မူးယစ်ဆေးထုတ်နိုင်ငံစာရင်းထဲ မြန်မာကိုလည်း ထရမ့်ထည့်သွင်း

ဘိန်းနဲ့ meth မူးယစ်ဆေးထုတ် နိုင်ငံအဖြစ် မြန်မာကိုလည်း သတ်မှတ်လိုက်တဲ့အကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လွှတ်တော်ကို စာပေးပို့တဲ့သတင်းအပါအဝင် စက်တင်ဘာ ၁၇ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • မြန်မာရိုဟင်ဒုက္ခသည်တွေအကျပ်အတည်းနဲ့ နေရပ်ပြန်ပို့ရေးအတွက် မလေးရှားက နေပြည်တော်ကို ဖိတ်ခေါ်ဆွေးနွေးမယ်
  • စစ်တပ်ရဲ့ သင်္ဘော အစင်းရေ ၂၀ နီးပါးကို စက်တင်ဘာ တစ်လအတွင်းမှာ ဖျက်ဆီးထားနိုင်တယ်လို့ KIA ပြော
  • မူးယစ်ဆေး၀ါးနှိမ်နင်းရေးတွေနဲ့ တန်ပြန်ရေးအစီအမံတွေမှာ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတဲ့နိုင်ငံတွေထဲ မြန်မာကိုလည်း သမ္မတဒေါ်နယ်ထရမ့်က ထည့်သွင်း
  • မန္တလေးမှာ တရုတ်နိုင်ငံသားတွေဦးဆောင်ပြီး လူ ၃၀ နီးပါး ပါဝင်တဲ့ ကျောက်မျက်ရတနာ လိမ်ရောင်းတဲ့အဖွဲ့ကို စစ်တပ်ဖမ်းဆီး
  • ရေဦးမြို့ပေါ်မှာ စစ်မှုထမ်းဖို့ ထိန်းသိမ်းခံထားရတဲ့လူငယ် ၂၀ နီးပါး အချုပ်ဖောက်ပြေးမှုဖြစ်၊ ထွက်ပြေးလာတဲ့လူငယ်တွေထဲက ၁၂ ဦးကို ထိန်းသိမ်းထားတယ်လို့ NUG ရဲ့ ရေဦးပကဖပြော
  • ''ရိုဟင်ဂျာ အရေးအတွက် လိုအပ်တာ အကူအညီဖြစ်ပြီး စွက်ဖက်မှု မဟုတ်ဘူး'' လို့ ဘေကျင်းက လုံခြုံရေးဖိုရမ်မှာ နေပြည်တော် ကာကွယ်ရေး၀န်ကြီးပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စက်တင်ဘာ ၁၇ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ ပြီးပါပြီ။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ဘန်ကောက်မှာ အိမ်လခ ဘတ်သိန်းချီပေး ငှားရမ်းပြီး ကျားဖြန့်လုပ်လို့ အဖမ်းခံရသူတွေထဲ မြန်မာတွေပါ၀င်

    ဖမ်းဆီးခံရသူတွေထဲ ထိုင်းနိုင်ငံသား ၁ ဦးလည်း ပါ၀င်တယ်လို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်

    ဓာတ်ပုံ ရင်းမြစ်, screengrab

    ဓာတ်ပုံ ပုံစာ, ဖမ်းဆီးခံရသူတွေထဲ ထိုင်းနိုင်ငံသား ၁ ဦးလည်း ပါ၀င်တယ်လို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တစ်လကို ဘတ် ၉ သိန်းပေးရတဲ့နှစ်ထပ်အိမ်ကြီးတစ်လုံးကို ငှားပြီး ကျားဖြန့်လုပ်တဲ့အဖွဲ့ကို ရဲက စီးနင်းဖမ်းဆီးချိန် အဖမ်းခံရသူ ၁၅ ဦးထဲ မြန်မာအချို့ပါ၀င်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    ဂျပန်ရဲတွေလို ဟန်ဆောင်ပြီး ဂျပန်နိုင်ငံထဲက လူတွေကို ကျားဖြန့်လုပ် လိမ်လည်တယ်ဆိုတဲ့သံသယရှိတာကြောင့် ရဲက တရားရုံး ၀ရမ်းယူပြီး စက်တင်ဘာလ ၁၆ မှာ စီးနင်းရှာဖွေတာတွေ လုပ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

    ရဲတွေ စီးနင်းခဲ့တဲ့နေရာကတော့ ဘန်ကောက်မြို့၊ ဘန်ဘွန်အရပ်က ဧကချိုင် ၁၁၂ လမ်းထဲမှာရှိတဲ့ နေအိမ်ခြံ၀င်းတစ်ခုဖြစ်ပါတယ်။

    အဲဒီခြံ၀င်းထဲမှာ လူတွေ စုနေကြတယ်လို့ဆိုပြီး ပတ်၀န်းကျင်က သတင်းပေးတာကြောင့် စုံစမ်းမှုတွေလုပ်ပြီး ရဲက အခုလို စီးနင်းဖမ်းဆီးမှု လုပ်ခဲ့တာဖြစ်ပါတယ်။

    အဖမ်းခံရသူ ၁၅ ဦးထဲမှာ မြန်မာ ၂ ဦးအပါအ၀င် ဂျပန်နဲ့ တရုတ်နိုင်ငံသားတွေလည်း ပါ၀င်တယ်လို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

    အခုတော့ ဒီလူတွေကို ထိန်းသိမ်းထားလိုက်ပြီလို့လည်း ထိုင်း လူ၀င်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ပြောပါတယ်။

  3. စာတတ်ဖို့ခက်နေဆဲ စစ်မက်ဇုန်က မသန်စွမ်းကလေးငယ်တွေ

    ရန်ကုန် မျက်မမြင်ကျောင်းက ကလေးငယ်တစ်ဦး (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရန်ကုန် မျက်မမြင်ကျောင်းက ကလေးငယ်တစ်ဦး (ပုံဟောင်း)

    သံသာသာတေးဖွဲ့လို့ သီဆိုမှာပါ...ဒီကမ္ဘာမှာအပြုံးပန်းနဲ့ကြိုင်လှိုင်စေရာ...

    အော်တစ်ဇင်ကလေးတစ်ယောက်ကို ဇာတ်အိမ်တည်ထားတဲ့ "မီချယ်"ရုပ်ရှင်ကြောင့် ဒီကလေးတွေကို လေ့ကျင့်သင်ကြားပေးရင် ထူးချွန်နိုင်တာ မြို့ပြကလူထုအကြားမှာ သိမြင်လာကြပါတယ်။

    ဒါပေမဲ့ လူမှုကွန်ရက်နဲ့ အင်တာဗျူးတွေမှာ မိဘတွေရင်ဖွင့်လာတာကြည့်ရင် မြို့ပြမှာတောင် အော်တစ်ဇင်ကလေးတွေကို နားလည်ဖို့၊ လေ့ကျင့်ပေးဖို့နဲ့ ကျောင်းထားဖို့ အခက်အခဲက ရှိနေသေးတာ တွေ့ရပါတယ်။

    ဒီလိုဆိုရင် "မီချယ်" ကြည့်ဖို့ ရုပ်ရှင်ရုံမရှိတဲ့ ကျောင်းတွေလေကြောင်းဗုံးကြဲခံနေရတဲ့ စစ်မက်ဇုန်ထဲက အော်တစ်ဇင်အပါအဝင် မသန်စွမ်း ကလေးငယ်တွေအတွက်ဆိုရင်ရော။

    သူတို့ရဲ့ စာတတ်မြောက်ရေး ရုန်းကန်ရမှုတွေကို ဘီဘီစီက မေးမြန်းတူးဆွထားပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုပါ။

  4. လူသားတွေ ထိန်းချုပ်နိုင်တဲ့ AI စနစ်တွေပဲ ဖန်တီးမယ်ဆိုတဲ့ကတိလိုအပ် - Mustafa Suleyman

    ၂၀၁၅ ခုနှစ်တုန်းက ဘီဘီစီ ရေဒီယို ဖိုးက အစီအစဉ်မှာ တွေ့ရတဲ့ မိုက်ခရိုဆော့ဖ် အေအိုင် အကြီးအကဲ
    ဓာတ်ပုံ ပုံစာ, ၂၀၁၅ ခုနှစ်တုန်းက ဘီဘီစီ ရေဒီယို ဖိုးက အစီအစဉ်မှာ တွေ့ရတဲ့ မိုက်ခရိုဆော့ဖ် အေအိုင် အကြီးအကဲ

    ကမ္ဘာပေါ်မှာ အင်အားအကြီးမားဆုံး နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ မိုက်ခရိုဆော့ဖ်ရဲ့ဉာဏ်ရည်တု(AI)ဌာနအကြီးအကဲ မူစတာဖာ ဆူလေမန်က AI နယ်ပယ်မှာ လုပ်ကိုင်နေသူအားလုံးအနေနဲ့ လူသားတွေက ထိန်းချုပ်နိုင်တဲ့ AI စနစ်တွေပဲ ဖန်တီးမယ်ဆိုတဲ့ကတိကို လူသိရှင်ကြား ပြုလုပ်သင့်တယ်လို့ ပြောလိုက်ပါတယ်။

    ဘီဘီစီနဲ့တွေ့ဆုံမေးမြန်းခန်းမှာ မစ္စတာ ဆူလေမန်က ပြောခဲ့တာပါ။

    နည်းပညာကုမ္ပဏီကြီးတွေက ဖန်တီးနေတဲ့ လူသားထက် အဆပေါင်းများစွာ ပိုမို ထက်မြက်လာနိုင်တဲ့ AI စနစ်တွေကို လူသားတွေရဲ့ လက်အောက်မှာအမြဲတမ်း ထိန်းချုပ် ကန့်သတ်ထားနိုင်ဖို့ လိုတယ်လို့ မိုက်ခရိုဆော့ဖ် AI အကြီးအကဲက ဆိုပါတယ်။

    AI ကို လူသားတွေက ချမှတ်ထားတဲ့ရည်ရွယ်ချက်နဲ့ ကိုက်ညီပြီးတော့သာ အသုံးပြုနိုင်အောင် ထိန်းချုပ်နိုင်ရမယ်လို့လည်း ပြောပါတယ်။

    သူက အဲဒီလို AI မျိုးကို “Humanist AI” “လူသားဗဟိုပြု ဉာဏ်ရည်တု” ဆိုပြီး ရည်ညွှန်း ခေါ်ဆိုပါတယ်။ မစ္စတာ မူစတာဖာ ပြောတာတွေထဲ ဦးဆောင် AI ကုမ္ပဏီတစ်ခုဖြစ်တဲ့ Anthropic နဲ့ပတ်သက်ပြီး စိုးရိမ်မိတယ် ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။

    Anthropic ဟာ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ လုပ်ဆောင်နေတဲ့ကုမ္ပဏီတစ်ခုလို့ ချီးကျူးပြောဆိုခဲ့ပေမဲ့ AI တွေကို သူတို့ကိုယ်သူတို့ လူသားတွေအဖြစ် တွေးမြင်လာအောင် အားပေးနေတယ်လို့ဆိုပြီးတော့ သူက ဝေဖန်ပါတယ်။

    ကမ္ဘာ့နိုင်ငံတွေဟာလည်း နျူကလီးယားလက်နက် ဖွံ့ဖြိုးတိုးတက်ရေးတုန်းကလိုပဲ အခု AI နည်းပညာမှာ အသာစီးရဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြတယ်လို့ မစ္စတာ ဆူလေမန်က ဆက်ပြောပါတယ်။

    ဒါပေမဲ့ AI ကို လူသားအကျိုးအတွက် တိကျတဲ့ရည်မှန်းချက်သတ်မှတ်ပြီး ဖန်တီးတာမျိုး မဟုတ်ပဲ ဖန်တီးနိုင်လို့ကို ဖန်တီးနေတာမျိုးတော့ မဖြစ်သင့်ဘူးလို့ သူက ဆိုပါတယ်။

  5. နိုင်ငံသားတွေကို ပြည်ပထွက်ခွင့် တရုတ် ကန့်သတ်

    တရုတ်လူ၀င်မှု ကြီးကြပ်ရေး အုပ်ချုပ်မှုအဖွဲ အင်တာနက် စာမျက်နှာ ဖန်သားပြင် နောက်ခံနဲ့ အညိုရောင် တရုတ်နိုင်ငံကူးလက်မှတ် တစ်ခုကို အမျိုးသားတစ်ဦးက ကိုင်ဆောင်ထားတဲ့ပုံစံ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    တရုတ်နိုင်ငံသားတွေဟာ နိုင်ငံလုံခြုံရေးကို ထိခိုက်စေတဲ့ ရာဇဝတ်မှုတွေနဲ့ ဆက်စပ်တယ်လို့ သတ်မှတ်ခံရရင် တရုတ်နိုင်ငံကနေ ထွက်ခွာခွင့်ကို သုံးနှစ်အထိ ပိတ်ပင်ခံရနိုင်ပါတယ်။

    တရုတ်နိုင်ငံက နိုင်ငံအတွင်း၊ နိုင်ငံပြင်ပ ခရီးသွားလာမှုကို ကန့်သတ်တဲ့ ကျယ်ပြန့်တဲ့ စည်းမျဉ်းအသစ်တွေကို ချမှတ်လိုက်တာကြောင့်ပါ။

    လေ့လာသုံးသပ်သူတွေကတော့ ဒီအစီအစဉ်ဟာ အစိုးရအနေနဲ့ နိုင်ငံသားတွေကို ပိုပြီး ထိန်းချုပ်နိုင်မယ့်အခြေအနေတစ်ခု ဖြစ်လာစေမယ်လို့ ပြောကြပါတယ်။

    ပြည်ပမှာ ရှိနေစဉ်မှာ တရုတ်နိုင်ငံရဲ့နိုင်ငံလုံခြုံရေး ဒါမှမဟုတ် အကျိုးစီးပွားကို “ထိခိုက်စေခဲ့တယ်” လို့ သတ်မှတ်ခံရတဲ့နိုင်ငံသားတွေဟာလည်း တရုတ်နိုင်ငံကနေ ထွက်ခွာခွင့်ကို သုံးနှစ်အထိ ပိတ်ပင်ခံရနိုင်ပါတယ်။

    ဒါပေမဲ့ ဥပဒေအသစ်အရ နိုင်ငံရဲ့စက်မှုလုပ်ငန်း၊ နည်းပညာဆိုင်ရာ လုံခြုံရေးကို ခြိမ်းခြောက်တယ်လို့ ယူဆခံရသူတွေကိုလည်း အကျုံးဝင်မယ်လို့ ဖော်ပြထားပါတယ်။

    ဘေကျင်းအစိုးရဟာ ဆီမီးကွန်ဒတ်တာနဲ့ ဉာဏ်ရည်တု(အေအိုင်)လုပ်ငန်းတွေလို ကဏ္ဍတွေကို အနီးကပ် စောင့်ကြည့်လေ့ ရှိပါတယ်။ အကြောင်းကတော့ နည်းပညာဦးဆောင်မှုအတွက် ပေကျင်းနဲ့ ဝါရှင်တန်ကြား ယှဉ်ပြိုင်မှု ပိုမိုပြင်းထန်လာနေတာကြောင့်ဖြစ်ပါတယ်။

    သတင်းတွေအရ ဒီလုပ်ငန်းကဏ္ဍတွေထဲက အမှုဆောင်အရာရှိ တချို့အပေါ်ကိုလည်း အရင်တုန်းက ခရီးသွားလာခွင့် ကန့်သတ်ချက်တွေ ချမှတ်ထားခဲ့ပါတယ်။

    မတ်လမှာတော့ မက်တာ(Meta) ကုမ္ပဏီက ဝယ်ယူထားတဲ့ အေအိုင်ကုမ္ပဏီ Manus ရဲ့ ပူးတွဲတည်ထောင်သူတွေကို တရုတ်နိုင်ငံကနေ ထွက်ခွာခွင့် မပြုခဲ့ဘူးလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

    စည်းကမ်းသစ်တွေအရ နယ်စပ်တာဝန်ရှိသူတွေဟာ “အန္တရာယ်မြင့်မားတယ်” လို့ သတ်မှတ်ထားတဲ့နိုင်ငံတွေနဲ့ ဒေသတွေဆီ မသွားဖို့ တရုတ်နိုင်ငံသားတွေကို အကြံပေးရမှာ ဖြစ်ပါတယ်။

    ဒါပေမဲ့ ဒီစည်းမျဉ်းတွေ မထုတ်ပြန်ခင်ကတည်းက လူတချို့ဟာ နိုင်ငံအချို့ဆီ သွားလာခွင့် ကန့်သတ်ခံထားရပြီး ဖြစ်ပါတယ်။

    အစိုးရဝန်ထမ်းတွေက ဒီကန့်သတ်ချက်တွေကို စောစောစီးစီး ခံခဲ့ရသူတွေထဲမှာ ပါဝင်ပြီး နောက်ပိုင်းမှာတော့ နိုင်ငံပိုင်လုပ်ငန်း ဝန်ထမ်းတွေနဲ့ သာမန်ပြည်သူတွေအထိ တိုးချဲ့လာခဲ့ပါတယ်။

    Anhui ပြည်နယ်က အငြိမ်းစား အောက်ခြေအဆင့် အစိုးရဝန်ထမ်းတစ်ဦးက ၂၀၁၈ ခုနှစ်လောက်က သူ့အလုပ်ဌာနက ဝန်ထမ်းတွေရဲ့နိုင်ငံကူးလက်မှတ်တွေကို အပ်နှံခိုင်းခဲ့တယ်လို့ ဘီဘီစီ တရုတ်ဘာသာဌာနကို ပြောပါတယ်။

    သူဟာ မနှစ်က အငြိမ်းစားယူခဲ့ပေမဲ့ နိုင်ငံကူးလက်မှတ်ကို ယခင်အလုပ်ရှင်ကပဲ ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

    သူ့အဆိုအရ ဝန်ထမ်းတွေဟာ ပြည်ပခရီးသွားမယ်ဆိုရင် လျှောက်လွှာတင်ပြီး သွားရတဲ့အကြောင်းရင်းကို ရှင်းပြရသလို လျှောက်ထားသမျှကိုလည်း အားလုံး အတည်ပြုမပေးဘူးလို့ ဆိုပါတယ်။

    ဆွေမျိုးတွေကို သွားရောက်တွေ့ဆုံမယ့်ခရီးစဉ်တွေက ခွင့်ပြုချက်ရဖို့ ပိုလွယ်ပေမဲ့ အပန်းဖြေခရီးတွေကတော့ ပိုခက်တယ်လို့ သူက ပြောပါတယ်။

    “ဒါက အဓိကအားဖြင့် အကျင့်ပျက်အရာရှိတွေ နိုင်ငံပြင်ပကို ထွက်ပြေးတာ ဒါမှမဟုတ် ပိုင်ဆိုင်မှုတွေ ရွှေ့ပြောင်းတာကို တားဆီးဖို့ပါ” လို့ သူက ပြောပါတယ်။

    “ရာထူးမြင့် အရာရှိတွေအတွက်တော့ နိုင်ငံတော်လျှို့ဝှက်ချက်တွေ ပေါက်ကြားမသွားအောင် ကာကွယ်ဖို့လည်း ဖြစ်နိုင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

    ပေကျင်းမှာရှိတဲ့ နိုင်ငံပိုင် ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ ရှောင်း၀မ်လို့ အမည်ဝှက်သုံးထားသူကလည်း သူတို့ဝန်ထမ်းတွေဟာ နိုင်ငံကူးလက်မှတ် အပ်နှံထားရပြီး ပြည်ပခရီးသွားဖို့ ခွင့်ပြုချက်ယူရတာ ကြာမြင့်ပြီလို့ ဘီဘီစီ တရုတ်ဘာသာဌာနကို ပြောပါတယ်။

    သူက အသက် ၃၂ နှစ်အရွယ်ရှိပါပြီ။ သူက စီမံခန့်ခွဲသူတွေဟာ “ဂျပန်လို နိုင်ငံတွေကိုတော့ လုံးဝ မသွားရဘူး” ဆိုပြီး နှုတ်နဲ့ သတိပေးလေ့ရှိတယ်လို့ ပြောပါတယ်။

    ဂျော့တောင်း တက္ကသိုလ်(Georgetown University) က အာရှဥပဒေဆိုင်ရာစင်တာ( Center for Asian Law) ရဲ့အမှုဆောင်ဒါရိုက်တာ ပါမောက္ခ တွမ် ကယ်လော့ဂ် ကတော့ ဒီလို ခရီးသွားလာခွင့် ကန့်သတ်ချက်တွေ ကျယ်ပြန့်လာတာဟာ “စိုးရိမ်စရာကောင်းတယ်” လို့ ပြောပါတယ်။

    ဒါဟာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် လက်ထက်မှာ “အယူဝါဒပိုင်း ထိန်းချုပ်မှု ပိုမိုတိုးလာတာ” ကို ထင်ဟပ်နေပြီး မော်စီတုန်းခေတ်နဲ့ ဆင်တူမှုတွေ ရှိတယ်လို့လည်း သူက ပြောပါတယ်။

    မော်ရဲ့ဆယ်စုနှစ်များစွာကြာ အုပ်ချုပ်မှုအောက်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာနဲ့ အတော်အတန် အဆက်အသွယ် ပြတ်တောက်နေခဲ့ပြီး နိုင်ငံတကာခရီးသွားလာမှုဟာ ၁၉၉၀ ပြည့်နှစ်တွေနောက်ပိုင်း တရုတ်နိုင်ငံပြုပြင်ပြောင်းလဲရေးနဲ့ ဖွင့်လှစ်ရေး လုပ်ဆောင်ပြီးမှသာ လူမှုဘဝရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

    ကဲလော့ဂ်က ဒီနေ့ တွေ့နေရတဲ့ခရီးသွားလာခွင့် ကန့်သတ်ချက်မျိုးစုံဟာ “နာကျင်စရာကောင်းတဲ့အဲဒီကာလကို ပြန်သတိရစေတယ်” လို့ ပြောပါတယ်။

    တရုတ်နိုင်ငံသားအချို့ အထူးသဖြင့် အစိုးရဝန်ထမ်းတွေနဲ့ နိုင်ငံပိုင်လုပ်ငန်းဝန်ထမ်းတွေဟာ ခရီးသွားလာခွင့် ကန့်သတ်ချက်တွေကို ရင်ဆိုင်နေရပါတယ်။

    တရုတ်အစိုးရရဲ့“ကောလာဟလ ချေပရေး” ပလက်ဖောင်း Piyao ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထုတ်ပြန်ချက်တစ်စောင် တင်ခဲ့ပြီး စည်းမျဉ်းအသစ်တွေဟာ “သာမန်နိုင်ငံသားတွေရဲ့ခရီးသွားလာမှုကို ကန့်သတ်တာ မဟုတ်ဘဲ အန္တရာယ်မြင့်မားတဲ့ နေရာတွေကို သွားမယ့်သူတွေနဲ့ ထူးခြားတဲ့ခရီးသွားပုံစံ ရှိသူတွေအတွက် ကြိုတင်ကာကွယ်ရေး အစီအမံသာ ဖြစ်တယ်” လို့ ပြောပါတယ်။

    ဒီစည်းမျဉ်းတွေကို လူတွေ လှည့်စားခံပြီး နိုင်ငံပြင်ပ ထွက်သွားတာ ဒါမှမဟုတ် နိုင်ငံခြားမှာ တရားမဝင် လောင်းကစားနဲ့ လိမ်လည်မှုလုပ်ငန်းတွေမှာ ပါဝင်တာလို “ပြဿနာတွေ”ကို ဖြေရှင်းဖို့ ထုတ်ပြန်ခဲ့တာလို့လည်း ဆိုပါတယ်။

    လက်ရှိ ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ တရုတ်နိုင်ငံသားတွေဟာ သူတို့အပေါ် ထွက်ခွာခွင့် ပိတ်ပင်ထားသလားဆိုတာကို ကိုယ်တိုင် စစ်ဆေးကြည့်လို့ မရပါဘူး။

    တရားဝင် စာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ အကြောင်းကြားတာ မရှိရင် လူအများစုဟာ စာရွက်စာတမ်း လျှောက်တဲ့အချိန် ဒါမှမဟုတ် နိုင်ငံကနေ ထွက်ခွာဖို့ ကြိုးစားတဲ့အချိန်မှသာ သူတို့ ခရီးသွားခွင့် ကန့်သတ်ခံထားရကြောင်း သိရလေ့ရှိပါတယ်။

    တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေကတော့ ဘီဘီစီ တရုတ်ဘာသာဌာနရဲ့မေးမြန်းမှုတွေကို တုံ့ပြန်ခဲ့ခြင်း မရှိပါဘူး။

    လူ့အခွင့်အရေးအဖွဲ့ Safeguard Defenders က ဘီဘီစီကို ပေးတဲ့အချက်အလက်တွေအရ တရုတ်အာဏာပိုင်တွေဟာ မကြာသေးတဲ့နှစ်တွေအတွင်း နိုင်ငံသားတွေအပေါ် ထွက်ခွာခွင့် ပိတ်ပင်မှုတွေကို သိသိသာသာ တိုးမြှင့်အသုံးပြုလာခဲ့ပါတယ်။

    တရုတ် တရားရုံးချုပ်ရဲ့ဒေတာဘေ့စ်မှာ ၂၀၁၆ ခုနှစ်က ထွက်ခွာခွင့် ပိတ်ပင်မှုနဲ့ ဆက်စပ်တဲ့မှတ်တမ်း ၈၉ ခုသာ ရှိခဲ့ပေမဲ့ မနှစ်ကတော့ ၁၈၈,၇၆၀ ခုအထိ တက်လာခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ထွက်ခွာခွင့် ပိတ်ပင်မှုနဲ့ ဆက်စပ်တဲ့ အရပ်ဘက် တရားစီရင်ချက် အချိုးအစားဟာလည်း ၀.၂၃ ရာခိုင်နှုန်းကနေ ၇.၃ ရာခိုင်နှုန်းအထိ အဆ ၃၀ ကျော် မြင့်တက်လာခဲ့ပါတယ်။

    တရားစီရင်ချက်အများအပြားကို ထုတ်ပြန်မှု မရှိတော့တဲ့အခြေအနေကြောင့် တကယ့်ဖြစ်ရပ်အရေအတွက်က ဒီထက်တောင် ပိုများနိုင်တယ်လို့ ယူဆကြပါတယ်။

    ပီပီက ၂၀၁၉ ခုနှစ် ဟောင်ကောင်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီးနောက် နိုင်ငံလုံခြုံရေး ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းတာကို ခံခဲ့ရတယ်လို့ ပြောပါတယ်။

    လေ့လာသုံးသပ်သူတွေအဆိုအရ ဒီစည်းမျဉ်းတွေဟာ လူ့အခွင့်အရေးလို နယ်ပယ်တွေမှာ လုပ်ကိုင်နေသူတွေကိုလည်း သက်ရောက်နိုင်ပါတယ်။

    “ဒါဟာ တရုတ်နိုင်ငံသားတွေ နိုင်ငံခြားမှာ ဘာလုပ်တယ်၊ ဘာပြောတယ်ဆိုတာကို ထိန်းချုပ်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ နောက်ထပ် ကိရိယာတစ်ခုပါ” လို့ ပါမောက္ခ ကဲလော့ဂ် က ပြောပါတယ်။

    “တချို့ကိစ္စတွေမှာ တရုတ်အစိုးရကို နိုင်ငံခြားမှာ ဝေဖန်တာမျိုး မဖြစ်အောင် တားဆီးဖို့၊ ဒါမှမဟုတ် လူ့အခွင့်အရေး လှုပ်ရှားမှုတွေအတွက် အပြစ်ပေးဖို့ ပြည်နယ်လုံခြုံရေး အာဏာပိုင်တွေက နိုင်ငံကူးလက်မှတ် ထုတ်မပေးဘဲ ငြင်းဆန်ကြပါတယ်” လို့ သူက ဆိုပါတယ်။

    Pipi လို့သာ ဖော်ပြပေးဖို့ တောင်းဆိုထားတဲ့ အသက် ၂၆ နှစ်အရွယ် တရုတ်နိုင်ငံသားတစ်ဦးကတော့ ၂၀၂၃ ခုနှစ်မှာ သူ့ရဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားမှု ငြင်းပယ်ခံခဲ့ရပြီး ၂၀၁၉ ခုနှစ် ဟောင်ကောင် ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် ဖြစ်နိုင်တယ်လို့ ယုံကြည်နေပါတယ်။

    ပီပီရဲ့အပြောအရ အဆိုအရ သူဟာ ဆန္ဒပြပွဲတွေမှာ ဟောင်ကောင် မီဒီယာတွေရဲ့တွေ့ဆုံမေးမြန်းမှုကိုလည်း ဖြေကြားခဲ့ဖူးပါတယ်။

    တရုတ်ပြည်မကြီးကို ပြန်ရောက်လာချိန်မှာတော့ နိုင်ငံလုံခြုံရေး ရဲတပ်ဖွဲ့ရဲ့စစ်ဆေးမေးမြန်းမှု ခံခဲ့ရပါတယ်။

    လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ဦးက “ဟောင်ကောင်ကိစ္စကြောင့်” နိုင်ငံကူးလက်မှတ် မရနိုင်ဘူးလို့ ပြောခဲ့ပေမဲ့ စာနဲ့တော့ အတည်မပြုခဲ့ဘူးလို့ သူက ဆိုပါတယ်။

    “ကျွန်တော် တရုတ်နိုင်ငံကနေ ဘယ်တော့ ထွက်ခွင့်ရမလဲဆိုတာ မသိတော့ဘူး” လို့ ပီပီက ပြောပါတယ်။

  6. ကမ္ဘာမျက်နှာပြင်ပေါ်က သိုလှောင်ရေချိုပမာဏ လျော့ကျလာနေတယ်လို့ ကုလသတိပေး

    ရေခဲမြစ်တွေ အရည်ပျော်ပြီး ရေချိုရှားပါးနိုင်ခြေကို ကုလသတိပေး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရေခဲမြစ်တွေ အရည်ပျော်ပြီး ရေချိုရှားပါးနိုင်ခြေကို ကုလသတိပေး

    ကမ္ဘာ့မြေရဲ့ မျက်နှာပြင်ပေါ်မှာ သိုလှောင်ထားတဲ့ ရေချိုပမာဏ သိသိသာသာ လျော့ကျလာနေတယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

    ကမ္ဘာကြီးပေါ်က မြစ်တွေ၊ ကန်တွေဟာ ခမ်းခြောက် လာနေသလို၊ ရေခဲတောင် ပမာဏ လျော့ကျလာတဲ့ အတွက် ရေခဲတောင် အရည်ပျော်ရာကနေဖြစ်လာတဲ့ ရေခဲမြစ်တွေလည်း လျော့နည်းလာတယ်လို့ ကြာသပတေးနေ့မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ ပြောထားပါတယ်။

    ဒီလိုမျိုး ကမ္ဘာ့ရေအရင်းအမြစ်ဆိုင်ရာ အစီရင်ခံစာကို ကုလသမဂ္ဂက နှစ်စဉ် ထုတ်ပြန်လေ့ ရှိပါတယ်။

    ရာသီဥတုပြောင်းလဲမှုကြောင့် ရာသီဥတု ဖြစ်စဉ်တွေ ပိုပြီး မမှန်မကန် ဖြစ်လာတာနဲ့အမျှ ရေကြီးတာတွေရော မိုးခေါင်တာတွေပါ အစွန်း နှစ်ဘက်စလုံးကို ပိုပြီးတွေ့ကြုံလာရနိုင်တယ်လို့လည်း အဲဒီအစီရင်ခံစာထဲ ခန့်မှန်းထားပါတယ်။

    အထူးသဖြင့် အာရှနဲ့ အာဖရိကဒေသတွေမှာ ဆိုးကျိုးတွေ ပိုပြင်းထန် နိုင်တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။ မကြာသေးခင်နှစ်တွေအတွင်း ရေနဲ့ဆက်စပ်တဲ့ သဘာဝဘေးအန္တရာယ်တွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ အဲဒီဒေသတွေမှာ ဖြစ်ပွားခဲ့တာပါ။

    ဒါ့အပြင် ဒီနှစ်မှာ ကမ္ဘာ့သမုဒ္ဒရာတွေရဲ့ရေအပူချိန် မြင့်တက်လာစေတဲ့ အယ်လ်နီညို ဖြစ်စဉ်ကြောင့် အခြေအနေတွေ ပိုပြီး ဆိုးရွားလာနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။

  7. တရုတ်ရဲ့အကူအညီကြောင့် မြန်မာတိုးတက်လာကြောင်း ကာကွယ်ရေးဝန်ကြီးပြော

    ဘေဂျင်း-ရှင်ကျန်းဖိုရမ်ကို မြန်မာကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင် တက်ရောက်နေ

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, ဘေဂျင်း-ရှင်ကျန်းဖိုရမ်ကို မြန်မာကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင် တက်ရောက်နေ

    ဘေကျင်း-ရှင်ကျန်းဖိုရမ်ကို မြန်မာကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင် တက်ရောက်နေပြီး တရုတ်ရဲ့အကူအညီကြောင့် နယ်ပယ်အတော်များများမှာ တိုးတက်မှုတွေရှိလာခဲ့တယ်လို့ ပြောခဲ့ပါတယ်။

    တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာ ဒီနေ့ စတင်တဲ့ ဘေဂျင်း-ရှင်ကျန်းဖိုရမ်မှာ သူက အခုလို ပြောလိုက်တာဖြစ်ပါတယ်။

    စင်ကာပူမှာ ကျင်းပလေ့ရှိတဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေပါတဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ (Shangri-La Dialogue) လို လုံခြုံရေးဆွေးနွေးကို တရုတ်နိုင်ငံက တန်ပြန်တဲ့ ဖိုရမ်တစ်ခုအဖြစ် ဘေကျင်း-ရှင်ကျန်းဖိုရမ်ကို အကဲခတ်တွေက ရှုမြင်ကြပါတယ်။

    “မဝေးတော့တဲ့အနာဂတ်မှာ အားလုံး ပုံမှန်ပြန်ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်” လို့ ဗိုလ်ချုပ်ကြီးထွန်းအောင်က ဒီမနက်ဆွေးနွေးမှုမှာ ပြောပါတယ်။

    ဒီပွဲရဲ့အမေးအဖြေကဏ္ဍမှာ ကာကွယ်ရေးဝန်ကြီးက ရိုဟင်ဂျာအရေးကိစ္စကိုလည်း ဖြေကြားသွားခဲ့ပါတယ်။

    “ဒီကိစ္စမှာ ကျွန်တော်တို့လိုတာ အကူအညီပါ။ ကြားဝင်စွက်ဖက်မှု မဟုတ်ပါဘူး” လို့ ဗိုလ်ချုပ်ကြီးထွန်းအောင်က ပြောပါတယ်။

    ၁၃ ကြိမ်မြောက် ဘေကျင်း - ရှင်ကျန်းဖိုရမ်ကို စက်တင်ဘာ ၁၅ ရက်နေ့ကနေ ၁၇ရက်နေ့အထိ ကျင်းပနေပါတယ်။

    နေပြည်တော်ဟာ သူနဲ့နီးကပ်တဲ့ဘေကျင်းနဲ့ပတ်သက်လာရင် ကျောက်ထောက်နောက်ခံပေးသူအဖြစ် ရှုမြင်ပုံ ထူးခြားပေမဲ့ အနောက်ကမ္ဘာကတော့ မြန်မာနဲ့တရုတ်ကြားက ဆက်ဆံရေးကို တစ်မျိုး ရှုမြင်ပါတယ်။

    အမေရိကန်နိုင်ငံခြားရေး၀န်ကြီး မာကိုရူဘီယိုကတော့ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာမှာ တရုတ်ရဲ့ လွှမ်းမိုးမှုဟာ ကြီးမားလွန်းလို့ ‘‘အခွံအက်ကွဲအောင် ခွဲဖို့ခက်တဲ့အဆန်မာ အသီးတစ်လုံး’’လို့ဆိုပြီး အမေရိကန်လွှတ်တော်နိုင်ငံခြားရေးကော်မတီကြားနာမှုတစ်ခုမှာ မှတ်ချက်ပေးသွားပါတယ်။

  8. ရေဦးမြို့မှာ စစ်မှုထမ်းဖို့ အဖမ်းခံရတဲ့လူငယ်တွေ အချုပ်ဖောက်ပြေးမှုဖြစ်, အဲဒီထဲက ၁၂ ဦးကို လက်ခံထားတယ်လို့ ရေဦး ပကဖပြော

    ရေဦးမြို့နယ် ပကဖ အဖွဲ့ဝင်တချို့ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, ရေဦးပကဖ

    ဓာတ်ပုံ ပုံစာ, ရေဦးမြို့နယ် ပကဖ အဖွဲ့ဝင်တချို့ (ပုံဟောင်း)

    စစ်မှုထမ်းဖို့ စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်မှာ ထိန်းသိမ်းခံထားရတဲ့လူငယ် ၂၀ နီးပါး မနေ့က အချုပ်ခန်း ဖောက်ပြေးမှု ဖြစ်ခဲ့ပြီး အဲဒီထဲက လူငယ် ၁၂ ဦးကို လက်ခံထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ရေဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

    စစ်တပ်က စစ်မှုထမ်းဖို့ လူငယ် ၂၀ နီးပါးကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ရေဦးမြို့က အမှတ် ၂ အထက်တန်းကျောင်းထဲမှာ ထိန်းသိမ်းထားတာလို့ ဒီအခြေအနေကိုသိတဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။

    “စာသင်ကျောင်းကို အချုပ်ခန်းလုပ်ထားတာ” လို့ သူက ဆက်ပြောပါတယ်။

    အဲဒီလူငယ်တွေဟာ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းမှာ အချုပ်ခန်းကို ဖောက်ပြီး ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။

    ထွက်ပြေးလာတဲ့ လူငယ် ၂၀ ဝန်းကျင်ထဲက ၁၂ ဦးကိုတော့ ရေဦးပကဖ က လက်ခံ ထိန်းသိမ်းထားတယ်လို့ လူထုကို အသိပေးထားပါတယ်။

    ‘‘လွတ်မြောက်နယ်မြေတစ်ခုမှာ စောင့်ရှောက်ထားတယ်” လို့ ရေဦး ပကဖ ရဲ့တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒါပေမဲ့ လမ်းခုလတ်မှာ ထွက်ပြေးရင်း အဆက်အသွယ်ပြတ် ပျောက်ဆုံးနေတဲ့ လူငယ်တချို့လည်းရှိတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူတချို့ရဲ့ပြောပြချက်ကို ကိုးကားပြီး ရေဦးပကဖက ပြောပါတယ်။

    မြေပြင်သတင်းရင်းမြစ်တစ်ဦးကတော့ အချုပ်ခန်းဖောက်ထွက်ပြေးမှုမှာ ကျန်းမာရေးကြောင့် မပြေးနိုင်လို့ ကျန်ခဲ့တဲ့သူတချို့လည်းရှိတယ်လို့ ဘီဘီစီကို စက်တင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းမှာပြောပါတယ်။

    အချုပ်ခန်းကနေ ထွက်ပြေးသွားတဲ့ လူငယ်တချို့ကိုလည်း စစ်တပ်က လိုက်လံပစ်ခတ်မှုတွေ လုပ်ခဲ့ပြီး ဒီပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရတဲ့အခြေအနေ ရှိ မရှိကို‌တော့ မသိရဘူးလို့ ရေဦးပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    ပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

    ဒီသတင်းနဲ့ပတ်သက်ပြီး ဘီဘီစီက စစ်မှုထမ်း ဗဟိုအဖွဲ့ကို ဆက်သွယ် မေးမြန်းဖို့ ကြိုးပမ်းနေပါတယ်။

  9. အမေရိကန်အတွက်ဘေးမကင်းတဲ့ မူးယစ်ဆေးထုတ်တဲ့နိုင်ငံအဖြစ် မြန်မာကို သမ္မတ ထရမ့် သတ်မှတ်

    မြန်မာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တိုးလာနေတယ်လို့ ကုလအစီရင်ခံစာတွေမှာ ဖော်ပြနေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မြန်မာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တိုးလာနေတယ်လို့ ကုလအစီရင်ခံစာတွေမှာ ဖော်ပြနေ

    မြန်မာကို တရားမ၀င် မူးယစ်ဆေးထုတ်နိုင်ငံတစ်နိုင်ငံအဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတ်မှတ်လိုက်တယ်လို့ အိမ်ဖြူတော်က ကြေညာချက်ထုတ်ပါတယ်။

    ဒါက မူးယစ်ဆေး၀ါးတွေကို တရားမ၀င် ထုတ်လုပ်တာ ဒါမှမဟုတ် တဆင့်ခံဖြစ်စေတဲ့ ၂၀၂၇ ခုနှစ် နိုင်ငံတွေ စာရင်းမှာ မြန်မာကိုပါ ထည့်သွင်းသတ်မှတ်လိုက်ကြောင်း သမ္မတ ထရမ့်က ကွန်ဂရက်လွှတ်တော်ကို စာပေးပို့ လိုက်တာလည်းဖြစ်ပါတယ်။

    သမ္မတ ထရမ့် ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာက စစ်တပ် အုပ်စိုးသူအစုအဖွဲ့ဟာ သူတို့လုပ်နေတဲ့ မူးယစ်စီးပွားရေးကို နှိမ်နင်းဖို့ အားထုတ်မှု နည်းနည်းပဲ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

    ဒါကြောင့် မြန်မာဟာ ကမ္ဘာမှာ ဘိန်းထုတ်မှု အကြီးမားဆုံးရင်းမြစ်ဖြစ်လာသလို မက်သာဖက်တမင်း မူးယစ်ဆေးကို အကြီးမားဆုံးထောက်ပို့တဲ့နိုင်ငံတစ်နိုင်ငံလည်း ဖြစ်လာတယ်လို့ သမ္မတ ထုတ်ပြန်ချက်က ဆိုပါတယ်။

    မြန်မာအပြင် ၂၃ နိုင်ငံကို အလားတူသတ်မှတ်တယ်လို့ ကြေညာပြီး အဲဒီထဲမှာမှ မြန်မာ၊ အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယားနဲ့ ကိုလံဘီယာ ၄ နိုင်ငံကတော့ ပြီးခဲ့တဲ့ ၁၂ လအတွင်း နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး သဘောတူညီချက်တွေအရ လိုက်နာရမယ့် တာဝန်တွေကို “သိသာထင်ရှားစွာ ပျက်ကွက်ခဲ့တဲ့နိုင်ငံများ” အဖြစ် သတ်မှတ်ထားပါတယ်။

    အဲဒီနိုင်ငံတွေရဲ့ တရားမဝင်မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုကုန်ကြမ်းပစ္စည်းတွေ ထုတ်လုပ်ခြင်းနဲ့ မှောင်ခိုဖြန့်ဖြူးခြင်းတွေဟာ အမေရိကန်နိုင်ငံနဲ့ အမေရိကန်ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။

    ဒီနိုင်ငံတွေဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း နိုင်ငံတကာ မူးယစ်ဆေးနှိမ်နင်းရေး သဘောတူညီချက်တွေနဲ့ နှိမ်နင်းရေးအစီအမံတွေအရ လိုက်နာရမယ့် တာ၀န်၀တ္တရားတွေမှာ အားထုတ်မှု ကြီးကြီးမားမား မရှိတာကို ပြသတယ်လို့ ဆိုပြီး သမ္မတ ထရမ့်က အခုလို သတ်မှတ်တာလို့လည်း အိမ်ဖြူတော်က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

    အာဖဂန်နစ္စတန်နိုင်ငံမှာတော့ တာလီဘန်တွေဟာ ဘိန်းစိုက်ပျိုးတာကို တားမြစ်ထားတယ်လို့ ကြေညာထားပေမဲ့ ကမ္ဘာတလွှား ဘိန်းစျေးကွက်ကို ဆက်ပြီး ထောက်ပို့နေတာကြောင့် အစ္စလာမ္မစ် အကြမ်းဖက်မှုကို ငွေကြေး ပံ့ပိုးရာ ရောက်နေတယ်လို့ ဆိုပါတယ်။

    ဒီလိုအကြောင်းအရာတွေကြောင့် မြန်မာနဲ့ အာဖဂန်စ္စတန်နိုင်ငံတွေဟာ လုပ်သင့်လုပ်ထိုက်တဲ့ မူးယစ်ဆေး ထိန်းချုပ်ရေး ၀တ္တရားတွေကို ပြသဖို့ ပျက်ကွက်မှုတယ်လို့ ဆုံးဖြတ်လိုက်တယ်တာလို့လည်း သမ္မတ ထရမ့်က သူ့ရဲ့ ထုတ်ပြန်ချက်ထဲ ပြောပါတယ်။

    အမေရိကန်ရဲ့မူးယစ်နှိမ်နင်းရေးအားထုတ်မှုတွေမှာ သက်ဆိုင်ရာနိုင်ငံတွေ အပြည့်အ၀ပူးပေါင်းပါ၀င်မှု လုပ် မလုပ်ကို အမေရိကန်က တရား၀င်သတ်မှတ်တာမျိုး နှစ်စဉ် နှစ်တိုင်း ပြုလုပ်လေ့ရှိပါတယ်။

    နေပြည်တော်ကတော့ မူးယစ်ဆေး၀ါး နှိမ်နင်းရေးတွေကို ပြင်းပြင်းထန်ထန်လုပ်နေတယ်လို့ ပြောနေပြီး ပြီးခဲ့တဲ့ ၁ နှစ်ကျော်အတွင်း မူးယစ်နှိမ်နင်းမှုတွေကနေ ပြည်သူ့ဘဏ္ဍာအဖြစ် ကျပ်ငွေ ၈ ဘီလျံနီးပါး သိမ်းဆည်းမိခဲ့တယ်လို့ မကြာသေးခင်တုန်းကပဲ ထုတ်ပြောပါတယ်။

  10. မန္တလေးမှာ တရုတ်တွေ ဦးဆောင်တဲ့ကျောက်မျက် လိမ်ရောင်းအဖွဲ့ကို စစ်တပ် ဖမ်းဆီး

    မန္တလေးမှာ ဖမ်းမိခဲ့တဲ့ ကျောက်မျက်ရတနာတွေကို ကျားဖြန့်လိမ်လည်ရောင်းချတဲ့ အဖွဲ့

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, မန္တလေးမှာ ဖမ်းမိခဲ့တဲ့ ကျောက်မျက်ရတနာတွေကို ကျားဖြန့်လိမ်လည်ရောင်းချတဲ့ အဖွဲ့

    မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ထဲက တရုတ်နိုင်ငံသား ဦးဆောင်ပြီး အွန်လိုင်းကနေ ကျောက်မျက်ရတနာတွေရောင်းချတဲ့ပုံစံ ကျားဖြန့်(အွန်လိုင်းလိမ်လည်)‌မှု လုပ်တဲ့အဖွဲ့ကို ဖမ်းမိတယ်လို့ နေပြည်တော်က ဒီနေ့ စက်တင်ဘာ ၁၇ ရက်မှာ နိုင်ငံပိုင်သတင်းဌာနတွေကနေ ကြေညာပါတယ်။

    အဲဒီအဖွဲ့ထဲက လူ ၂၀ ဟာ မဟာအောင်မြေအရှေ့ရပ်ကွက်၊ လမ်း ၈၀၊ ၃၉ လမ်းနဲ့ လမ်း ၄၀ ကြားက နေအိမ်တစ်အိမ်မှာ နေထိုင်ပြီး လိမ်လည်တာတွေ လုပ်ကိုင်နေတယ်လို့ သတင်းရရှိရာကနေ စက်တင်ဘာ ၂ ရက်မှာ စီးနင်းဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

    စက်တင်ဘာ ၃ ရက်မှာတော့ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် ၁ ရပ်ကွက်၊ ၆၈ လမ်းနဲ့ ၁၀၁ လမ်းထောင့်က တရားခံ အင်ခွန်ခါးတောမ်ရဲ့ “မက်ဒါလီနမွန် (MagDalenamoom) ကျောက်မျက်ရတနာရောင်းဝယ်ရေး” နေအိမ်ကို ရှာဖွေစစ်ဆေးရာကနေ ကျောက်မျက်လိမ်လည်ရောင်းချတဲ့ကွင်းဆက်ကို ခြေရာခံနိုင်ခဲ့ပြီး နောက်ထပ် လိမ်လည်တဲ့သူ ၈ ဦးကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

    ဖမ်းမိတဲ့သူတွေထဲ မြန်မာ ၁၇ ဦးပါဝင်ပြီး ကျန်တဲ့ ၁၇ ဦးကတော့ နိုင်ငံခြားသားတွေဖြစ်တယ်လို့ ဆိုပါတယ်။

    တရုတ်နိုင်ငံသား ၆ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၄ ဦး၊ မလေးရှားနိုင်ငံသား ၂ ဦးတို့ကို ဖမ်းဆီးထားပြီး ဒီထဲက တရုတ်နိုင်ငံသား ချိန်ရှောင်းတိုက်ကတော့ အွန်လိုင်းလိမ်လည်လုပ်ငန်းကို ဦးဆောင်နေတဲ့သူလို့ သိရပါတယ်။

    လိမ်လည်တဲ့ပုံစံအရ ကျားဖြန့်အဖွဲ့ဟာ သူတို့ဖွင့်ထားတဲ့ကျောက်မျက်အရောင်းဆိုင်ထဲမှာ ကျောက်စိမ်းအချောထည်အတုတွေနဲ့ အရည်အသွေးမကောင်းတဲ့အချောထည်တွေကို ကြိုတင်ပြင်ဆင် စုဆောင်းတာတွေ လုပ်ပြီး အရောင်တူကျောက် ၁၀ လုံးကို အိတ်တွေထဲထည့် ကံစမ်းတဲ့ပုံစံနဲ့ Live လွှင့်ရောင်းချတာပဲ ဖြစ်ပါတယ်။

    အဲဒီနောက် ကံစမ်းမဲပေါက်သူတွေကို ကျောက်စိမ်းအကြမ်းထည် ၁ အိတ် လက်ဆောင်ရရှိမှာဖြစ်ပြီး ဒီအတွက် အခွန်အခပေးရမယ်လို့ လိမ်လည်ပြီး ငွေလွှဲခိုင်းပြီးမှ အဆက်အသွယ်ဖြတ် Block လုပ်လိမ်လည်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    လိမ်ပြီးရလာတဲ့ငွေတွေကိုလည်း အင်ဒိုနီးရှားနဲ့ မလေးရှားက ဘဏ်အကောင့်တွေထဲကို တိုက်ရိုက်လွှဲပို့ခဲ့တာကိုလည်း စစ်ဆေးတွေ့ရှိရတယ်လို့ နေပြည်တော်က ပြောပါတယ်။

    ဖမ်းဆီးရမိတဲ့နိုင်ငံခြားသား ၁၁ ဦးအပါ လိမ်လည်ခဲ့တဲ့ ၂၈ ဦးလုံးကို ဥပဒေနဲ့အညီ ထိထိရောက်ရောက်ဆောင်ရွက်ဖို့ ဆက်လုပ်နေတယ်လို့ နေပြည်တော်က ပြောပါတယ်။

    ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း ရန်ကုန်က မြောက်ဒဂုံနဲ့ အလုံမြို့နယ်တွေအပါအဝင် မြို့နယ် ၅ ခုထက်မနည်းမှာ လည်ပတ်လုပ်ကိုင်နေပြီး လူပေါင်း ၃၆ ဦးပါ၀င်တဲ့ အွန်လိုင်းလောင်းကစားကိုယ်စားလှယ်(အေးဂျင့်)တွေရဲ့ကွင်းဆက်ကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

  11. စစ်တပ်သင်္ဘောအစင်း ၂၀ နီးပါးကို ဖျက်ဆီးထားတယ်လို့ KIA ပြော

    စက်တင်ဘာလအတွင်း ဖျက်ဆီးခံလိုက်ရတဲ့ သင်္ဘော ၁ စင်း

    ဓာတ်ပုံ ရင်းမြစ်, Screen Grab

    ဓာတ်ပုံ ပုံစာ, စက်တင်ဘာလအတွင်း ဖျက်ဆီးခံလိုက်ရတဲ့ သင်္ဘော ၁ စင်း

    ၂၀၂၆ စက်တင်ဘာ တစ်လတည်းမှာပဲ စစ်တပ်ရဲ့သင်္ဘောအစင်းရေ ၂၀ နီးပါးကို ဖျက်ဆီးထားတယ်လို့ ကချင်လွတ်လပ်ရေးတပ်(KIA)ရဲ့ပြန်ကြားရေးဌာနကနေ သတင်းထုတ်ပြန်လာပါတယ်။

    ဒီသင်္ဘောတွေဟာ မန္တလေးကနေ ဗန်းမော်စစ်မျက်နှာပြင်အတွက် စစ်ကူအင်အား၊ လက်နက်နဲ့ ရိက္ခာတွေပို့ဆောင်ဖို့ စစ်တပ်က ဧရာ၀တီမြစ်ကို ဆန်တက် စေလွှတ်လိုက်တဲ့ သင်္ဘောတွေဖြစ်ပါတယ်။

    မနေ့ စက်တင်ဘာ ၁၆ ရက်တုန်းကလည်း ရွှေကူကနေ ဗန်းမော်ဘက်ကို တက်လာတဲ့ သင်္ဘော ၃ စင်းကို KIA နဲ့ပူပေါင်းတပ်တွေက ရွှေကူမြို့နယ်ထဲမှာ တိုက်ခိုက်ခဲ့ပြီး သင်္ဘော ၁ စင်း နစ်မြုပ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    KIA ပြန်ကြား‌ရေးဌာနကလည်း သင်္ဘော ၃ စင်းမှာ ၁ စင်းနစ်မြုပ်တယ်လို့ အတည်ပြုပြီး ကျန် ၂ စင်းကတော့ ‌ရွှေကူဘက်ကို ပြန်ဆုတ်သွားတယ်လို့ သတင်းထုတ်ပါတယ်။​

    လက်ရှိမှာတော့ ရွှေကူနဲ့ ဗန်းမော်ကြား ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကြောင်းအတွင်းနဲ့ စင်းခန်း တံတားအနီးတို့မှာ KIA ပူးပေါင်းတပ်တွေနဲ့ စစ်တပ်ကြား စစ်ရေးပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “စစ်တပ်ရဲ့ သင်္ဘောလာရာလမ်းကြောင်းတွေကို စောင့်ကြည့်ပြီး တိုက်ခိုက်နေတာ” လို့ သူကဆိုပါတယ်။

    ဗန်းမော်စစ်မျက်နှာကို စစ်ကူပို့တဲ့ စစ်တပ်သင်္ဘောတွေ တိုက်ခိုက်ခံရမှုအတွင်း စစ်သုံ့ပန်း ၁၅၀ ကျော်ကို ဖမ်းမိထားတယ်လို့ KIA ပြန်ကြားရေးဌာနက ကြေညာထားပါတယ်။

    စစ်သုံ့ပန်းတွေကိုလည်း လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ပြီး သီးသန့်နေရာမှာ ထိန်းသိမ်းထားတယ်လို့ KIA က ဆိုပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ဗန်းမော်မြို့နယ်ထဲမှာ စစ်တပ်ရဲ့အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က ဆယ်ချီသေဆုံးခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်တချို့က ပြောထားပါတယ်။

    မြန်မာစစ်တပ်ကတော့ ဗန်းမော်နဲ့ ရွှေကူက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

  12. ရိုဟင်ဂျာတွေကို ပြန်ပို့ရေး ဆွေးနွေးဖို့ ဦးမင်းအောင်လှိုင်ကို မလေးရှားကို ဖိတ်ကြားမယ်လို့ မလေး၀န်ကြီးချုပ်ပြော

    မလေးရှား၀န်ကြီးချုပ် အန်၀ါ အေဘရာဟင် (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Anwar Ibrahim

    ဓာတ်ပုံ ပုံစာ, မလေးရှား၀န်ကြီးချုပ် အန်၀ါ အေဘရာဟင် (ပုံဟောင်း)

    မလေးရှားနိုင်ငံရောက် ရိုဟင်ဂျာတွေကို ပြန်ပို့ရေး ဆွေးနွေးဖို့ ဦးမင်းအောင်လှိုင်ကို မလေးရှားကို တရား၀င်ခရီး ဖိတ်ကြားဖို့ရှိတယ်လို့ဆိုပြီး မလေးရှား၀န်ကြီးချုပ် အန်၀ါ အေဘရာဟင်က ထုတ်ပြောလိုက်ပါတယ်။

    မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ယာယီအခြေချနေရာတွေမှာ ဒုက္ခသည်တွေနဲ့ ဒေသခံတွေကြား တင်းမာမှုတွေ ရှိနေတာ၊ ဒုက္ခသည်တွေကြောင့် မလေးရှားအတွက် ၀န်ထုပ်၀န်ပိုးဖြစ်နေစေတယ်ဆိုတဲ့ ၀ေဖန်ပြောဆိုသံတွေ ညံနေချိန်မှာ မလေးရှား၀န်ကြီးချုပ်က အခုလို ထုတ်ပြောလာတာဖြစ်ပါတယ်။

    “လက်ရှိမြန်မာအစိုးရကို အသိအမှတ်မပြုရင် ရိုဟင်ဂျာအရေး ဘယ်သူနဲ့ညှိနှိုင်းရမှာလဲ” လို့ မလေးရှားမှာ ဗုဒ္ဓဟူးနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်တစ်ခုမှာ ဝန်ကြီးချုပ်က အခုလိုပြောခဲ့တာပါ။

    မြန်မာနဲ့ မလေးရှားနိုင်ငံကြား မိတ်ဆွေတွေဖြစ်နိုင်ပြီး ကုန်သွယ်ရေးတွေလည်း လုပ်နိုင်တာကြောင့် မြန်မာကို မိတ်ဖက်အဖြစ် လက်ခံနိုင်တယ်လို့ နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်ကို သိစေချင်တယ်လို့ သူက ဆိုပြီး အပြန်အလှန်အနေနဲ့ မြန်မာဘက်ကလည်း ရိုဟင်ဂျာဒုက္ခသည်တွေကို လိုလိုလားလား ပြန်လက်ခံမယ်ဆိုတာ ပြသဖို့ လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။

    မလေးရှားအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၂ သိန်းနီးပါးကို လက်ခံထားရတာကြောင့် လူမှုရေးနဲ့ စီးပွားရေးကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ အာဏာပိုင်တွေက အစောပိုင်းကတည်းက ထုတ်ပြောထားကြပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ မလေးရှားက ဒုက္ခသည် ၅,၀၀၀ ကို နေရပ်ပြန့်မယ့်အစီအစဉ်ကို မြန်မာအာဏာပိုင်တွေက လက်ခံဖို့ ကနဦး သဘောတူခဲ့ပါတယ်။ အဲဒီနောက် လူ့အခွင့်အရေးအဖွဲ့(HRW) အပါအဝင် အရပ်ဘက်အဖွဲ့တွေက ရိုဟင်ဂျာတွေကို အတင်းအကျပ်ပို့ဆောင်တာ ရပ်တန့်သင့်ပြီး ခိုလှုံခွင့်လျှောက်ထားသူတွေကို နေထိုင်ခွင့်ပေးပြီး လုံခြုံရေးအာမခံမှုပေးဖို့ဆိုပြီး တောင်းဆိုမှုရှိလာပြီးနောက် ပြန်ပို့မယ့် အစီအစဉ်နှောင့်နှေးခဲ့ပါတယ်။

    တစ်လနီးပါးအကြာ ဩဂုတ်နှောင်းပိုင်းမှာတော့ လူ ၅,၀၀၀ နေရပ်ပြန်ပို့ရေးရဲ့ ပထမအဆင့်အနေနဲ့ မလေးရှားကနေ မြန်မာ ၁,၄၀၀ ကျော်ကို စက်တင်ဘာလကစပြီး ပြန်ပို့မယ်လို့ နေပြည်တော်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနကနေ ကြေညာပါတယ်။

    လာမယ့် စက်တင်ဘာ ၂၉ ရက်ကစပြီး မလေးရှားမှာ ဒုက္ခသည်တွေကို မှတ်ပုံတင်မယ့် စနစ်သစ်ကို စတင်လုပ်ဆောင်တော့မယ်လို့ သိရပါတယ်။

  13. မင်္ဂလာပါ။ စက်တင်ဘာ ၁၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။