အင်းစိန်ထောင်မှာ အကျဉ်းကျနေတဲ့ MMA ဖိုက်တာ ဖိုးသော် အမှုထပ်တိုး

အင်းစိန်ထောင်မှာ အကျဉ်းကျနေတဲ့ MMA ဖိုက်တာ ဖိုးသော် အမှုထပ်ဖွင့်ခံရ၊ ထိုင်း -မြန်မာ နယ်စပ် မဲဆောက်မြို့မှာ မြန်မာ တစ်ဦး ဒရုန်းတွေနဲ့အတူ အဖမ်းခံရ ... စတဲ့သတင်းတွေအပါအဝင် ဇူလိုင် ၂၂ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • မဲဆောက်မြို့မှာ မြန်မာကို ခိုးပို့မယ်လို့ ယူဆရတဲ့ ဒရုန်းတွေနဲ့အတူ မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်း CIB ရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်
  • ဩဂုတ်လမှာ လွတ်ရက်စေ့မယ့် MMA ဖိုက်တာ ဖိုးသော် နောက်အမှုတပ်ခံရပြီး ရုံးထုတ်စစ်ဆေး
  • မြဝတီမြို့တောင်ပိုင်း၊ ကျောက်ခတ်ရွာက ကျားဖြန့်လုပ်ငန်းတွေ ဇူလိုင် ၂၈ ရက်နေ့ အပြီးထွက်ခွာဖို့ အမိန့်ထုတ်၏
  • ဘီးလင်း၊ သထုံနဲ့ ကျိုက်ထိုမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်တွေ စစ်ရေးတင်းမာနေ
  • အာဆီယံနဲ့ ရုရှား၀န်ကြီးအဆင့် ဆက်စပ်အစည်းအဝေးကို နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်ကျင်းပ
  • စစ်မှုထမ်းတိမ်းရှောင်သူတွေကြောင့် အဓမ္မခေါ်ယူတဲ့ပုံစံဖြစ်လာတယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇူလိုင် ၂၂ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ဉာဏ်ရည်တု(AI) ဗွေဖောက်ပြီး ဆိုက်ဘာတိုက်ခိုက်မှု လုပ်ခဲ့တယ်လို့ OpenAI ပြော

    ChatGPT အက်ကို အက်ပဲလ် အက်ပ်စတိုးမှာမြင်ရတဲ့ ဖုန်းမျက်နှာပြင်တစ်ခုကို အပေါ်ကနေ ဓာတ်ပုံရိုက်ထားတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    အမေရိကန် ဉာဏ်ရည်တု သုတေသနအဖွဲ့ (OpenAI)က သူတို့ စမ်းသပ်နေတဲ့ နည်းပညာမြင့် အေအိုင် အေးဂျင့်အချို့ဟာ ဗွေဖောက်ပြီး နည်းပညာလုပ်ငန်းငယ် တစ်ခုရဲ့နည်းပညာစနစ်ထဲကို သူ့သဘောအလျောက် ထိုးဖောက် ဝင်ရောက်ခဲ့တယ်လို့ ထုတ်ပြောလာပါတယ်။

    OpenAI ဟာ ChatGPT ကို ဖန်တီးခဲ့တဲ့သုတေသနအဖွဲ့ ဖြစ်ပါတယ်။

    OpenAI ကတော့ လူသားက စေခိုင်းပြီးနောက်မှာ သူ့ဘာသာသူ လည်ပတ်နိုင်အောင် လုံခြုံရေးပိုင်းစမ်းသပ်နေတဲ့ အေအိုင် အေးဂျင့်ဟာ လွတ်ထွက်သွားပြီး ကမ္ဘာမှာ အေအိုင် မိုဒယ်တွေအများကြီးစုပြုံ တည်ရှိတဲ့နေရာတစ်ခုဖြစ်တဲ့ Hugging Face ကုမ္ပဏီရဲ့ နည်းပညာစနစ်အတွင်းပိုင်းကို ဝင်ရောက်သွားခဲ့တယ်လို့ ပြောပါတယ်။

    OpenAI ကတော့ ဒီလိုဖြစ်ရပ်မျိုးဟာ မကြုံစဖူးဖြစ်ရပ်ဖြစ်ပြီး Hugging Face ကုမ္ပဏီနဲ့အတူ စုံစမ်းစစ်ဆေးမှုလုပ်နေပြီလို့ ပြောပါတယ်။

    Hugging Face ရဲ့ အမှုဆောင်ချုပ်ကတော့ ''သိတောင်မသိလိုက်ဘဲ ဒီလိုဖြစ်သွားတာ တကယ့်ကို မယုံနိုင်စရာပါပဲ။ အခုတော့ စုံစမ်းစစ်ဆေးမှု လုပ်နေပါပြီ။ ဒါမျိုးဟာ ပထမဆုံး ဖြစ်တာလားဆိုတာကို သိရှိရသမျှကိုလည်း ထပ်မျှဝေသွားပါ့မယ်''လို့ လူမှုကွန်ရက် X မှာ ရေးပါတယ်။

    ကိန်းဘရစ်တက္ကသိုလ်က ဒီမိုကရေစီနဲ့ နည်းပညာဆိုင်ရာ မင်ဒရူးစင်တာရဲ့ခေါင်းဆောင် ဂျီနာ နက်ဖ်ကတော့ အခုလိုလုံခြုံရေးပိုင်းဆိုင်ရာ စမ်းသပ်မှုတွေကို သဲတွေ ဘေးထွက်မကျအောင် ဘောင်ခတ်ထားတဲ့ကလေးကစားသဲကွင်းလို ''sandbox'' လို့ တင်စား ခေါ်ပြီး ''အေအိုင် မိုဒယ်တွေဟာ ဘာတွေ လုပ်နိုင်လဲဆိုတာကို သိအောင်လုပ်တဲ့လုံခြုံတဲ့စနစ်'' မျိုးမှာ လုပ်လေ့ရှိတယ်လို့ ပြောပါတယ်။

    ''ဒီဖြစ်ရပ်မှာတော့ OpenAI ဟာ အဲဒီ sandbox (သဲကွင်း)ကို လုံအောင် မလုပ်နိုင်ခဲ့ပုံပေါ်ပါတယ်''လို့ သူက မှတ်ချက်ပေးပါတယ်။

    ဒါကြောင့် အဲဒီအေအိုင် အေးဂျင့်တွေဟာ ယိုပေါက်ရှာပြီး ကန့်သတ်ထားတဲ့အခြေအနေကနေ လွတ်ထွက်သွားကာ သူ့သဘောနဲ့သူ ဆိုက်ဘာတိုက်ခိုက်မှုလုပ်ဖို့ ဖန်တီးခဲ့တာလို့လည်း သူက ပြောပါတယ်။

    ကန့်သတ်ထားတဲ့စနစ် အပြင်ရောက်တဲ့အခါမှာတော့ အဲဒီအေအိုင်ဟာ Hugging Face ကို သူတို့အတွက် စမ်းသပ်ဖို့ရာနေရာလို့ မှတ်ယူပြီး စနစ်ထဲ ၀င်ရောက်ခဲ့တာဖြစ်ပါတယ်။

    Hugging Face ကတော့ သူတို့ ဖောက်သည်တွေနဲ့ မိတ်ဖက်တွေရဲ့အချက်အလက်တွေလည်း ဒီဖြစ်ရပ်မှာ သက်ရောက်မှု ရှိမရှိဆိုတာကိုလည်း စိစစ်နေပြီလို့ ပြောပါတယ်။

  3. နေပြည်တော်က စစ်ရေးလေ့ကျင့်မှု - ရုရှားရဲ့လက်နက်အရောင်းမြှင့်တင်ရေးလား

    နေပြည်တော်က စစ်ရေးပြပွဲဆိုပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့သီတင်းပတ်မှာ ထုတ်ပြန်လာတဲ့ရုပ်သံက မြင်ကွင်းဖြစ်ပါတယ်။ မြန်မာစစ်သမီးတစ်ေယာက်က အင်္ဂလိပ်လိုရုရှားလို့ရေးထားတဲ့ဆိုင်းဘုတ်ကို ကိုင်ထား၊ သူ့နောက်မှာ တူညီဝတ်စုံဝတ် ဦးထုပ်ဆောင်း မျက်မှန်အမည်းတပ်ပြီး နှာခေါင်းစည်းလည်း ဝတ်ထားတဲ့ လက်နက်ကိုင် အမျိုးသား ၁၀ ဦးထက်မနည်းကို မြင်တွေ့ရ

    ဓာတ်ပုံ ရင်းမြစ်, screengrab

    ဓာတ်ပုံ ပုံစာ, နေပြည်တော်က စစ်ရေးပြပွဲဆိုပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့သီတင်းပတ်မှာ ထုတ်ပြန်လာတဲ့ရုပ်သံက မြင်ကွင်းတစ်ခု

    ရုရှားနဲ့ မြန်မာစစ်တပ်ကြားမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ဖူးပေမဲ့ TIGER-2026 လောက်ကြီးတဲ့ လေ့ကျင့်ခန်းမျိုးတော့ ပြည်တွင်းမှာ မလုပ်ဖူးသေးပါဘူး။

    နေပြည်တော်မှာ နှစ်ပတ်ကြာ လုပ်သွားတဲ့ စစ်ရေးလေ့ကျင့်မှုမှာ ဒရုန်းတွေနဲ့ ရုရှားနိုင်ငံထုတ် လက်နက်တွေ ပေါင်းစပ်အသုံးပြုခဲ့ကြပါတယ်။

    အကဲခတ်တွေကတော့ TIGER-2026 ဟာ စခန်းသိမ်းလေ့ကျင့်မှုတစ်ခုထက် လက်နက်အရောင်းမြှင့်တင်ရေးပိုဆန်တယ်လို့ ရှုမြင်ကြပါတယ်။

    ဥရောပမှာစစ်ဖြစ်နေတဲ့ရုရှားက ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာမှာလာလုပ်တဲ့ ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ဘာအတွက်လဲ၊ ဘယ်နိုင်ငံကပိုပြီး အမြတ်ထွက်ခဲ့ပါသလဲ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

  4. အီရန်စစ်ပွဲအတွက် ၃၇.၅ ဘီလျံအထိ အမေရိကန်သုံးစွဲထား, နောက်ထပ် အသုံးစရိတ်ထပ်ချပေးဖို့ လွှတ်တော်ကို ပင်တဂွန် စစ်ဌာနချုပ်တောင်း

    လွှတ်တော် ကော်မတီ ကြားနာမှုအတွင်း ဝန်ကြီးနဲ့ လွှတ်တော်အမတ်တွေကြား အပြန်အလှန် ပြောဆိုမှုတွေ ဖြစ်ခဲ့

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, လွှတ်တော် ကော်မတီ ကြားနာမှုအတွင်း ဝန်ကြီးနဲ့ လွှတ်တော်အမတ်တွေကြား အပြန်အလှန် ပြောဆိုမှုတွေ ဖြစ်ခဲ့

    အီရန်နဲ့ဖြစ်တဲ့စစ်ပွဲကြောင့် အမေရိကန်ဘက်က စစ်ရေးကုန်ကျစရိတ်ဟာ ဒေါ်လာ ၃၇.၅ ဘီလျံအထိ ရှိထားတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ် ဟတ်ဆက်က ပြောလာပါတယ်။

    ပင်တဂွန်စစ်ဌာနချုပ်အတွက် စစ်အသုံးစရိတ်ကို လွှတ်တော်ကနေတဆင့် ထပ်မံအတည်ပြုပေးဖို့ တောင်းဆိုရင်း ကာကွယ်ရေးဝန်ကြီးက လွှတ်တော်အသုံးစရိတ်ကော်မတီမှာ စစ်ပွဲကုန်ကျစရိတ်ကို ထုတ်ပြောသွားတာဖြစ်ပါတယ်။

    ပင်တဂွန် စစ်ဌာနချုပ်အတွက် နောက်ထပ် အသုံးစရိတ် ၈၇ ဘီလျံအထိ ထပ်ပေးဖို့ကိုလည်း သူက တောင်းဆိုပါတယ်။ အဲဒီထဲက ၆၇ ဘီလျံဟာ အရှေ့အလယ်ပိုင်းက အမေရိကန်စစ်တပ်ရဲ့စစ်ဆင်ရေးတွေအတွက်လို့လည်းဆိုပါတယ်။

    လွှတ်တော်ကော်မတီ ကြားနာမှုကတော့ စစ်ပွဲဆန့်ကျင်သူတွေရဲ့ဆန္ဒပြမှုတွေကြောင့် ချောချောမွေ့မွေ့ မပြုလုပ်နိုင်ခဲ့သလို ကော်မတီဝင် အထက်လွှတ်တော်အမတ်နဲ့ ဝန်ကြီးတို့ကြား အပြန်အလှန် စွပ်စွဲပြောဆိုမှုတွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။

    ဒါဟာ အမေရိကန်နဲ့ အီရန်ကြားပြီးခဲ့တဲ့တစ်ပတ်မှာ ပြန်လည်စတင်တဲ့ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်အပြီး ပထမဆုံးအဖြစ် လွှတ်တော်ကော်မတီရှေ့ကို ကာကွယ်ရေးဝန်ကြီး ရောက်လာတာဖြစ်ပါတယ်။

    အိမ်ဖြူတော်အစိုးရကတော့ ပင်တဂွန် စစ်ဌာနချုပ်အတွက် လာမယ့်ဘဏ္ဍာနှစ်အသုံးစရိတ်ကို ဒေါ်လာ ၁ . ၅ ထရီလီယံအထိ အတည်ပြုပေးဖို့ ကွန်ဂရက် လွှတ်တော်ကို တောင်းဆိုထားပါတယ်။

    တကယ်လို့သာ ဒီပမာဏကို လွှတ်တော်က အတည်ပြုပေးခဲ့မယ်ဆိုရင်တော့ ဒါဟာ ခေတ်သစ်သမိုင်းမှာ အမေရိကန်ပြည်ထောင်စုအတွက် အများဆုံး စစ်ရေးအသုံးစရိတ်ဖြစ်လာမှာဖြစ်ပါတယ်။

  5. စစ်မှုထမ်းတိမ်းရှောင်သူတွေကြောင့် အဓမ္မခေါ်ယူတဲ့ပုံစံဖြစ်လာတာ - ပြည်ထဲရေးဒုဝန်ကြီး

    ဇူလိုင် ၂၂ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားနေတဲ့ ပြည်ထဲရေးဒုဝန်ကြီး

    ဓာတ်ပုံ ရင်းမြစ်, MWD

    ဓာတ်ပုံ ပုံစာ, ဇူလိုင် ၂၂ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားနေတဲ့ ပြည်ထဲရေးဒုဝန်ကြီး

    စစ်မှုထမ်းတိမ်းရှောင်တာကြောင့် နေအိမ်အထိ ဆင့်ခေါ်ရတာမျိုးဖြစ်နေတာလို့ဆိုပြီး နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူ က လွှတ်တော်မှာ ခုခံပြောဆိုသွားပါတယ်။

    စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ စစ်မှုထမ်းဖို့ လူငယ်တွေကို လမ်းမပေါ်တွေ၊ လူနေအိမ်တွေအထဲထိ ဖမ်းဆီးမှုတွေဖြစ်နေတယ်လို့ဆိုပြီး ခန္တီးမြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဦးဂုဏ်ဝမ်းက ပြည်သူ့လွှတ်တော်မှာ ဒီနေ့ဆွေးနွေးချိန် ပြည်ထဲရေး ဒုဝန်ကြီးက အခုလိုပြောခဲ့တာဖြစ်ပါတယ်။

    လွှတ်တော်အမတ်ကတော့ သူ့ရဲ့မဲဆန္ဒနယ်ထဲမှာ စစ်မှုထမ်းဖို့ အခုလိုလုပ်ဆောင်နေတာဟာ ဥပဒေအထက် ကျော်လွန်လုပ်ဆောင်နေတာလားဆိုပြီး လွှတ်တော်မှာ မေးခွန်းထုတ်ပါတယ်။

    ဖမ်းဆီးမှုတွေကြောင့် ခန္တီးမြို့ပေါ်မှာ အမျိုးသား၊ လူငယ်တွေ မနေရဲကြတော့ဘဲ သာရေး၊ နာရေးကိစ္စတွေမှာလည်း သက်ကြီးအမျိုးသားတွေ၊ အမျိုးသမီးတွေသာ လုပ်နေကြတဲ့အခြေအနေဖြစ်နေပြီလို့လည်း သူကပြောပါတယ်။

    လွှတ်တော်အမတ်ကတော့ ဒါဟာ စစ်မှုထမ်းဥပဒေထက် ကျော်လွန်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးတွေလည်း ထိခိုက်ဆုံးရှုံးနေတာလို့ပြောပါတယ်။

    ပြည်ထဲရေး ဒုဝန်ကြီးကတော့ စစ်မှုထမ်းရှောင်လွှဲချင်သူတွေဟာ တခြားဒေသတွေကို တိမ်းရှောင်နေတာကြောင့် ဥပဒေ၊ နည်းဥပဒေနဲ့အညီ ဆင့်ခေါ်ဖို့ အခက်အခဲများစွာရှိနေတယ်လို့ ပြောပါတယ်။

    နောက်ပြီးသူက “တိမ်းရှောင်သူများကို လမ်းခရီးကနေ စောင့်ကြည့် ဆင့်ခေါ်ခြင်း၊ နေအိမ်များတွင် ဝင်ရောက်ဆင့်ခေါ်ခြင်းများအား တာဝန်ရှိသူများ ဆောင်ရွက်တဲ့အခါ အများပြည်သူအမြင်မှာ အဓမ္မ ဖမ်းဆီးခြင်း သဘောများဖြစ်ကြောင်း တွေ့ရှိရပါတယ်” လို့ပြောပါတယ်။

    ခန္တီးနယ်ထဲ စစ်မှုထမ်းဆင့်ခေါ်တာကို ပျက်ကွက်သူ ၁၆ ဦးကိုလည်း ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

    နောက်ပြီး စစ်မှုထမ်းတိမ်းရှောင်သူတွေရဲ့စာရင်းတွေကိုလည်း မြို့အဝင်၊ အထွက် စစ်ဆေးရေး ဂိတ်တွေမှာ ပေးပို့ထားတယ်လို့ သူက ပြောပါတယ်။

  6. အာဆီယံနဲ့ ရုရှား၀န်ကြီးအဆင့် ဆက်စပ်အစည်းအဝေးကို နေပြည်တော်နိုင်ငံခြားရေးအတွင်းဝန် ဦးဆောင်

    အာဆီယံ-ရုရှားနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးမှာ အခမ်းအနားအဖွင့် မိန့်ခွန်းပြောနေတဲ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း

    ဓာတ်ပုံ ရင်းမြစ်, ASEAN 2026 PH

    ဓာတ်ပုံ ပုံစာ, အာဆီယံ-ရုရှားနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးမှာ အခမ်းအနားအဖွင့် မိန့်ခွန်းပြောနေတဲ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း

    ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမှာ ဒီနေ့မနက်ပိုင်းတုန်းက အာဆီယံရဲ့ဆွေးနွေးဖက်အဖြစ် ရုရှားနိုင်ငံနဲ့ပြုလုပ်တဲ့အစည်းအဝေးပွဲကို မြန်မာကိုယ်စားပြု တက်ရောက်နေတဲ့ နေပြည်တော်နိုင်ငံခြားရေး အတွင်းဝန် ဦးဟောက်ခန့်ဆုမ်းက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ်နဲ့အတူ ပူးတွဲပြုလုပ်သွားပါတယ်။

    အာဆီယံနဲ့ ရုရှားကြား ဆွေးနွေးဖက်အဆင့် အစည်းအဝေးတွေအတွက် မြန်မာနိုင်ငံက ညှိနှိုင်းဆောင်ရွက်သူ တာဝန်ယူထားတာကြောင့် မနီလာမှာလုပ်တဲ့ အခုအစည်းအဝေးပွဲကို နေပြည်တော် နိုင်ငံခြားရေးအတွင်းဝန်က ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

    ၅၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးနဲ့ ဆွေးနွေးဖက်နိုင်ငံတွေ အစည်းအဝေးပွဲတွေကို မနီလာမှာ ၂ ရက်ကြာ ပြုလုပ်နေတာဖြစ်ပါတယ်။

    အာဆီယံဝန်ကြီးများအစည်းအဝေးအပြီး ထပ်မံကျင်းပတဲ့ဆက်စပ်အစည်းအဝေး(PMC) ကို နှစ်စဉ်ကျင်းပပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ကိုယ်စားလှယ်တွေက အလှည့်ကျ ဦးဆောင် ပြုလုပ်တာဖြစ်ပါတယ်။

    တချိန်တည်းမှာပဲ ကျင်းပတဲ့ အိန္ဒိယနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးကိုတော့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဦးဆောင်ခဲ့တာပါ။

    ဇူလိုင် ၂၁ ရက်က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးကျင်းပခဲ့ပြီး မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအကြား အလွတ်သဘောတွေ့ဆုံ ဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

    အဲဒီအလွတ်သဘောဆွေးနွေးပွဲကိုတော့ နေပြည်တော်ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း တက်ခွင့်မရဘူးလို့ ဖိလစ်ပိုင်က ကြေညာထားပါတယ်။

    အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအလွန် အကျပ်အတည်းအတွက် အာဆီယံခေါင်းဆောင်တွေကြား ရရှိထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် မဖော်နိုင်ဘူးဆိုပြီး အာဆီယံက မြန်မာကို အာဆီယံထိပ်သီးနဲ့ နိုင်ငံခြားရေးအစည်းအဝေးတွေကို နိုင်ငံရေးရာထူးမယူထားသူကိုပဲ တက်ရောက်ခွင့်ပြုထားတာဖြစ်ပါတယ်။

    ဒါကြောင့် နေပြည်တော်မှာ အာဏာယူထားတဲ့ ဦးမင်းအောင်လှိုင်နဲ့ သူ့နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ မနီလာက အာဆီယံ အစည်းအဝေးပွဲကို တက်ရောက်ခွင့်မရဘဲ နိုင်ငံခြားရေး အမြဲတမ်း အတွင်းဝန်ပဲ တက်ရောက်ခွင့် ရတာဖြစ်ပါတယ်။

  7. ဘီးလင်း၊ သထုံနဲ့ ကျိုက်ထိုမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်တွေ စစ်ရေးတင်းမာနေ

    ဇူလိုင် ၅ ရက်နေ့က ဒေါရပ်ကျေးရွာအုပ်စုကို စစ်တပ် စစ်ကြောင်းထိုးပြီးနောက် မီးရှို့ခံခဲ့ရတဲ့ မော်တော်ယာဉ်တွေ

    ဓာတ်ပုံ ရင်းမြစ်, KNU

    ဓာတ်ပုံ ပုံစာ, ဇူလိုင် ၅ ရက်နေ့က ဒေါရပ်ကျေးရွာအုပ်စုကို စစ်တပ် စစ်ကြောင်းထိုးပြီးနောက် မီးရှို့ခံခဲ့ရတဲ့ မော်တော်ယာဉ်တွေ

    မွန်ပြည်နယ်ထဲ ကရင်အမျိုးသားအစည်းအရုံး(KNU)က တပ်မဟာ ၁ အဖြစ်နယ်မြေသတ်မှတ်ထားတဲ့ ဘီလင်း၊ သထုံနဲ့ ကျိုက်ထိုမြို့နယ်တို့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်/ပြည်သူ့ကာကွယ်ရေးတပ်(KNLA/PDF) ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ စစ်ဆိုင်ပြီး စစ်ရေးဆက် တင်းမာနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    ''ဘီလင်း၊ သထုံနဲ့ ကျိုက်ထို တကြောကို စစ်တပ်က စစ်ကြောင်းနဲ့ ဝင်ရှင်းနေတာပါ။ သူတို့ ဗျူဟာက အဲဒီနယ်မြေခွင်ကို မလွှမ်းခြုံရင် စစ်တောင်းမြစ်ဘက်ခြမ်းမှာ ပဲခူးကနေ ရန်ကုန်ဘက်ကို တော်လှန်ရေးတပ်တွေ ကပ်နိုင်တယ်။ နောက်တဖက် ဘီးလင်း၊ သထုံ၊ ဘားအံ ကြောမှာလည်း ကုန်သွယ်ရေးလမ်းဘက်ကို တော်လှန်ရေးတပ်တွေ ကပ်နိုင်လို့ဆိုပြီး စစ်ကြောင်းတွေနဲ့ ဝင်နေတာ'' လို့ စစ်ရေးသတင်းရင်းမြစ်က သူသိထားတဲ့စစ်ရေးအခြေအနေကို ပြောပြပါတယ်။

    ဇူလိုင် ၅ ရက်နေ့ကဆိုရင်လည်း မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒေါရပ်ကျေးရွာအုပ်စု ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ KNLA တို့ တိုက်ပွဲဖြစ်ခဲ့လို့ စစ်တပ်က ၅ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဇူလိုင် ၂၂ ရက်မှာ KNU က ထုတ်ပြန်ပါတယ်။

    အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ ခလရ ၈၊ ပြည်သူ့စစ်နဲ့ အမှတ် ၃၁၄ အမြောက်တပ်ရင်းတို့ ပူးပေါင်း အင်အား ၁၀၀ ကျော်ပါတဲ့စစ်ကြောင်းနဲ့ KNLA တို့ ဇူလိုင် ၅ ရက် နဲ့ ၆ ရက်နေ့မှာ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့တာပါ။

    အဲဒီတိုက်ပွဲမှာ KNLA ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူးလို့ KNU က ထုတ်ပြန်ပါတယ်။

    တိုက်ပွဲအပြီးမှာ စစ်တပ်ဟာ ထိုင်းနိုင်ငံက သယ်ဆောင်လာတဲ့ ကုန်ပစ္စည်းတွေနဲ့ မော်တော်ယာဉ်တွေကို ဖမ်းဆီးခဲ့ပြီး ကုန်ပစ္စည်းတချို့နဲ့ ကုန်တင်ယာဉ် နှစ်စီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU က ပြောပါတယ်။

    နောက်ပြီး စစ်တပ်စစ်ကြောင်းထိုးခဲ့တဲ့ ဒေါရပ်ကျေးရွာအုပ်စုက တက်တူကုန်းကျေးရွာ နဲ့ ကြက်ခြေခတ် ကျေးရွာကြားက စေတီတော်မုခ်ဦးအနီးမှာ ရှိတဲ့ အရပ်သားနေအိမ် ၆ လုံးကိုလည်း မီးရှိ့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

    ထိုင်းနိုင်ငံကနေ ကုန်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ယာဉ်မောင်းတစ်ဦး နဲ့ တက်တူကုန်းကျေးရွာက မောင်ခွန်ထက်ဦး ဆိုသူတို့ကိုလည်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အခုချိန်အထိ ပြန်လည်လွတ်မြောက်လာတာမရှိသေးဘူးလို့ KNU က ထုတ်ပြန်ပါတယ်။

    စစ်တပ်စစ်ကြောင်းထိုးနေတဲ့ တပ်မဟာ ၁ နယ်မြေမှာ NUG ရဲ့ တောင်ပိုင်းတိုင်းစစ်ဒေသတပ်ရင်းတပ်ဖွဲ့တွေနဲ့ အထူးတိုင်းစစ်ဌာန လက်အောက်က တပ်တွေလည်း လှုပ်ရှားပါတယ်။

    ဒီဒေသတွေဟာ ပဲခူးနဲ့ ရန်ကုန်အထိ ဆက်စပ်နေတာဖြစ်ပါတယ်။ ပဲခူးတိုင်းအရှေ့ခြမ်းမှာလည်း ပဲခူးတိုင်းစစ်‌ဌာနတပ်တွေ စစ်ရေးဖော်ဆောင်နေပြီး ပဲခူးရိုးမတစ်ဖက်ခြမ်းက ပဲခူးအနောက်ခြမ်းမှာတော့ စစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းဖြန့်ကြက်တာတွေလုပ်နေပါတယ်။

  8. မြဝတီမြို့တောင်ပိုင်း၊ ကျောက်ခတ်ရွာက ကျားဖြန့်လုပ်ငန်းတွေ ဇူလိုင် ၂၈ ရက်နေ့ အပြီးထွက်ခွာဖို့ အမိန့်ထုတ်

    ကျောက်ခတ်က ကျားဖြန့်လုပ်ငန်းတွေမှာ ပိတ်မိနေတဲ့ ပြည်ပနိုင်ငံသားတွေကို လွှဲပြောင်းပေးအပ်ဖို့ စီစဉ်နေတဲ့မြင်ကွင်း (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကျောက်ခတ်က ကျားဖြန့်လုပ်ငန်းတွေမှာ ပိတ်မိနေတဲ့ ပြည်ပနိုင်ငံသားတွေကို လွှဲပြောင်းပေးအပ်ဖို့ စီစဉ်နေတဲ့မြင်ကွင်း (ပုံဟောင်း)

    ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ ကျောက်ခတ်ရွာက တိုင်းချန် ကျားဖြန့်လုပ်ငန်း သတင်းပေးသူကို ဒေါ်လာ ၁၀ သန်းဆုကြေးပေးမယ်လို့ အမေရိကန်ဘက်က ထုတ်ပြောထားချိန်မှာပဲ ကျောက်ခတ်က ကျားဖြန့်လုပ်ငန်းတွေ အပြီးထွက်ကြဖို့ အမိန့်ထုတ်ထားတဲ့အကြောင်း အဲဒီနယ်မြေကိုထိန်းချုပ်တဲ့ ကရင်လက်နက်ကိုင်အဖွဲ့ DKBA ဆီကနေ သိရပါတယ်။

    ထိုင်းနယ်စပ် မဲဆောက်နဲ့ သောင်ရင်းမြစ်သာခြားတဲ့ ကျောက်ခတ်ရွာက ကျားဖြန့်လုပ်ငန်းတွေကို ဇူလိုင် ၂၈ ရက်နေ့မတိုင်ခင် ထွက်ခွာသွားဖို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) က အမိန့်ထုတ်ထားတာဖြစ်ပါတယ်။

    “ကျောက်ခတ်မှာ အခုကျားဖြန့်လုပ်ငန်းတွေ ၄ ပုံ ၃ ပုံလောက် မရှိတော့ပါဘူး။ ကျန်တာတွေကိုလည်း ဇူလိုင် ၂၈ ရက်ကစပြီး ၁၀ ရက်အတွင်း ပြောင်း‌ရွှေ့ဖို့ အမိန့် ထုတ်ထားပါတယ်” လို့ အမည်မဖော်လိုတဲ့ DKBA အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    မကြာသေးခင်တုန်းကမှ ကျောက်ခတ်ရွာကို ရောက်ခဲ့သူတစ်ဦးကတော့ “အခု ကျားဖြန့်တွေဆိုတာ နည်းတာ မဟုတ်ဘူး။ လမ်းပေါ်မှာ မမြင်ချင်မှအဆုံးပဲ။ ကျွန်တော်တို့ အဲဒီဘက်ရောက်တုန်းက ကျားဖြန့်တွေထဲက ထိုင်းဘက်ကို ထွက်ပြေးတဲ့သူတွေလည်းရှိတယ်။ လမ်းကြောင်းတွေက မကောင်းတဲ့အခါ ဖမ်းမိတာတွေလည်း ရှိတယ်” လို့ သူ မြင်တွေ့ သိရှိခဲ့တဲ့အခြေအနေကို ဘီဘီစီကို ပြောပြပါတယ်။

    လက်ရှိမှာ မြန်မာစစ်တပ်ဟာ ထိုင်း -မြန်မာ နယ်စပ်မှာ ကျားဖြန့် နှိမ်နင်းနေတယ်လို့ဆိုပြီး မြဝတီမြို့ မြောက်ပိုင်းမှာ KNA လို့ နာမည်ပြောင်းထားတဲ့ နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ် ‌ရွှေကုက္ကိုမြို့သစ်က ကျားဖြန့်လုပ်ကိုင်ခဲ့တဲ့အဆောက်အဦတွေကို ဖြိုချနေပါတယ်။

    ဒါပေမဲ့ မြဝတီမြို့ တောင်ပိုင်းက ကျောက်ခတ်ရွာထဲမှာတော့ DKBA က ကျားဖြန့်တွေ ထွက်ဖို့ ပြောနေပေမဲ့ အဆောက်အဦတွေ တိုးချဲ့နေတယ်လို့လည်း ကျောက်ခတ်ကိုဝင်ထွက်သွားလာသူတွေက ပြောပါတယ်။

    DKBA ဘက်ကတော့ ဒီအချက်ကို ငြင်းဆိုထားပါတယ်။

    တဖက်မှာလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက DKBA နယ်မြေဖြစ်တဲ့ ကျောက်ခတ်ရွာမှာ လည်ပတ်တဲ့ တိုင်ချန်(Tai Chang) ကျားဖြန့်ငွေလိမ်ဂိုဏ်းရဲ့သတင်းအချက်အလက်တွေပေးရင် ဆုငွေ ဒေါ်လာ ၁၀ သန်း ချီးမြင့်မယ်လို့ ကြေညာထားပါတယ်။

    ဒီအတောအတွင်းမှာပဲ မြန်မာနဲ့ ကမ္ဘောဒီးယားနယ်စပ်က အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်တွေကို ပူးပေါင်းနှိမ်နင်းနေတဲ့ အမေရိကန် FBI ခေါင်းဆောင်နဲ့ ထိုင်းဝန်ကြီးချုပ် အနုတင်တို့ မနေ့က ထိုင်းအစိုးရ အိမ်တော်မှာ တွေ့ဆုံထားပါတယ်။

    အဲဒီတွေ့ဆုံမှုအတွင်း FBI နဲ့ ထိုင်းကြား အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့သတင်းအချက်အလက်တွေကို မျှဝေပြီး ဥပဒေစိုးမိုးရေးပိုင်း ညှိနှိုင်းဆောင်ရွက်တာတွေလုပ်ဖို့ ဝန်ကြီးချုပ် အနုတင်နဲ့ FBI ညွှန်ကြားရေးမှူး ပတဲလ်တို့ ဆွေးနွေးထားတယ်လို့ ထိုင်းဘက်က သတင်းထုတ်ပါတယ်။

    အမေရိကန် FBI ဟာ ထိုင်း- မြန်မာ နယ်စပ်၊ မြန်မာဘက်ခြမ်းက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ ထိုင်းရဲတပ်ဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်နေပါတယ်။

    အမေရိကန်ကတော့ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံအချို့မှာ လှုပ်ရှားတဲ့အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်တွေကြောင့် အမေရိကန်နိုင်ငံသားတွေရဲ့ ချွေးနဲစာ ဒေါ်လာ သန်းထောင်ချီ ဆုံးရှုံးခဲ့ပြီးပြီလို့ ပြောထားပါတယ်။

    တဖက်မှာလည်း ထိုင်းဟာ မြန်မာနယ်စပ်မှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလနက်ကိုင်အချို့လုပ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း တိုက်ဖျက်ရေးတွေမှာ ဖမ်းမိတဲ့ တရုတ်အများစုပါဝင်တဲ့ နိုင်ငံခြားသားတွေကို နေရပ်ပြန်ပို့တဲ့ လုပ်ငန်းစဉ်မှာ ကြားခံနိုင်ငံအဖြစ် ဆောင်ရွက်ပေးနေပါတယ်။

  9. ဩဂုတ်လမှာ လွတ်ရက်စေ့မယ့် MMA ဖိုက်တာ ဖိုးသော် ထပ်တိုးမှုနဲ့ ရုံးထုတ်စစ်ဆေးခံရ

    One Championship မှာ ထိုးသတ်ခဲ့တဲ့ MMA ဖိုက်တာ ဖိုးသော် (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, One Championship

    ဓာတ်ပုံ ပုံစာ, One Championship မှာ ထိုးသတ်ခဲ့တဲ့ MMA ဖိုက်တာ ဖိုးသော် (ပုံဟောင်း)

    ရန်ကုန်မြို့၊ အင်းစိန်ထောင်မှာ အကျဉ်းကျနေတဲ့ MMA ဖိုက်တာ ဖိုးသော်ဟာ သြဂုတ်မှာ ထောင်ဒဏ်ကနေ လွတ်မြောက်မှာဖြစ်ပေမဲ့ အကြမ်းဖက်ဥပဒေပုဒ်မ တစ်ခု ထပ်တိုးခံရတယ်လို့ အမှုအကြောင်းသိရှိသူက ဘီဘီစီကို ပြောပါတယ်။

    ထပ်တိုးတဲ့အမှုအတွက် ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့မှာ ကမာရွတ်ခရိုင်တရားရုံးမှာ ပထမဆုံးရုံးထုတ်ခဲ့ပြီး မနေ့ ဇူလိုင် ၂၁ ရက်မှာ ရုံးချိန်းစတင် စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။

    ၂၀၂၁ ခုနှစ်က ဖောက်ခွဲရေးပစ္စည်း အက်ဥပဒေ ပုဒ်မတွေနဲ့ ထောင် ၇ နှစ် ချမှတ်ခံထားရတဲ့ ကိုဖိုးသော်ကို ဗဟန်းရဲစခန်းမှူးက တရားလိုလုပ်ပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၁(ဂ)နဲ့ ထပ်မံတရားစွဲဆိုခဲ့တာလို့လည်း သူကပြောပါတယ်။

    “သူ(ဖိုးသော်)ကတော့ ထောင်ထဲမှာ အေးအေးဆေးဆေးနေလျက်နဲ့ ထပ်ပြီး ပုဒ်မတပ်ခံရတာကို ခံပြင်းနေတယ်” လို့ အမှုအကြောင်းသိရှိသူက ပြောပါတယ်။

    ပုဒ်မ ၅၁ (ဂ) ဟာ အကြမ်းဖက်မှု ကျူးလွန်ရန် ဒါမှမဟုတ် အားပေးကူညီရန် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်း၊ ဗုံး ဒါမှမဟုတ် လက်နက်ကို ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းချမှု၊ ပေးကမ်းမှု ဒါမှမဟုတ် လက်ဝယ်ထားမှု ဖြစ်ပါတယ်။

    ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၅ နှစ်ကနေ ၁၀ နှစ်အထိ ချမှတ်နိုင်တဲ့အမှုဖြစ်ပါတယ်။ အကျဉ်းထောင်ထဲ ရောက်နေတဲ့ ကိုဖိုးသော်ဟာ ဘယ်လိုအကြောင်းကြောင့် အခုလို အကြမ်းဖက် ပုဒ်မ တပ်ခံရပြီး တရားရင်ဆိုင်ရတယ်ဆိုတာ ရှင်းလင်းလင်း မသိရဘူးလို့ ဖိုးသော်အမှု ရုံးချိန်းအကြောင်း သိရှိသူက ပြောပါတယ်။

    ကိုဖိုးသော်ဟာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃ ရက်နေ့က MMA ဖိုက်တာ အောင်လအန်ဆန်းရဲ့ One Championship မှာ ဖိုက်တာဘဝ နောက်ဆုံးပွဲစဉ် မထိုးသတ်ခင်မှာ သူကိုအောင်လကို အားပေးနေတဲ့အကြောင်း စာပေးပို့ခဲ့ဖူးပါတယ်။

    ကိုအောင်လ ဟာ ကိုဖိုးသော် အကျဉ်းထောင်ထဲကနေ ပေးပို့တယ်ဆိုတဲ့အဲဒီစာကို လူမှုကွန်ရက်မှာ တင်ခဲ့ဖူးပါတယ်။

    အဲဒီနောက်တစ်နေ့မှာတော့ အင်းစိန်ထောင်အာဏာပိုင်တွေက ကိုဖိုးသော်ကို အင်းစိန်ထောင်မကြီး အမှတ် (၃) ဆောင်ကို ပြောင်းရွှေ့ခဲ့သလို စောင့်ကြည့်မှုတွေလည်း ခံခဲ့ရတယ်လို့ အဲဒီအချိန်က ကိုဖိုးသော်နဲ့အတူ ထောင်ထဲမှာ အတူရှိခဲ့သူက ဘီဘီစီကို ပြန်ပြောပြပါတယ်။

    ကိုဖိုးသော်ဟာ ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီးက Team PT Gym မှာ ပေါက်ကွဲမှုဖြစ်ပြီးနောက် ဖမ်းဆီးခံရသလို ကိုယ်တိုင်လည်း ဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ရခဲ့လို့ ဆေးရုံတက် ကုသမှုခံယူရပါတယ်။

    အဲဒီနောက် အကြမ်းဖက် ဖောက်ခွဲမှု ပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံရပါတယ်။

    အရင်က သူ့ကို ဖောက်ခွဲရေးပစ္စည်း အက် ဥပဒေပုဒ်မ ၃၊ ၄ တို့ အပြင် ပုဒ်မ ၅၁ (ဂ) နဲ့ အမှုတပ်ခဲ့ရပါတယ်။

    အဲဒီနောက်ပိုင်းမှာ ဖောက်ခွဲရေးပစ္စည်း အက်ဥပဒေနဲ့သာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာလို့ သူနဲ့အတူ အဲဒီအချိန်က အင်းစိန်ထောင်ထဲမှာရှိခဲ့သူက ဘီဘီစီကို ပြောပါတယ်။

    ကိုဖိုးသော်ကို အမှုထပ်တိုးခံရတယ်ဆိုတာနဲ့ ရုံးထုတ်စစ်ဆေးခဲ့တယ်ဆိုတဲ့အချက်ကို အင်းစိန်ထောင်နဲ့နီးစပ်သူတစ်ဦးကလည်း အတည်ပြုထားပါတယ်။

  10. Godzilla vs Kong ရုပ်ရှင်ထဲက ကလေးသရုပ်ဆောင် ကားတိုက်မှုမှာ ကွယ်လွန်

    Godzilla vs Kong ရုပ်ရှင်ဆုပေးပွဲမှာမြင်ရတဲ့ ဟော့တဲလ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, Godzilla vs Kong ရုပ်ရှင်ဆုပေးပွဲမှာမြင်ရတဲ့ ဟော့တဲလ်

    Godzilla vs Kong ရုပ်ရှင်ထဲမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ အမေရိကန်သရုပ်ဆောင် ကေလီ ဟော့တဲလ်ဟာ ကားတိုက်မှုအတွင်း ကွယ်လွန်ပြီလို့ မိသားစုဘက်က သတင်းထုတ်ပါတယ်။

    ကွယ်လွန်ချိန်မှာ သူ့အသက် ၁၈ နှစ်ပြည့်ပြီဖြစ်ပါတယ်။

    အကြားအာရုံ မသန်စွမ်းတဲ့ ဟော့တဲလ်ဟာ ၂၀၂၁ ထွက် ဂေါ်ဇီလာနဲ့ ခေါင် ရုပ်ရှင်မှာ ဂျီယာ အဖြစ်သရုပ်ဆောင်ခဲ့သူဖြစ်ပြီး အဲဒီနောက်ဆက်တွဲ ၂၀၂၄ ခုနှစ်ထွက် ရုပ်ရှင်မှာလည်း ထပ်မံသရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

    ဟော့တဲလ်သေဆုံးတဲ့အကြောင်း သူ့ဖခင် ဂျော့ရှုဝါ ဟော့တဲလ်က လက်သင်္ကေတအသုံးပြုပြီး ဖေ့ဘွတ်ခ်မှာ ရုပ်သံတင် သတင်းထုတ်ပါတယ်။

    မေရီလင်းပြည်နယ်၊ ဖရဲဒရစ်မြို့က ရဲတပ်ဖွဲ့ကတော့ ဒေသစံတော်ချိန် အင်္ဂါနေ့ မနက်ခင်းမှာဖြစ်ခဲ့တဲ့ လူတစ်ဦး သေဆုံးတဲ့ကားတိုက်မှုဟာ ''အရှိန်ပြင်းမောင်းနှင်မှု'' ကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။

    ဟော့တဲလ် တက်ရောက်ပညာသင်ယူခဲ့တဲ့ တက္ကဆက်အကြားအာရုံမသန်စွမ်းသူများကျောင်းကတော့ ဒီသတင်းအတွက် ဝမ်းနည်းတဲ့အကြောင်း ပြောပါတယ်။

    ''ဟော့တဲလ်ရဲ့မိသားစု၊ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ အတန်းဖော်တွေနဲ့ သူ့ကို ချစ်ကြခင်ကြ သိကျွမ်းကြသူတွေနဲ့အတူ ဝမ်းနည်းကြောင်း ပြောကြားလိုပါတယ်'' လို့ ကျောင်းဘက်က အင်စတာဂရမ်မှာ ပို့စ်တင် ရေးပါတယ်။

    ဂေါ်ဇီလာနဲ့ ကောင် ရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့ Warner Bros ထုတ်လုပ်ရေးလုပ်ငန်းကတော့ သရုပ်ဆောင်အတွက် ဝမ်းနည်းကြောင်း သူ့ ပုံနဲ့အတူ လူမှုကွန်ရက်မှာ ရေးသားပါတယ်။

    ဟော့တဲလ်ဟာ Godzilla vs Kong ရုပ်ရှင်မှာ ဟော်လိဝုဒ် နာမည်ကျော်တွေဖြစ်တဲ့ အလက်ဇန်းဒါ စကားဂါ့၊ မီလီ ဘော်ဘီ ဘရောင်း၊ ရေဘက်ကာ ဟောလ်တို့နဲ့အတူ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

    ၂၀၂၄ ခုနှစ်ထွက် ရုပ်ရှင်ထဲ သူ့ သရုပ်ဆောင်အားကြောင့် Saturn Award ဆုပေးပွဲမှာ အကောင်းဆုံးလူငယ်ရုပ်ရှင်သရုပ်ဆောင်ဆု ဆန်ကာတင်စာရင်းထဲ ပါ၀င်ခဲ့ဖူးပါတယ်။

  11. မက္ကဆီကိုမှာ ဖန်တနဲလ်ထုတ် မူးယစ်ရာဇာလို့ စွပ်စွဲခံရတဲ့တရုတ်ဘွဲ့ရ

    လေယာဉ်တစ်စင်းအရှေ့မှာ မတ်တပ်ရပ်နေတဲ့ ကျန်းကျီးဒုံကို လက်ထိပ်ခတ်လျက်သား မြင်တွေ့ရ နက်ပြာရောင် အင်္ကျီအောက်မှာ Adidas ရှပ်အင်္ကျီ ဝတ်ထားတာကို မြင်တွေ့ရ။ သူက ကင်မရာဘက်ကို မျက်နှာမူနေပါတယ်။ ကျန်တဲ့သူ နှစ်ဦးက သူ့ကို ပြောင်းပြန် ဘေးတစ်ဖက်တစ်ချပ်မှာ လက်ချင်းညှပ်ပြီး ခေါ်သွားတာတွေ့ရ

    ဓာတ်ပုံ ရင်းမြစ်, BBC / Secretary Omar Harfuch of Mexico's Security and Citizen Protection

    ''အကို ဝမ်က သိပ်ကို အရေးပါတယ်။ သူက နံပါတ် ၁ ပဲ'' လို့ အန်းရစ်က ဟန်ပါပါ ပြုံးပြီးပြောပါတယ်။

    အန်းရစ် က သူ့ နာမည်အရင်း မဟုတ်ပါဘူး။ သူကတော့ သူ့ကိုယ်သူ မက္ကဆီကိုက ဆီနာလိုအာ က ဂိုဏ်းမှာ ထိပ်ပိုင်းက ညှိနှိုင်းရေးတာဝန်ယူထားသူ လို့ ပြောပါတယ်။

    ဆီနာလိုအာပြည်နယ်ရဲ့မြို့တော် ကူလီအာခန် ဆင်ခြေဖုံးရပ်ကွက်မှာ ရပ်ထားတဲ့ ကားတစ်စီးထဲကနေ သူ စကားပြောနေတာ ဖြစ်ပါတယ်။ သူ့စကားကို ဘယ်သူမှ မကြားနိုင်အောင် အခုလိုနေရာကို ရွေးချယ်တာဖြစ်ပါတယ်။ အသက်သေတဲ့အထိ ပြင်းတဲ့ ဖန်တနဲလ် မူးယစ်ဆေး ထုတ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေဟာ မိုင်ပေါင်း ထောင်ချီအဝေးမှာရှိတဲ့ တရုတ်စက်ရုံတွေကနေ မက္ကဆီကိုမှာရှိတဲ့ဓာတ်ခွဲခန်းတွေအထိ ရောက်လာပုံကို သူ ရှင်းပြပါတယ်။ ဒီပစ္စည်းတွေရဖို့ ထောက်ပို့ ကွင်းဆက်ကြီးတစ်ခုလုံးဟာ အကိုဝမ်ကြောင့် ပေါ်လာတာလို့ဆိုပြီး သူတို့ ဂိုဏ်းအဖွဲ့ဝင်တွေက ထောပနာပြုဟန် ပြောပြပါတယ်။

    ''ဖန်တနဲလ် ရာဇာ'' လို့ ကမ္ဘာမှာ ရာဇဝတ်ကြောင်းနဲ့ နာမည်ကြီးတဲ့ အကိုဝမ်ဟာ အသက် ၃၉ နှစ်အရွယ် တရုတ်နိုင်ငံသားဖြစ်ပါတယ်။ သူ့ နာမည်ရင်းက ကျန်းကျီးဒုံလို့ အမေရိကန်တရားရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ သူ့ကို ၂၀၂၄ ခုနှစ်တုန်းက မက္ကဆီကို နိုင်ငံမှာ ဖမ်းမိပါတယ်။ ကျန်းဟာ သူ့ကို ဖမ်းထားတဲ့နေရာကနေ ရုပ်ရှင်ဆန်ဆန် ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်လည်အဖမ်းခံရပါတယ်။ အဲဒီနောက် ၂၀၂၅ ခုနှစ်မှာ အမေရိကန်ကို အပို့ခံရပါတယ်။

    ဂိုဏ်းသားတွေ ပြောပြတဲ့ ကျန်းအကြောင်းကို ဒီလင့်ခ် ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  12. မြန်မာကို ပို့မယ်လို့ ယူဆရတဲ့ FPV ဒရုန်းတွေနဲ့အတူ မြန်မာ ၁ ဦး မဲဆောက်မှာ ဖမ်းဆီးခံရ

    ဖမ်းမိတဲ့ဒရုန်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေလို့ ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်

    ဓာတ်ပုံ ရင်းမြစ်, CIB THAI

    ဓာတ်ပုံ ပုံစာ, ဖမ်းမိတဲ့ဒရုန်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေလို့ ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်

    ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာအမျိုးသား ၁ ဦးကို မြန်မာကို နည်းပညာမြင့် FPV ဒရုန်းတွေ ခိုးသွင်းဖို့ကြိုးပမ်းတဲ့သံသယနဲ့ဖမ်းဆီးလိုက်တယ်လို့ ထိုင်းနိုင်ငံ ဗဟိုစုံစမ်းရေးရဲတပ်ဖွဲ့(CIB)က သတင်းထုတ်ပါတယ်။

    မဲဆောက်ကနေ နယ်စပ်ဖြတ်ပြီး မြန်မာဘက်ခြမ်းကို ဒရုန်းတွေ ခိုးသွင်းတယ်ဆိုတဲ့သံသယနဲ့ သူ့ကို ဖမ်းဆီးလိုက်တာလို့ ရဲတပ်ဖွဲ့က ဇူလိုင် ၂၁ ရက်မှာသတင်းထုတ်ပါတယ်။

    ဖမ်းဆီးခံရသူဟာ မြန်မာနိုင်ငံသား အသက် ၂၈ နှစ်အရွယ် ကိုမင်းနီဆိုသူဖြစ်ပြီး နည်းပညာမြင့် FPV ဒရုန်း ၄ စင်း၊ ဘောင် ၇ ခု၊ အပိုပစ္စည်း ၁၆ မျိုးတို့နဲ့အတူ ဖမ်းမိတာလို့လည်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

    ထိုင်း CIB ရဲတပ်ဖွဲ့ကတော့ ကိုမင်းနီဟာ အကောက်ခွန်ကို မဖြတ်ဘဲ ပုဂ္ဂလိကကုမ္ပဏီ တစ်ခုကနေတဆင့် ပစ္စည်းတွေကို မှောင်ခိုကူးဖို့ ကြိုးပမ်းတာကြောင့် နယ်စပ်လုံခြုံရေးနဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်စေတယ်လို့ဆိုပြီး ရဲက ကနဦး သံသယ ဝင်ထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောပါတယ်။

    ပုဂ္ဂလိကပို့ဆောင်ရေးကုမ္ပဏီတစ်ခုကို ထိုင်းစစ်တပ်၊ ရဲနဲ့ အကောက်ခွန်အာဏာပိုင်တွေ ပူးပေါင်းအဖွဲ့တွေက ရှာဖွေရာကနေ ဒရုန်းနဲ့ဆက်စပ်ပစ္စည်းတွေကို ဖမ်းမိတာဖြစ်ပြီး ကိုမင်းနီကိုတော့ မဲဆောက်မြို့ အာရှလမ်းမကြီးပေါ်က စားသောက်ဆိုင် တစ်ဆိုင်မှာ ဖမ်းမိတာလို့ ဆိုပါတယ်။

    ဒါပေမဲ့ ရဲတပ်ဖွဲ့ကတော့ ဒီရှာဖွေ ဖမ်းဆီးတာတွေကို ဘယ်နေ့က လုပ်ခဲ့တယ်ဆိုတာ မပြောပါဘူး။

    ဒရုန်းတွေဟာ ချင်းမိုင်ခရိုင်ကနေ လာတာဖြစ်ပြီး ကိုမင်းဆိုသူက လက်ခံမယ့်အကြောင်းကိုလည်း ဒရုန်းတွေ ထုတ်ပိုးထားတဲ့စက္ကူဘူးတွေမှာ မြင်ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

    ဒရုန်းတွေ မှောင်ခိုပို့မယ်ဆိုတဲ့သံသယနဲ့ စွပ်စွဲခံထားရသူ ကိုမင်းနီကတော့ သူဟာ ပစ္စည်းပို့တာပဲ ဖြစ်ပြီး အထုပ်တွေထဲမှာ ဘာပစ္စည်းတွေ ပို့တယ်ဆိုတာကို မသိသလို သူ့ပစ္စည်းတွေ မဟုတ်ဘူးဆိုတဲ့အကြောင်းကိုလည်း ငြင်းဆိုထားပါတယ်။

    လက်ရှိမှာတော့ သူ့ကို မဲဆောက်ရဲစခန်းမှာ ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးတာတွေလုပ်နေပြီလို့ ဆိုပါတယ်။

  13. မင်္ဂလာပါ။

    ဇူလိုင်လ ၂၂ ရက်နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

    ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။