
ဓာတ်ပုံ ရင်းမြစ်, EPA
ဓာတ်ပုံ ပုံစာ, ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ထိမှန်ခဲ့တဲ့ မော်စကိုက အဆောက်အဦယူကရိန်းရဲ့အကြီးစားဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံ၊ မြို့တော် မော်စကိုမှာ လူ သုံး ဦး သေဆုံးပြီး
လူအများအပြားဒဏ်ရာရခဲ့တယ်လို့ ရုရှားအာဏာပိုင်တွေက ပြောပါတယ်။
မော်စကိုမြို့မြောက်ဘက်မှာရှိတဲ့
ခင်းခေမြို့မှာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး နောက်တစ်ဦးက အပျက်အစီးတွေရဲ့ အောက်မှာ
ပိတ်မိနေခဲ့တယ်လို့ ဒေသအုပ်ချုပ်ရေးမှူး ဗိုရိုဘရော့က ပြောပါတယ်။ ပိုဂါရိုးကီရွာမှာတော့
အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံသား အမျိုးသားတစ်ဦးလည်း
သေဆုံးသွားပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ မော်စကိုမှာရှိတဲ့ အိန္ဒိယသံရုံးကပြောပါတယ်။
မော်စကိုအုပ်ချုပ်ရေးမှူးပြောတဲ့ သေဆုံးစာရင်းထဲမှာ ဒီအိန္ဒိယနိုင်ငံသားပါဝင်သလားဆိုတာတော့
ရှင်းရှင်းလင်းလင်းမသိရပါဘူး။
ယူကရိန်းနဲ့
ထိစပ်နေတဲ့ ဘီယက်ဂရော့မြို့မှာလည်း လူတစ်ဦး သေဆုံးသွားတယ်လို့ဆိုပါတယ်။
ယူကရိန်းသမ္မတ
ဗိုလိုဒီမာ ဇလန်းစကီး ကတော့ ဒီတိုက်ခိုက်မှုတွေဟာ ရုရှားက ယူကရိန်းမြို့တွေကို တိုက်ခိုက်မှုတွေအတွက်
“တရားမျှတမှု” ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
ရုရှားသတင်းဌာန Tass ကတော့ ပြီးခဲ့တဲ့တစ်နှစ်ကျော်အတွင်း မော်စကိုမြို့ကို တိုက်ခိုက်မှုတွေထဲ ဒီတိုက်ခိုက်မှုက
အပြင်းထန်ဆုံးဖြစ်တယ်လို့ ဖော်ပြပါတယ်။
မော်စကိုမြို့အုပ်ချုပ်ရေးမှူး
ဗိုရိုဘရော့ကတော့ “မနက်သုံးနာရီကတည်းက မြို့တော်ကို ဦးတည်တဲ့ အကြီးစား ဒရုန်းတိုက်ခိုက်မှုတွေကို
လေကြောင်းကာကွယ်ရေးစနစ်နဲ့ ဖျက်ချနေရတယ်” လို့ တနင်္ဂနွေနေ့က တယ်လီဂရန် မှာ
ရေးသားပါတယ်။
အမျိုးသား
၃ ဦး နဲ့ အမျိုးသမီး ၁ ဦးအပါအဝင် စုစုပေါင်း လူ ၄ ဦး ဒဏ်ရာရခဲ့ပြီး အဆောက်အဦတချို့လည်း
ပျက်စီးခဲ့တယ်လို့ သူက ပြောပါတယ်။ မော်စကိုမြို့ အနောက်တောင်ကရွာမှာလည်း နေအိမ်တစ်လုံးမီးလောင်သွားတယ်လို့
ဆိုပါတယ်။
မော်စကိုမြို့တော်ဝန်ကတော့
ဒရုန်းတွေက မော်စကိုမြို့ရေနံချက်စက်ရုံဝင်ပေါက်ကို ကျရောက်ခဲ့လို့ လူ ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့
ပြောပါတယ်။ အနီးနားက အိမ် ၃ လုံးလည်း ထိခိုက်သွားခဲ့ပါတယ်။
နိုင်ငံတဝန်း
ဒရုန်းအစင်းရေ ၅၅၆ စင်းကို ကြားဖြတ်တားဆီးနိုင်ခဲ့ပြီး အဲဒီထဲက ဒရုန်း အစင်း ၁၃၀ လောက်က
မော်စကိုမြို့ကို ထိမှန်ခဲ့တာလို့ ရုရှားစစ်တပ်က ပြောပါတယ်။
မော်စကိုမြို့မှာရှိတဲ့
ရုရှားရဲ့အစည်ကားဆုံးလေဆိပ် ရှရီမဲတီယယ်ဗို ကတော့ သူ့ ပိုင်နက်အတွင်း ဒရုန်းအပျက်အစီးတွေ
တွေ့ရတယ်လို့ ထုတ်ပြန်ပါတယ်။ ထိခိုက်သူတော့ မရှိဘူးလို့ ဆိုပါတယ်။
“ခရီးသည်ဝင်ပေါက်တွေ မှာတော့ အခြေအနေတွေအားလုံး တည်တည်ငြိမ်ငြိမ်ပါ။ ရှရီမဲတီယယ်ဗို
လေဆိပ်က ခရီးသည်နဲ့ လေယာဉ်ဝန်ဆောင်မှုတွေကိုလည်း တည်တည်ငြိမ်ငြိမ်ဆောင်ရွက်ပေးနေတယ်”
လေဆိပ်တာဝန်ရှိသူတွေက ပြောပါတယ်။
ဇလန်းစကီးကတော့
“ရှည်လျားလှတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ မော်စကိုဆီ ရောက်လာပြီ” လို့ တနင်္ဂနွေမှာ ပြောကြားခဲ့ပါတယ်။
သူပြောတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဆိုတာက ဒရုန်းတိုက်ခိုက်မှုတွေကို ရည်ညွှန်းပြောဆိုတာဖြစ်ပါတယ်။