတွေရဲ့ သုက်ရည်မှာ သုတ်ပိုးနည်းနည်း ဒါမှမဟုတ် သုက်ပိုး လုံးဝ မပါတာမျိုး ဖြစ်တတ်ပါတယ်။ ဆေးပညာအရ Azoospermia လို့လည်း ခေါ်ပါတယ်။ သားသမီး မရနိုင်တဲ့အမျိုးသား စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းနီးပါးမှာ ဒီလိုဖြစ်တာကို တွေ့ရပါတယ်။

    အခုတော့ Star စနစ်ကြောင့် အထက်ပါမျိုးဗီဇရောဂါလက္ခဏာစုရှိတဲ့အမျိုးသားတွေမှာ ပုန်းအောင်းနေတဲ့ သုက်ပိုးအနည်းငယ်ကို သဲလွန်စလိုက်ပြီး ဘယ်နေရာမှာ ရှိတယ်ဆိုတာကို သိအောင် လုပ်နိုင်ပြီဖြစ်ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  3. ချင်း၊ မင်းတပ်မြို့ပေါ်နဲ့ မြို့အနီးကို စစ်တပ်လေကြောင်းဗုံးကြဲ

    ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၂ ရက်က မင်းတပ်မြို့ပေါ် လေကြောင်းတိုက်ခိုက်ခံရတဲ့အခြေအနေ

    ဓာတ်ပုံ ရင်းမြစ်, HKL Mindat

    ဓာတ်ပုံ ပုံစာ, ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၂ ရက်က မင်းတပ်မြို့ပေါ် လေကြောင်းတိုက်ခိုက်ခံရတဲ့အခြေအနေ

    ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့ပေါ်နဲ့ မြို့အနီးကို ဒီကနေ့ မနက်ပိုင်းက စစ်တပ်က တိုက်လေယာဥ်နဲ့ နှစ်ကြိမ် ၊ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်မြို့ခံနှစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဧပြီ ၁၁ ရက်နဲ့ ၁၂ ရက်အကူးအပြောင်း မနက်အစောပိုင်းမှာ တိုက်လေယာဥ် ၂ စင်းနဲ့ ဗုံး ၂ လုံး မြို့ပေါ်ကို ကြဲချတယ်လို့ မင်းတပ်မြို့ခံတစ်ဦးက ပြောပါတယ်။

    “လေယာဥ် ၂ စင်းနဲ့ လာပစ်တာ ထိခိုက်သေဆုံးမှုရှိတယ်” လို့ သူကပြောပြီး ထိခိုက်မှုအခြေအနေကိုတော့အတိအကျ မပြောနိုင်သေးဘူးလို့ဆိုပါတယ်။

    ဒီမနက် ၈ နာရီခွဲဝန်းကျင်မှာလည်း တိုက်လေယာဥ်တစ်စင်းက မြို့အနောက်ဘက်ကို ဗုံးကြဲသွားတယ်လို့ နောက်ထပ်မြို့ခံတစ်ဦးဆီက သိရှိရပါတယ်။

    “မြို့သိမ်းတိုက်ပွဲတုန်းက ထွက်သွားတဲ့ မြို့ခံတွေက အခုပြန်ဝင်လာတာတောင်မကြာသေးလို့ စစ်ရှောင်ပြန်မထွက်နိုင်ကြသေးဘူး” လို့ သူကပြောပါတယ်။ ချင်းတောင်ပိုင်း၊မင်းတပ်မြို့ကို ၂၀၂၄ ခုနှစ်က ချင်းညီနောင်တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားတာဖြစ်ပါတယ်။

    စစ်တပ်က မင်းတပ်မြို့နယ်ထဲက ‌‌‌နေရာတွေနဲ့ မင်းတပ်-ကျောက်ထုအစပ်က နယ်မြေတချို့ကို မေလအတွင်းလေကြောင်းတိုက်ခိုက်မှု ၁၇ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာကို လေကြောင်းတိုက်ခိုက်မှုစောင့်ကြည့်နေတဲ့အဖွဲ့တွေရဲ့ အချက်အလက်အရ သိရပါတယ်။

    ၂၀၂၆ ဧပြီလထဲမှာ စစ်တပ်က ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်း(မြောက်ပိုင်း)က ဖလမ်းမြို့ကို ပြန်ရယူခဲ့ပြီးနောက် ချင်း(တောင်ပိုင်း)က မင်းတပ်မြို့ ကိုလည်း လေကြောင်းကနေဖိအားပေးလာတာတွေ့ရပါတယ်။ လက်ရှိမှာ မင်းတပ်မြို့နယ်ထဲကို မြန်မာစစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းဝင်ရောက်လာတာမရှိသေးပေမယ့် ချင်းတောင်ပိုင်းကို ဦးတည်တဲ့ ပြင်ဦးလွင်က စစ်ကြောင်းက ပေါက်(ကပစ) ကနေ ပုံတောင် အထိ ရောက်ရှိနေတယ်လို့ မြေပြင်အခြေအနေသိရှိသူကပြောပါတယ်။

    အဲဒီပုံတောင်ကတဆင့် ကျောက်ထုကနေ မင်းတပ်ကို ဦးတည်နိုင်တဲ့အခြေအနေလို့ ချင်းကာကွယ်ရေးတပ်တွေဘက်က သိရပါတယ်။ မင်းတပ်နဲ့ ဆက်နေတဲ့ ချင်း-မကွေးအစပ် ဆောမြို့နယ်ထဲက ကံကြီးရွာမှာလည်း စစ်တပ်က အထိုင်ချထားတာဖြစ်ပါတယ်။

  4. မင်္ဂလာပါ ...

    မေလ ၁၂ ရက်နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက် စုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။​

    ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။