ပြည်နှင်ဒဏ်ပေးတဲ့လုပ်ငန်း မြန်ဆန်စေမယ့်နည်းဥပဒေကို ထိုင်းအစိုးရအဖွဲ့အတည်ပြု

ဓာတ်ပုံ ရင်းမြစ်, Royal Thai Government
ထိုင်းနိုင်ငံထဲ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်တာအပါအဝင် ပြည်နှင်ဒဏ် အမြန်ပေးမယ့် ပြစ်မှုတွေပါတဲ့ နည်းဥပဒေတစ်ရပ်ကို ထိုင်းအစိုးရအဖွဲ့က ထောက်ခံလိုက်ပြီလို့ ထိုင်းသတင်းတွေက ဖော်ပြလာပါတယ်။
ပြစ်မှုကျူးလွန်သူတွေကို နေရပ်ပြန်ပို့တဲ့လုပ်ငန်းစဉ် ကြန့်ကြာနေတာကို မြန်ဆန်စေမယ့် နည်းဥပဒေ ထွက်လာအောင်လုပ်ဖို့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီတာကူလ်က ဒုဝန်ကြီးချုပ် ပကွန် နင်ပရာဖန်ကို ပြီးခဲ့တဲ့လတုန်းက ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
အခုတော့ ဒုတိယဝန်ကြီးချုပ် ပါခွန်တင်ပြလာတဲ့ နည်းဥပဒေမူကြမ်းကို ထိုင်းအစိုးရအဖွဲ့က ဇူလိုင် ၁၄ ရက်မှာ ထောက်ခံလိုက်တဲ့အကြောင်း အစိုးရပြောခွင့်ရ ရက်ချဒါ ဒီနာဒီရေးက ပြောပါတယ်။
ဒါဟာ ပြည်ပနိုင်ငံသားတွေကို ပြည်နှင်ဒဏ်ပေးမယ့် ထိုင်းအစိုးရရဲ့ ပထမဆုံး ယန္တရားတစ်ခုဖြစ်လာတာပါ။ ဒီယန္တရားဟာ ပြည်နှင်ဒဏ်ပေးမှုတွေကို ပိုပြီးထိရောက်မြန်ဆန်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ ပြစ်မှု အမျိုးအစား ၆ မျိုးထဲက တစ်ခုခုကို ကျူးလွန်ရင် ပြည်နှင်ဒဏ်ပေးခံရမယ်လို့ဆိုပါတယ်။
- ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်လာသူတွေ
- တရားမဝင်နေထိုင်သူတွေ
- တရားမဝင် အလုပ်လုပ်သူတွေ
- တရားမဝင် လုပ်ငန်းလုပ်ကိုင်သူတွေ
- အစိုးရ စာရွက်စာတမ်းတွေကို တုပလုပ်သူတွေ
- သုံးနှစ်နဲ့အထက် ထောင်ချနိုင်တဲ့ပြစ်မှုတွေကို ကျူးလွန်ထားသူတွေကို ပြည်နှင်ဒဏ်ပေးမယ်လို့ နားလည်ရပါတယ်။
ဒီနည်းဥပဒေမူကြမ်းအရ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသားအကျဉ်းသားတွေကို ပြန်လည်မလွှတ်ပေးခင်မှာ သူတို့ရဲ့အမည်၊ နိုင်ငံသား၊ အမှုတွဲဖိုင်နဲ့ တခြားလိုအပ်တဲ့အချက်အလက်တွေကို ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဒါမှမဟုတ် တာဝန်ပေးအပ်ထားတဲ့ အရာရှိဆီ ကြိုတင် ပေးပို့ရမှာ ဖြစ်ပါတယ်။
ဒါအပြင် ပြည်ပနိုင်ငံသားအကျဉ်းသားတွေကို ပြန်မလွှတ်ခင် သူတို့ရဲ့ နာမည်တွေ၊ နိုင်ငံသားအချက်အလက်တွေ အပါအဝင် သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို အကျဉ်းဦးစီးရဲ့ညွှန်ကြားရေးမှူးချုပ်က ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒါမှမဟုတ် သတ်မှတ်ထား အရာရှိတစ်ဦးကို ပေးပို့ရမယ်လို့ဆိုပါတယ်။
အမြဲတမ်းအတွင်းဝန် ဒါမှမဟုတ် သတ်မှတ်ထားတဲ့အရာရှိတစ်ဦးက ပြည်ထဲရေးဝန်ကြီးကို အစီရင်ခံရမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီးက ပြည်နှင်ဒဏ်ပေးမှု ကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်ထားသူဟာ နိုင်ငံတစ်နိုင်ငံရဲ့နိုင်ငံသားဖြစ်ကြောင်း သက်သေမပြနိုင်ရင် ထိုင်းနိုင်ငံကို မလာခင်က သူရှိနေခဲ့တဲ့နိုင်ငံကို ပြန်ပို့မှာဖြစ်ပါတယ်။
သံတမန်လမ်းကြောင်းကနေတဆင့် လျှောက်ထားလာသူတွေကိုတော့ သူတို့မူရင်းနိုင်ငံမဟုတ်တဲ့ တတိယနိုင်ငံတစ်ခုခု ဒါမှမဟုတ် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုခုထံ လွှဲပြောင်းပေးသွားမယ်လို့ သိရပါတယ်။
လက်ခံနိုင်ငံက ပြည်နှင်ဒဏ်ပေးခံရသူအတွက် ကုန်ကျစရိတ်အဝအဝကို တာဝန်ခံရမှာလည်းဖြစ်ပါတယ်။
အခုမူကြမ်းကို အစိုးရအဖွဲ့က မီးစိမ်းပြလိုက်ပြီမို့ တော်ဝင်ပြန်တမ်းကနေ ထုတ်ပြန်တာနဲ့ စတင်အသက်ဝင်မှာဖြစ်ပါတယ်။


