အိန္ဒိယရေချုပ် မြန်မာရောက်ပြီး စစ်ဘက်သုံးပစ္စည်းတွေပေး

မြန်မာကို ၄ ရက်ကြာခရီးရောက်နေတဲ့ အိန္ဒိယရေတပ်အကြီးအကဲက အိန္ဒိယ- မြန်မာ ၂ နိုင်ငံရေတပ်ပူးပေါင်းရေးဆွေးနွေးတဲ့သတင်းအပါအဝင် ၂၀၂၆ ခုနှစ်၊ မေ ၄ ရက် နိုင်ငံတဝန်းနဲ့ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ထိုင်းမှာ လုပ်ခလစာ မပေးလို့ဆိုပြီး အလုပ်ရှင်ကို သတ်ခဲ့တဲ့ မြန်မာလူငယ် ၄ ဦးကို မြန်မာဘက် မကူးခင်မှာ ဖမ်းမိတယ်လို့ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်
  • အာဂျင်တီးနားကနေ ကိတ်ဗာ့ဒ်ကို ခုတ်မောင်းတဲ့ အပျော်စီးသင်္ဘောပေါ်မှာ ဟန်တာဗိုင်းရပ်စ်ကူးစက်မှု သံသယနဲ့ လူ ၃ ဦး သေဆုံးတယ်လို့ WHO က ဘီဘီစီကို အတည်ပြု
  • ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ထဲမှာ ကလေးမြို့ကနေ တက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ပွဲပြင်းထန်
  • ထိုင်းမှာ နိုင်ငံခြားသားအလုပ်သမားတွေကို အလုပ်လုပ်ကိုင်ခွင့်ပြုထားတာနဲ့ လုပ်နေတဲ့အလုပ် ကိုက်ညီမှုရှိ မရှိကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမယ်လို့ဆို
  • ဖားကန့် မြို့နယ်၊ လုံးခင်းရွာမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်လို့ ဒေသခံတွေ ပိတ်မိ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မေ ၄ ရက် ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု ဒီမှာတင်ပြီးဆုံးပြီဖြစ်ပါတယ်။

    တစ်နေ့တာအတွင်း ကမ္ဘာနဲ့ နိုင်ငံတဝန်းဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေကို အခုစာမျက်နှာမှာပဲ တစ်စုတစ်စည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီသတင်းတွေကို အချိန်ပေး ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. တောင်ပိုင်းမင်းသားဗီဂျေးနဲ့သူ့ပါတီက တမီးလ်နာဒူပြည်နယ်ရွေးကောက်ပွဲမှာ မဲရလဒ်အသာနဲ့ ဦးဆောင်အနိုင်ရနေ

    တောင်ပိုင်း၊ တမီးလ်ရုပ်ရှင်မင်းသား ဗီဂျေး

    ဓာတ်ပုံ ရင်းမြစ်, Tamilaga Vettri Kazhagam TVK

    ဓာတ်ပုံ ပုံစာ, တောင်ပိုင်း၊ တမီးလ်ရုပ်ရှင်မင်းသား ဗီဂျေး

    တောင်ပိုင်း၊ တမီးလ်ရုပ်ရှင်မင်းသား ဗီဂျေးနဲ့ သူ့ပါတီက အိန္ဒိယ၊ တမီးလ်နာဒူပြည်နယ် ရဲ့ ရွေးကောက်ပွဲမှာ ပြိုင်ဘက်ဝါရင့်ပါတီတွေကို မဲရလဒ် အသာနဲ့ ဦးဆောင်နေပြီး တမီးလ်နာဒူခေါင်းဆောင်သစ်ဖြစ်လာနိုင်ခြေရှိနေတယ်လို့ အိန္ဒိယသတင်းတွေကဖော်ပြပါတယ်။

    အိန္ဒိယရဲ့ တောင်ပိုင်းရုပ်ရှင်စျေးကွက်မှာ ထင်ရှားအောင်မြင်တဲ့ သရုပ်ဆောင်အဖြစ်ကနေ နိုင်ငံရေးထဲကို ပြောင်းခဲ့တဲ့ စီဂျိုးဇက် ဗီဂျေးဟာ လက်ရှိ အာဏာရ Dravida Munnetra Kazhagam (DMK) ပါတီကို ကျော်တက်ပြီး မဲရလဒ်အသာရ နေတာဖြစ်ပါတယ်။

    ၂၀၂၄ အထွေထွေရွေးကောက်ပွဲအပြီး အိန္ဒိယရဲ့ တမီးလ်နာဒူပြည်နယ်အပါအဝင် ပြည်နယ်လေးခုနဲ့ ပြည်ထောင်စုနယ်မြေတစ်ခုအတွက် ပါလီမန်ရွေးကောက်ပွဲတွေကို အခု ၂၀၂၆ မေလ ၄ ရက်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

    ဗီဂျေးရဲ့ ပါတီ Tamilaga Vettri Kazhagam (TMK)ဟာ ပါတီထောင်တာ ၂ နှစ်သာ ရှိသေးပေမဲ့ iPhone အများဆုံးထုတ်တဲ့ တမီးလ်နာဒူးပြည်နယ်မှာ ဆယ်စုနှစ်များစွာ အပြန်အလှန် အာဏာရ အုပ်ချုပ်ခဲ့ကြတဲ့ DMK နဲ့ All India Anna Dravida Munnetra Kazhagam (AIADMK) တို့ကို ခြိမ်းခြောက်နိုင်တဲ့ ပါတီသစ်ဖြစ်လာပါတယ်။

    တချိန်တည်းမှာပဲ အလားအလာကောင်းနေတဲ့ ဗီဂျေးနဲ့သူ့ပါတီ‌ကြောင့် လက်ရှိအိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့ BJP ပါတီအတွက် အကျိုးဖြစ်ထွန်း‌ စေနိုင်တယ်လို့တွက်ဆမှုတွေရှိနေပေမယ့်ဗီဂျေးကတော့ သူ့ပါတီနဲ့ မိုဒီပါတီတို့ကြား မဟာမိတ်ဆက်ဆံရေး မရှိကြောင်း ပြောထားပါတယ်။

  3. ကျောက်ကြီးမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့ မျက်လုံးတစ်ဖက်နဲ့ ခြေတစ်ဖက် ဆုံးရှုံး

    မြေမြှုပ်မိုင်းနင်းမိခဲ့တဲ့ မိန်းကလေး

    ဓာတ်ပုံ ရင်းမြစ်, Save The Trees

    ဓာတ်ပုံ ပုံစာ, မြေမြှုပ်မိုင်းနင်းမိခဲ့တဲ့ မိန်းကလေး

    ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့က အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး မေ ၃ ရက်မနက်ပိုင်းက မြေမြှုပ်မိုင်းနင်းမိလို့ မျက်လုံးတစ်ဖက်နဲ့ ခြေထောက်တစ်ဖက် ဆုံးရှုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးခဲ့တဲ့ Save The Trees အဖွဲ့က ပြောပါတယ်။

    လက်ရှိမှာ သူ့ကို တောင်ငူဆေးရုံကိုပို့ဆောင်ကုသထားတယ်လို့ဆိုပြီး ခွဲစိတ်ကုသမှု‌တွေဆက်လုပ်ရမယ်လို့ ဆိုပါတယ်။

    “ဥယျာဉ်ခြံမှာ ပိန္နဲသီးခူးချိန်နင်းမိတာ။ မြေမြှုပ်မိုင်းတွေ ရှိမှန်းတော့ သူတို့လည်းသိတယ်။ ဒါပေမဲ့ နွမ်းပါးကြတော့ တောထဲအရွက်ခူး ဘာခူးနဲ့ပဲ ကျပန်းလုပ်ကိုင်ကြတာ။ အခုထိ သူစကားမပြောနိုင်သေးဘူး။ ခွဲစိတ်တာတွေကလည်း ထပ်လုပ်ရဦးမှာလို့ ဆရာဝန်ကပြောတယ်”လို့ Save The Trees အဖွဲ့ခေါင်းဆောင် ကိုကျော်သူရက ပြောပါတယ်။

    မိန်းကလေးရဲ့ ဖခင်ကလည်း ပြီးခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်က မြေမြှုပ်မိုင်းနင်းမိခဲ့လို့ ခြေထောက်တစ်ဖက်နဲ့ မျက်လုံးတစ်ဖက် ဆုံးရှုံးခဲ့တာကြောင့် မိခင်ဖြစ်သူနဲ့ သမီးဖြစ်သူတို့က ကျပန်းလုပ်ကိုင်ရင်း အသက်မွေးကြရတာလို့ ပြောပါတယ်။

    ကျောက်ကြီးမြို့နယ်ဟာ ကရင်အမျိုးသားအစည်းအရုံ- KNU ရဲ့ တပ်မဟာ ၃ ၊ နယ်မြေထဲမှာ ပါဝင်တဲ့ ဒေသလည်း ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ် တစ်နှစ်ပတ်လုံးမှာ မြေမြှုပ်မိုင်းနဲ့ အခြားပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းများကြောင့် အရပ်သား ၇၄၅ ယောက်သေဆုံးပြီး အဲဒီအထဲမှာ ကလေးသူငယ် ၁၅၅ ယောက် ပါဝင်တယ်လို့ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့- UNICEF က ၂၀၂၆ ခုနှစ် ဧပြီမှာ ထုတ်ပြန်ထားပါတယ်။

  4. ဟော်မုဇ်ရေလက်ကြားထဲ အမေရိကန်တပ်တွေ ဝင်လာရင် တိုက်မယ်လို့ အီရန်ခြိမ်းခြောက်

    ဟော်မုဇ်ရေလက်ကြားကို အမေရိကန်တပ်ဖွဲ့တွေ ဝင်ရောက်လာရင် တိုက်ခိုက်မယ်လို့ အီရန်က ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။ ရေလက်ကြားထဲမှာ ပိတ်မိသောင်တင်နေတဲ့သင်္ဘောတွေကို အမေရိကန်က ကူညီပြီး ထုတ်ပေးမယ်လို့ သမ္မတ ထရမ့်က ပြောအပြီးမှာ အီရန်က အခုလိုတုံ့ပြန်လာတာ ဖြစ်ပါတယ်။

    အီရန် -အမေရိကန် စစ်ဖြစ်ကတည်းက ဟော်မုဇ်ရေလက်ကြားထဲမှာ ပိတ်မိနေတဲ့ သင်္ဘော အစင်းရေ ၂,၀၀၀ ရှိပြီး သင်္ဘောသား ၂၀,၀၀၀ နီးပါးသောင်တင်နေတယ်လို့ ကုသမဂ္ဂရဲ့အေဂျင်စီတစ်ခုဖြစ်တဲ့ ပင်လယ်ရေကြောင်းသွားလာမှုဆိုင်ရာအဖွဲ့ (IMO) အချက်အလက်အရ သိရပါတယ်။

    ထရမ့်ကတော့ အမေရိကန်စစ်တပ်ဟာ သောင်တင်နေတဲ့သင်္ဘောတွေကို ဒေသစံတော်ချိန် တနင်္လာနေ့ မနက်ပိုင်းကစလို့ လူသားချင်းစာနာမှုအရ လမ်းညွှန်ပေးမယ်လို့ပြောပြီး သင်္ဘောအများစုဟာ စားသောက်စရာနည်းနေပြီလို့လည်း ဆိုပါတယ်။

    ဒါပေမဲ့ အီရန်စစ်တပ်ကတော့ ရေလက်ကြားထဲကို ဝင်လာတဲ့ ဘယ်ပြည်ပလက်နက်ကိုင်တပ်ကိုမဆို တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။ အတည်မပြုနိုင်သေးတဲ့သတင်းတစ်ပုဒ်မှာဆိုရင် အီရန်ဟာ ရေလက်ကြားထဲ ဝင်လာဖို့ လုပ်တဲ့ အမေရိကန် ရေတပ်သင်္ဘောတစ်စင်းကို ဟန့်တားလိုက်ပြီးပြီလို့ ဆိုပါတယ်။

    ဒါအပြင် ဟော်မုဇ်ရေလက်ကြားထဲကို အမေရိကန်တပ်တွေ ဝင်လာမယ်ဆိုရင် ဒါဟာ အပစ်ရပ်မှုကို ချိုးဖောက်မှုဖြစ်တယ်လို့ အီရန်ဘက်က အစောပိုင်းမှာ ပြောထားပါတယ်။

    ရေလက်ကြားထဲက သင်္ဘောတွေကို ဘယ်လိုထုတ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ အမေရိကန် ရေတပ်ဟာ ကိုယ်တိုင်ကိုယ်ကျ ရေလက်ကြားထဲ ဝင်တာထက် သင်္ဘောတွေကို ခုတ်မောင်းဖို့ လမ်းပြတာမျိုးပဲ ဖြစ်နိုင်ခြေရှိတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

    ဘီဘီစီ စီးပွားရေးသတင်းထောက်ကတော့ ရေလက်ကြားက အခြေနေမတိုးတက်သရွေ့ ရေနံစျေး သိသိသာသာ အပြောင်းအလဲဖြစ်ဖို့ မမြင်ရဘူးလို့ ရေးပါတယ်။

    ဟော်မုဇ်ရေလက်ကြားအထွက် အိုမန်ပင်လယ်ကွေ့မှာ အမေရိကန် ပိတ်ဆို့ထားတဲ့နေရာကိုလည်း အောက်ပါ မြေပုံမှာ ကြည့်ရှုနိုင်ပါတယ်။

    အိုမန်ပင်လယ်ကွေ့မှာ အမေရိကန် ပိတ်ဆို့ထားတဲ့မျဉ်း
  5. တောင်သာမှာ LPDF တွေရဲ့ကား ခြုံခိုတိုက်ခိုက်ခံရပြီး ၁၁ ဦး သေဆုံး

    မြင်းခြံခရိုင် တပ်ရင်း ၃ တပ်ဖွဲ့ဝင်တွေပုံဟောင်း

    ဓာတ်ပုံ ရင်းမြစ်, တောင်သာတပ်ရင်း

    ဓာတ်ပုံ ပုံစာ, မြင်းခြံခရိုင် တပ်ရင်း ၃ တပ်ဖွဲ့ဝင်တွေရဲ့ပုံဟောင်း

    မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ထဲမှာ ဒေသကာကွယ်ရေးတပ်(LPDF) ဖြစ်တဲ့ မင်းသားကြီးစစ်ကြောင်းက တပ်ဖွဲ့ဝင်တွေ လိုက်လာတဲ့ကားကို စစ်တပ်က တိုက်ခိုက်လို့ LPDF တပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးတယ်လို့ အဲဒီတပ်ဖွဲ့ခေါင်းဆောင်ကို မင်းသားကြီးက ဘီဘီစီကို ပြောပါတယ်။

    မင်းသားကြီး စစ်ကြောင်းဟာ မြင်းခြံခရိုင်၊ အမှတ် ၃ တပ်ရင်းကနေ ပြီးခဲ့တဲ့ရက်ပိုင်းကမှ နုတ်ထွက်ပြီး စစ်ကြောင်းအနေနဲ့ သီးခြားရပ်တည်နေတဲ့အဖွဲ့လို့ သိရပါတယ်။

    တပ်ဖွဲ့ဝင်တွေဘယ်နေရာမှာ တိုက်ခိုက်ခံရတယ်ဆိုတာကိုတော့ စစ်ကြောင်းခေါင်းဆောင်က ဖြေဆိုဖို့ ငြင်းဆိုပါတယ်။

    ဒါပေမဲ့ စစ်တပ်ဘက်က သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်တွေမှာတော့ သတင်းရရှိတာကြောင့် ရွှေစည်ကြီးကျေးရွာကနေ သံဘိုရွာဘက်ကို မောင်းလာတဲ့ PDF တွေရဲ့ကားကို စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က တောင်သာမြို့နယ်၊ သံဘိုရွာမ ကျေးရွာနားမှာ ကင်းပုန်းဝပ်တိုက်ခိုက်ခဲ့တယ်လို့ ရေးသားပါတယ်။

    “ကျွန်တော့် တပ်ဖွဲ့ဝင်တွေ ဆုံးတာက ၁၀ ယောက်၊ ၁ ယောက်ကို ကျွန်တော် အမိအရ ကယ်လိုက်ပေမဲ့ အသက်မမီလိုက်ဘူး။ သူတို့ ထုတ်ထားတဲ့ဓာတ်ပုံထဲက ပွိုင့်ဖိနပ် စီးထားတာက စစ်တပ်ဘက်ကပါ။ ကျွန်တော်တို့ကားလည်း မီးရှို့ခံလိုက်ရတယ်၊ လက်နက်တွေလည်း ပါသွားတယ်” လို့ တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

    အဲဒီတိုက်ခိုက်မှုအကြောင်းကို တယ်လီဂရမ်တွေမှာ ဖော်ပြနေတဲ့ဓာတ်ပုံတွေမှာတော့ မီးလောင်နေတဲ့ ကားတစ်စီးပုံ၊ ရုပ်အလောင်းတွေကို တန်းစီထားတဲ့ဓာတ်ပုံတွေကိုလည်း တွေ့ရပါတယ်။

    တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပါလာတဲ့ MA-1 ၃ လက်၊ MA-3 ၁ လက် အပါအဝင် သေနတ်၊ ၆၀ မမ ဗုံးသီး၊ လက်ပစ်ဗုံး၊ ကျည်ကာဦးထုတ်၊ ကျည်ကာအင်္ကျီ၊ ကျည်ဘောက်စ်တို့ကို သိမ်းဆည်းရမိတယ်လို့ စစ်တပ်သတင်းတွေကို ဖော်ပြတဲ့ တယ်လီဂရမ်တွေက သတင်းတင်ပါတယ်။

    မြင်းခြံခရိုင် တပ်ရင်း ၃ ဟာ ပြီးခဲ့တဲ့ဇန်နဝါရီ ၁၄ ရက်တုန်းက ဒေသအခေါ် ပျူစောထီး (ပြည်သူ့စစ်) ခေါင်းဆောင် ဒေါ်သီတာယုမွန်ရဲ့ အမျိုးသားဟောင်း ပြည်သူ့စစ် ဒုခေါင်းဆောင်လို့ဆိုသူ ဦးစိန်လွင်ကို ဖမ်းဆီးခဲ့တဲ့တပ်ရင်းဖြစ်ပါတယ်။

    နေပြည်တော်ဘက်ကတော့ တောင်သာက အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

  6. အိန္ဒိယရေချုပ် မြန်မာရောက်နေ, စစ်ဘက်သုံးကိရိယာများ လွှဲပြောင်းပေးအပ်

    အိန္ဒိယရေတပ်အကြီးအကဲ အဒ်မီရယ် ဒီနေရှ် ကေ တရီပါသီနဲ့ မြန်မာရေတပ်အရာရှိတွေနှုတ်ဆက်နေမှု

    ဓာတ်ပုံ ရင်းမြစ်, India Navy

    ဓာတ်ပုံ ပုံစာ, အိန္ဒိယရေတပ်အကြီးအကဲ အဒ်မီရယ် ဒီနေရှ် ကေ တရီပါသီနဲ့ မြန်မာရေတပ်အရာရှိတွေ နှုတ်ဆက်

    မြန်မာကို လာရောက်နေတဲ့ အိန္ဒိယရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဒီနေရှ် ကေ တရီပါသီက မြန်မာရေတပ်အရာရှိတွေနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံရေတပ်အကြား ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့နိုင်ရေး ဆွေးနွေးထားတယ်လို့ ဘီဘီစီက သိရှိရပါတယ်။

    တရီပါသီရဲ့အခုခရီးစဉ်က မေ ၂ ရက်ကနေ ၅ ရက်အထိဖြစ်ပြီး အဲဒီအချိန်အတွင်းမှာ မြန်မာရေတပ် ဗဟိုကွပ်ကဲမှုဌာနက အရာရှိတွေနဲ့လည်း တွေ့ဆုံထားတယ်လို့ အိန္ဒိယရေတပ်ဘက်က ပြောထားပါတယ်။

    ဒီခရီးစဉ်အတွင်း အိန္ဒိယအစိုးရက ပံ့ပိုးပေးထားတဲ့ စစ်ဘက်ဆိုင်ရာ ကိရိယာတွေကို မြန်မာ‌‌ ရေတပ်ဘက်ကို လွှဲပြောင်းပေးထားပြီး အဲဒီထဲမှာ သင်္ဘောအသုံးအဆောင်ပစ္စည်းတွေ၊ ကမ်းရိုးတန်းလုံခြုံရေးအတွက် အသုံးပြုနိုင်တဲ့ကိရိယာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

    ဒီပံ့ပိုးမှုတွေက ဘင်္ဂလားပင်လယ်အတွင်း လုံခြုံရေးကို ပိုမိုအားကောင်းစေဖို့နဲ့ အိန္ဒိယရဲ့ “SAGAR” မူဝါဒအောက်မှာ ဒေသတွင်း ပူးပေါင်းဖွံ့ဖြိုးရေးကို ဆက်လုပ်သွားဖို့ရည်ရွယ်ထားတာလို့ အိန္ဒိယသတင်းဌာနတချို့က‌ ရေးပါတယ်။

    ဒါ့အပြင် နှစ်နိုင်ငံအကြား လက်ရှိလုပ်ဆောင်နေတဲ့ ရေကြောင်းပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်လည်သုံးသပ်ပြီး နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုသစ်တွေကို တိုးချဲ့လုပ်ဆောင်နိုင်ရေးလည်း ဆွေးနွေးမယ်လို့ဆိုပါတယ်။

    အိန္ဒိယရေတပ်နဲ့ မြန်မာရေတပ်ဟာ မကြာခဏ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုတွေကို အတူတကွ လုပ်ဆောင်နေတဲ့ဆက်ဆံရေးရှိသလို အိန္ဒိယရေတပ်ကလည်း မြန်မာရေတပ်ကို စစ်ဖက်သုံးဆိုင်ရာပစ္စည်းတွေ‌ ထောက်ပံ့ပေးမှုရှိပါတယ်။

    မြန်မာဟာ အိန္ဒိယအတွက် မဟာဗျူဟာအရ အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သလို အရှေ့မြောက်ဒေသတွေနဲ့လည်း နယ်နိမိတ်ရှည်လျားစွာ ချိတ်ဆက်နေပါတယ်။

    မြန်မာက အိန္ဒိယရဲ့အရှေ့မျှော်မူဝါဒမှာ အရေးပါတဲ့နိုင်ငံဖြစ်နေသလို “Neighbourhood First” နဲ့ “Act East” မူဝါဒတွေထဲမှာ မြန်မာကို အဓိကကျတဲ့နိုင်ငံအဖြစ် ထားရှိထားတယ်လို့ အိန္ဒိယအခြေစိုက်အကဲခတ်တွေက တောက်လျှောက်ပြောနေကြတာဖြစ်ပါတယ်။

    မြန်မာစစ်တပ်ရဲ့ရေငုပ်သင်္ဘောပိုင်ဆိုင်ရေးအိပ်မက်ကို အိန္ဒိယ‌ရေတပ်က ဖြည့်ဆည်းပေးထားသလို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ အငြင်းပွားခဲ့ကြတဲ့ စိန့်မာတင်ကျွန်းအမှု အပြီးမှာ မြန်မာရေတပ်နဲ့ အိန္ဒိယရေတပ်ကြား ဆက်ဆံ‌ရေး ပိုအားကောင်းလာတာ ဖြစ်ပါတယ်။

    အိန္ဒိယ‌က မြန်မာရေတပ်ကို ပေးထားတဲ့ "မင်းရဲသိင်္ခသူ" ရေငုပ်သင်္ဘောဟာ ရုရှားနိုင်ငံလုပ် ကီလို ၈၇၇ (Kilo Project 877) အမျိုးအစားဖြစ်ပြီး အိန္ဒိယရေတပ်က နှစ်ပေါင်း ၃၀ ကျော် အသုံးပြုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အကြီးစားပြင်ဆင်မှုတွေလုပ်ပြီး အိန္ဒိယက မြန်မာကို လွှဲပေးခဲ့တာ ဖြစ်ပါတယ်။

  7. ဖားကန့်မြို့နယ်၊ လုံးခင်းရွာမှာ စစ်တပ်နဲ့ KIA/PDF တိုက်ပွဲကြောင့် ဒေသခံတွေ ပိတ်မိနေ

    တိုက်ပွဲဖြစ်နေတာကြောင့် လူအသွားအလာနည်းနေတဲ့ လုံးခင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, တိုက်ပွဲဖြစ်နေတာကြောင့် လူအသွားအလာနည်းနေတဲ့ လုံးခင်း

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရွာမှာ စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်တွေက တိုက်ခိုက်လို့ ဒီနေ့ မနက် ၆ နာရီခန့်ကစလို့ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေ ပိတ်မိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    လုံးခင်းရွာထဲမှာ စစ်တပ် တပ်စွဲနေတဲ့ဆေးရုံဟောင်းနဲ့ ဂေါက်ကွင်းနေရာအပါအဝင် နေရာ သုံးခုကနေ ထွက်လာတဲ့ အင်အားရာချီပါ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ရာကနေ တိုက်ပွဲစဖြစ်တာလို့ သိရပါတယ်။

    တိုက်ပွဲပစ်ခတ်မှုတွေအတွင်း ထိခိုက်တာတွေရှိတဲ့အတွက် မတိမ်းရှောင်ရဲတဲ့ဒေသခံတွေ ပိတ်မိနေတာလို့လည်း နောက်ထပ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    တိုက်ပွဲအတွင်း ဖားကန့်မြို့ထဲက ဗျူဟာကုန်းကနေ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် ကု‌ဋေရွာက အမျိုးသားတစ်ယောက် စိုးရိမ်ရတဲ့ဒဏ်ရာရရှိပြီး လယ်ပြင်ရွာက ကလေးတစ်ယောက်လည်း ဒဏ်ရာရတယ်လို့ သိရပါတယ်။

    ထိခိုက်ဒဏ်ရာရသူတွေလည်း တိုက်ပွဲတွေကြား ဆေးကုသဖို့ အခက်အခဲဖြစ်နေတယ်လို့လည်း ဖားကန့်မြို့ခံတစ်ဦးက ပြောပါတယ်။

    KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ၂၀၂၄ ခုနှစ်မှာ ဖားကန့်မြို့နယ်ထဲက ကျောက်စိမ်းမှော်တချို့မှာ တပ်စွဲနေတဲ့ စစ်တပ်စခန်းတွေကို တိုက်ခိုက်ပြီးနောက် ထိန်းချုပ်ခဲ့တာပါ။

    စစ်တပ်က ဖားကန့်ကျောက်စိမ်းမှော်တွေကို ပြန်ထိန်းချုပ်နိုင်ဖို့ ၂၀၂၅ ခုနှစ် ဧပြီလကနေစပြီး စစ်ကြောင်းပြန်ထိုးလာပြီးနောက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။

  8. တီးတိန်မြို့နယ်ထဲ စစ်တပ်နဲ့ ချင်းတော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲပြင်းထန်နေ

    ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်တွေ စစ်ရေးလေ့ကျင့်မှု ပုံဟောင်း

    ဓာတ်ပုံ ရင်းမြစ်, Zoland PDF

    ဓာတ်ပုံ ပုံစာ, ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်တွေ စစ်ရေးလေ့ကျင့်မှု ပုံဟောင်း

    ချင်းပြည်နယ်၊ တီးတိန်မြို့ကို စစ်အင်အားဖြည့်ဖို့ သိုင်းငင်းလမ်းဆုံကနေ တက်လာတဲ့ စစ်ကြောင်းနဲ့ ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေတာ ၃ ရက်ထဲ ဝင်လာပြီလို့ မြေပြင်အခြေအနေသိတဲ့ချင်းတော်လှန်ရေး စစ်ရေးအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။

    ချင်းပြည်နယ်နဲ့အစပ်၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ တက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့တိုက်ပွဲဟာ မေ ၂ ရက်ကစပြီး တီးတိန်မြို့နယ်၊ အာလွယ်ရွာနားမှာ ဖြစ်ပွားနေတာလို့ သိရပါတယ်။

    စစ်တပ်ဟာ ကလေးမြို့ကိုဆင်းလို့ရတဲ့ တီးတိန်မြို့ကို ထိန်းထားဖို့နဲ့ အိန္ဒိယ-မြန်မာနယ်စပ်မှာ ချင်းတော်လှန်ရေးတပ်တွေသိမ်းထားတဲ့ ရိခေါဒါမြို့ကို ပြန်ထိန်းချုပ်ဖို့ ရည်ရွယ်ပြီး အခုလိုစစ်ကြောင်းထိုးလာတာဖြစ်နိုင်တယ်လို့ နောက်ထပ်စစ်ရေးအရင်းအမြစ်က ခန့်မှန်းပါတယ်။

    တီးတန်မြို့နယ်ထဲက အခုတိုက်ပွဲမှာ စစ်တပ်က လေကြောင်းပစ်ကူတွေလည်း ဒီနေ့မနက်ပိုင်းအထိ ဆက်တိုက်ရှိနေတယ်လို့ စစ်ရေးအရင်းအမြစ်တွေက ပြောပါတယ်။

    တီးတိန်မြို့ကို ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ပြီးတဲ့နောက် တီးတိန်မြို့ခံတွေဟာ ဧပြီလနောက်ဆုံးသီတင်းပတ်ကစလို့ ရိဒ်ခေါဒါမြို့နဲ့ ကလေးမြို့တွေဘက်ကို ရှောင်တိမ်းနေကြပြီလို့ သိရပါတယ်။

    ၂၀၂၄ ခုနှစ်၊ မေမှာ ချင်းညီနောင်(CB)မှာပါဝင်တဲ့အဖွဲ့တွေဟာ တီးတိန်ကို ထိုးစစ်ဆင်ခဲ့ပြီး မြို့ပေါ် စခန်း ၂ ခုကို တိုက်ခိုက်နိုင်ပေမဲ့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပြီးအပြတ် မသိမ်းနိုင်ခဲ့ပါဘူး။

    တီးတိန်က အခုတိုက်ပွဲမှာ Chinland Council၊ ချင်းညီနောင်(CB)တို့လည်း ပူးပေါင်းတိုက်ခိုက်နေတယ်လို့ ဘီဘီစီသတင်းရင်းမြစ်က ပြောပြီး စစ်တပ်သတင်းကိုဖော်ပြနေတဲ့တယ်လီဂရမ်တွေမှာတော့ PDF Zoland လည်း ပါဝင်တိုက်ခိုက်နေတယ်လို့ သတင်းရေးသားနေပါတယ်။

    ဒီသတင်းနဲ့ပတ်သက်ပြီး ဘီဘီစီ PDF Zoland ဆီ သီးခြားဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။​

    ချင်းပြည်နယ်မှာ ချင်းညီနောင်တပ်တွေက မတူပီ၊ မင်းတပ်၊ ကန်ပက်လက်တို့ကို လက်ရှိထိန်းချုပ်ထားပေမဲ့ ဖလန်းမြို့ကိုတော့ ပြီးခဲ့တဲ့လမှာစစ်တပ်က ပြန်ထိန်းချုပ်သွားပါတယ်။

    တွန်းဇံမြို့ကို ချင်းပြည်နယ်ကောင်စီ၊ ပလက်ဝကို အာရက္ခတပ်တော်(AA)၊ ဟားခါး၊ ထန်တလန်၊ တီးတိန်တို့ကိုတော့ စစ်တပ်က ထိန်းချုပ်ထားပါတယ်။

  9. အပျော်စီးသင်္ဘော ခရီးသည် ၃ ဦး ဟန်တာဗိုင်းရပ်စ်ကူးစက်သံသယနဲ့ သေဆုံး

    MV Hondius သင်္ဘောကို မေလ ၃ ရက်တုန်းက ပင်လယ်ပြင်မှာမြင်တွေ့ရတာဖြစ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

    ဓာတ်ပုံ ပုံစာ, MV Hondius သင်္ဘောကို မေလ ၃ ရက်တုန်းက ပင်လယ်ပြင်မှာမြင်တွေ့ရတာဖြစ်ပါတယ်

    အာဂျင်တီးနားနိုင်ငံကနေ အနောက်အာဖရိကကမ်းလွန်က ကျွန်းနိုင်ငံ ကိတ်ဗာ့ဒ်(Cape Verde)ကို ခုတ်မောင်းတဲ့အပျော်စီးသင်္ဘောတစ်စင်းပေါ်မှာ ဟန်တာဗိုင်းရပ်စ်ကူးစက်မှု သံသယနဲ့ လူ ၃ ဦးသေဆုံးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO) က ဘီဘီစီကို ပြောပါတယ်။

    ဟိတ်ချ် ဗီ ဟွန်းဒီးယက်စ် (MV Hondius) အပျော်စီးသင်္ဘောပေါ်က အသက် ၇၀ အရွယ် အမျိုးသား ခရီးသည်ဟာ နေမကောင်းဖြစ်ပြီး စိန့်ဟင်လင်နာကျွန်းကို အရောက်မှာ သေဆုံးခဲ့တယ်လို့ တောင်အာဖရိကကျန်းမာရေးအရာရှိတွေက ပြောပါတယ်။​

    အခုတော့ ဒီအမျိုးသားရဲ့ရုပ်ကြွင်းကို နယ်သာလန်နိုင်ငံကို ပြန်သယ်ဖို့ စောင့်နေတယ်လို့လည်း ဆိုပါတယ်။​

    အဲဒီအမျိုးသားရဲ့အသက် ၆၉ နှစ်အရွယ် ဇနီးသည်ဟာလည်း နေမကောင်းဖြစ်ပြီး တောင်အာဖရိကမြို့တော် ဂျိုဟန်နက်စ်ဘာ့ဂ်ကဆေးရုံမှာ သေဆုံးခဲ့တယ်ပါတယ်။​ သူတို့နှစ်ယောက်စလုံးဟာ နယ်သာလန်က ဖြစ်ပါတယ်။​

    ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အတည်ပြုထားနိုင်တဲ့ အသက် ၆၉ နှစ်အရွယ် ဗြိတိသျှအမျိုးသား ခရီးသည် တစ်ယောက်လည်း ဂျိုဟန်နက်စ်ဘာ့ဂ်မြို့က ဆေးရုံမှာ အထူးကြပ်မတ်ကုသမှု ခံယူနေရပါတယ်။

    သင်္ဘောပေါ်က နောက်ထပ် သင်္ဘောသားနှစ်ဦးလည်း အရေးပေါ် ဆေးကုသမှု ဖို့လိုအပ်နေတယ်လို့ သိရပါတယ်။

    နယ်သာလန်အာဏာပိုင်တွေကတော့ ရှေ့ပြေးလက္ခဏာပြနေတဲ့ လူ ၂ ဦးကို ပြန်ခေါ်ဖို့ ပြင်ဆင်နေပြီး သင်္ဘောပေါ်မှာပဲ သေဆုံးခဲ့တဲ့ တတိယမြောက် လူရဲ့အလောင်းကိုလည်း ပြန်သယ်ဖို့ လုပ်နေပြီလို့သိရပါတယ်။​

    ဟန်တာဗိုင်းရပ်စ်ဟာ ကြွက်တွေမှာ တွေ့ရလေ့ရှိပြီး အထူးသဖြင့် ခြောက်သွေ့သွားတဲ့ကြွက်မစင်လို အမှုန်တွေ လေထဲရောက်တဲ့အခါ အဲဒီဗိုင်းရပ်စ်ပါတဲ့အမှုန်ကို လူရှုမိပြီး လူဆီ ကူးစက်တတ်ပါတယ်။​

    ဗိုင်းရပ်စ်ဟာ ကြွက်ရဲ့ဆီး၊ မစင်နဲ့ သွားရည်တွေ ခြောက်သွေ့ပြီး အငွေ့ပျံတာနဲ့ အမှုန်ဖြစ်ပြီး လေထုထဲ ရောက်တဲ့အခါ ကူးစက်မှုဖြစ်လေ့ရှိတယ်လို့ အမေရိကန်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန(CDC)က ပြောပါတယ်​။

  10. ကသုံးလုံးဒေသ - တပ်ချုပ်အသစ်လက်ထက် ကချင်အပေါ်စစ်ရေးဖိအား

    ကွင်းပြင်မှာရပ်ထားတဲ့ စစ်ရဟတ်ယာဥ်တစ်စီးဆီ လမ်းလျှောက်နေတဲ့ မြန်မာစစ်တပ်တပ်ဖွဲ့ဝင်အချို့ ပုံဟောင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဗိုလ်ချုပ်ကြီး ရဲဝင်းဦး မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်အသစ်ဖြစ်လာပြီး တလအတွင်းမှာပဲ ချင်းပြည်နယ်က ဖလမ်းမြို့နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက အင်းတော်မြို့တို့ကို ပြန်သိမ်းခဲ့ပါတယ်။

    တော်လှန်ရေးအင်အားစုတွေရင်ဆိုင်နေရတဲ့ စစ်ပန်းမှု၊ ထောက်ပို့ရေးလမ်းကြောင်းဖြတ်တောက်ခံရမှုနဲ့အတူ လက်နက်ခဲယမ်းရှားပါးလာတာကလည်း စစ်တပ်ရဲ့ မြို့ပြန်သိမ်းရေးလမ်းကြောင်းကို ပိုမြန်ဆန်စေပါတယ်။

    အထူးသဖြင့် အင်းတော်ကို သိမ်းလိုက်နိုင်တာက ကချင်ဝင်ပေါက် "ကသုံးလုံးဒေသ" မှာ စစ်တပ်က ပြန်စုဖွဲ့ ပြင်ဆင်လာတဲ့ခြေလှမ်းဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပေါ် စစ်ရေးဖိအား ပိုတိုးလာပါတယ်။

    "ရန်သူဘက်ကလည်း ပြင်ဆင်သလို ကျွန်တော်တို့ဘက်ကလည်းအတတ်နိုင်ဆုံး ပြင်ဆင်နေပါတယ်" လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။​

  11. ထိုင်းမှာ ပြည်ပလုပ်သားတွေရဲ့အလုပ်လုပ်ကိုင်ခွင့်ကို တစ်နိုင်ငံလုံး စစ်ဆေးဖို့ရှိ

    တရားမဝင်အလုပ်သမားတွေကို တာ့ခ်လူဝင်မှုကြီးကြပ်ရေးက နေ့စဉ်ဖမ်းဆီးပါတယ်

    ဓာတ်ပုံ ရင်းမြစ်, Tak Immigration

    ဓာတ်ပုံ ပုံစာ, တရားမဝင်အလုပ်သမားတွေကို တာ့ခ်လူဝင်မှုကြီးကြပ်ရေးက နေ့စဉ်ဖမ်းဆီးပါတယ်

    ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်နေတဲ့သူတွေ၊ တရားဝင်အထောက်အထားရှိပေမဲ့ ခွင့်ပြုထားတဲ့အလုပ်မဟုတ်ဘဲ တခြားအလုပ် လုပ်ကိုင်နေသူတွေကို ပိုက်စိတ်တိုက် ရှာဖွေစစ်ဆေးမယ်လို့ ထိုင်းအလုပ်သမာရေးဝန်ကြီး ဂျူလာဖန် အမွန်ဝီဝက် က ပြောတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ရေးသားပါတယ်။

    စူရတ်ဌာနီခရိုင်၊ ကော့ ဖငံကျွန်းမှာ တရားမဝင်ဖွင့်လှစ်ထားတဲ့ ကျောင်းတစ်ကျောင်းကို မေ ၁ ရက်က ရှာဖွေစစ်ဆေးတဲ့အခါ နိုင်ငံခြားသားဖွင့်လှစ်ထားတဲ့ ကျောင်းဖြစ်ပြီး တရားမဝင် အလုပ်လုပ်နေတဲ့မြန်မာအလုပ်သမား ၄၀ နဲ့ ကျောင်းတာဝန်ရှိသူတွေကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

    အဲဒီဖမ်းဆီးမှုအပြီးမှာ ထိုင်းအလုပ်သမားရေးဝန်ကြီးဌာန က အခုလိုပြောလာတာ ဖြစ်ပါတယ်။

    ဒီလိုစစ်ဆေးမှုဟာ ထိုင်းတစ်နိုင်ငံလုံးမှာရှိနေတဲ့ အထောက်အထားမဲ့နဲ့ အလုပ်လုပ်ခွင့်မှာပါရှိတဲ့အလုပ်နဲ့ လက်ရှိလုပ်နေတဲ့အလုပ်အကိုင် မတူညီတဲ့သူတွေပါ ဖမ်းဆီးခံရတာမျိုးရှိလာမှာဖြစ်တဲ့အပြင် ရွှေ့ပြောင်းမြန်မာ စာသင်ကျောင်းတွေလည်း သတိထားရမယ့်အခြေအနေ ဖြစ်လာပါတယ်။

    ရွှေ့ပြောင်းစာသင်ကျောင်းတွေ ထိုင်းအစိုးရရဲ့တရားဝင်ဖြစ်ဖို့ လိုက်ပါလုပ်ဆောင်ရတဲ့အချက်တွေလည်း ဒီနှစ်ပိုင်းမှာ ပိုတင်းကျပ်လာသလို အခုချိန်မှာ ပိုသတိထားရမှာဖြစ်တယ်လို့လည်း ရွှေ့ပြောင်းကျောင်းဖွင့်တဲ့သက်တမ်း နှစ် ၂၀ ကျော် ရှိနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်;(FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

    အကြောင်းကတော့ လက်ရှိ ထိုင်းနိုင်ငံမှာ ရှိနေတဲ့ ရွှေ့ပြောင်းမြန်မာစာသင်ကျောင်း အများစုကလည်း ထိုင်းအစိုးရ ချမှတ်ထားတဲ့ စည်းကမ်းတွေဖြစ်တဲ့ ကျောင်းသားဦးရေနဲ့ ဆရာ အချိုးအစား၊ ထိုင်းကျောင်းဆရာ/မ ခန့်အပ်တာ၊ ကစားကွင်းနေရာထားရှိတာ၊ ကျောင်းသားဦးရေနဲ့ အိမ်သာအလုံးရေ သတ်မှတ်ချက်၊ စာကြည့်တိုက်နဲ့ဓာတ်ခွဲခန်း ထားရှိတာစတာတွေကို ဆောင်ရွက်ဖို့ ခက်ခဲတယ်လို့လည်း ပြောပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းကလည်း ချွန်ဖွန်းခရိုင်၊ စူရတ်ဌာနီခရိုင်တွေမှာ ကျောင်းပေါင်း ၅ ကျောင်းထက်မနည်းဟာ တရားမဝင်လို့ဆိုပြီး ပိတ်သိမ်းခံခဲ့ရပါတယ်။

    ၂၀၂၅ ခုနှစ်နဲ့ ၂၀၂၆ ခုနှစ်အတွင်းမှာ ထိုင်းနိုင်ငံကလည်း ကျားဖြန့်တွေနှိမ်နှင်းရေးနဲ့ဆက်စပ်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေကို တင်းကျပ်လာတာ၊ တရားမဝင်အလုပ်သမားတွေကို ဆက်တိုက် ဖမ်းဆီးလာတာလည်း ပိုများလာတာကြောင့် သတိထားကြဖို့ကိုလည်း မြန်မာအလုပ်သမားအရေးလုပ်ဆောင်သူတွေက ပြောပါတယ်။

    အလုပ်လုပ်ခွင့် မပြုထားတဲ့အလုပ် လုပ်ကိုင်နေရင် ထိုင်းဘတ်ငွေ ၅ ထောင်ကနေ ၅ သောင်း ပေးဆောင်ရမှာဖြစ်ပြီး ကိုယ့်နိုင်ငံကို ပြန်ပို့ခံရမှာ၊ တရားမဝင် အလုပ်သမားကို ခန့်ထားတဲ့အလုပ်ရှင်ကိုလည်း နိုင်ငံခြားသား အလုပ်သမားတစ်ယောက်အတွက် ဘတ် ၁ သောင်းကနေ ဘတ် ၁ သိန်းအထိ ဒဏ်ကြေးချမှတ်ခံရမှာ ဖြစ်တယ်လို ထိုင်းအလုပ်သမားရေးဝန်ကြီးက ပြောတယ်လို့ ထိုင်းသတင်းဌာနတွေက ရေးသားထားပါတယ်။

  12. ရုရှားခြိမ်းခြောက်မှုက ဂျာမနီကို ဥရောပမှာ အရေးအပါဆုံးစစ်တပ်ဖြစ်လာစေပြီလား

    ဓာတ်ပုံရဲ့ ညာဘက်က ဂျာမနီ စစ်တပ် အဖွဲ့ဝင်တစ်ဦးရဲ့ပုံဖြစ်ပြီး ဘယ်ဘက်တော့ ဂျာမနီ အလံဖြစ်ပါတယ်။ Baden Württemberg ဂျာမနီ ရေတပ်သင်္ဘောကိုလည်း မြင်ရ

    ဓာတ်ပုံ ရင်းမြစ်, NurPhoto / AFP / Photothek / Getty Images

    ဗိုလ်ချုပ်ကြီး ကာစတန် ဘရော်ယာ တစ်ယောက် အလျင်စလိုဖြစ်နေပါတယ်။ ဂျာမနီ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ဦးစီးချုပ်ဖြစ်တာကြောင့် သူဟာ ဥရောပမှာ အင်အားအကြီးဆုံး ဒါမှမဟုတ် အရေးအကြီးဆုံးစစ်သားဆိုလည်း မမှားပါဘူး။ ဂျာမနီဟာ နိုင်ငံ့စစ်တပ်ကို ဥရောပတိုက်ကြီးတစ်ခုလုံးမှာ တိုက်ရည်ခိုက်ရည်အားအကြီးဆုံး တပ်ဖွဲ့ဖြစ်အောင် ပြောင်းလဲနေတာကြောင့် သူဟာ စစ်တပ်ကို ခေါင်းဆောင်နေချိန်ဟာ ဂျာမနီရဲ့စစ်ရေးစွမ်းအားကို အခိုင်ခံ့ဆုံးဖြစ်အောင် လုပ်နေရတဲ့အချိန်လည်းဖြစ်နေပါတယ်။

    ရုရှားဟာ စစ်မှုထမ်းလူတိုးစုတာ လက်နက်ခဲယမ်းအတွက် ငွေသုံးတာတွေ တိုးပြီး သူ့ရဲ့ စစ်စွမ်းရည်ကို တိုးမြှင့်ဖို့ ကြိိုးပမ်းနေတာဟာ ၂၀၂၉ ခုနှစ်မှာ နေတိုးနယ်မြေတစ်ခုကို တိုက်ခိုက်နိုင်လောက်တဲ့အထိ စွမ်းရည်တိုးလာမယ်လို့ သူက ယုံကြည်နေပါတယ်။

    ''ဒီနေ့ခေတ်အခါလောက် အန္တရာယ်ကြီးတဲ့အခြေအနေမျိုးကို ဘယ်သူမှ မကြုံဖူးဘူး'' လို့ သူက ဒတ်ချ်နဲ့ နယ်စပ်အနီးမှာရှိတဲ့ မွန်စတာ စစ်ခြေစိုက်စခန်းတစ်ခုကိုရောက်တုန်း ကျွန်တော့်ကို ပြောပြပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

  13. ထိုင်းမှာ မြန်မာလုပ်သား ၄ ဦးက လုပ်ခမပေးလို့ဆိုပြီး အလုပ်ရှင်ကို သတ်ဖြတ်မှုဖြစ်

    မယ့်ရင်းအသွား ချင်းမိုင်မှာ လုံခြုံရေးယူနေတဲ့ ချင်းမိုင်ရဲတပ်ဖွဲ့

    ဓာတ်ပုံ ရင်းမြစ်, Chiang Mai Police

    ဓာတ်ပုံ ပုံစာ, မယ့်ရင်းအသွား ချင်းမိုင်မှာ လုံခြုံရေးယူနေတဲ့ ချင်းမိုင်ရဲတပ်ဖွဲ့

    ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်ထဲက မယ့်ရင်းမြို့နယ်ထဲမှာ အလုပ်ရှင်အမျိုးသားကို သတ်ဖြတ်မှုနဲ့ ထွက်ပြေးတိမ်းရှောင်တဲ့ မြန်မာလုပ်သား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိပြီလို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။

    မြန်မာနိုင်ငံသား ၄ ဦးဟာ ချင်းရိုင်ခရိုင်ထဲမှာ မြန်မာဘက်ကို ပြန်မကူးခင် မေလ ၂ ရက်တုန်းက ရဲတပ်ဖွဲ့က ဖမ်းမိခဲ့တာလို့ Thaiger က သတင်းဖော်ပြပါတယ်။

    သူတို့ ၄ ဦးဟာ ထိုင်းမှာနေထိုင်တဲ့ ရှမ်းနွယ်ဖွား အသက် ၄၉ နှစ်အရွယ် ဆွန်ချိုင်းဆိုသူ အမျိုးသားကို မေလ ၁ ရက်တုန်းက လုပ်ခလစာအငြင်းပွားမှုဖြစ်အပြီးမှာ သတ်ဖြတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့အပြောကို ကိုးကားကာ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

    အဲဒီအလုပ်ရှင်အမျိုးသားကို သတ်ဖြတ်ခဲ့တဲ့အကြောင်းကိုလည်း ဒီအမျိုးသား ၄ ဦးက ဝန်ခံထားတယ်လို့ ထိုင်းရတ်သတင်းဌာနက ရေးပါတယ်။

    အခုတော့ သူတို့ကို ရဲလုပ်ထုံးလုပ်နည်းအရ မယ့်ရင်းရဲစခန်းမှာ အမှုဖွင့်ဖို့ လုပ်နေပြီလို့ သိရပါတယ်။

    ရဲတပ်ဖွဲ့ကတော့ ဒီအမျိုးသားတွေထဲက နှစ်ဦးဟာ ဆွန်ချိုင်းကို အိပ်နေတုန်း ဓားနဲ့ထိုးခဲ့ပြီး နောက် နှစ်ဦးက လူစောင့်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာ ဒီအမျိုးသား ၄ ဦးဟာ အလုပ်ထဲကနေ ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။

    အဲဒီနောက်မှာ မြန်မာဘက်ကို ကူးဖို့ နယ်စပ်ကို ဖြတ်ဖို့ ကြိုးပမ်းကြိမ်မှာ ရဲက မေလ ၂ ရက် မွန်းလွဲပိုင်းမှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

  14. မေလ ၄ ရက် ဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု စတင်ပါပြီ။

    ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။​