မိုးကုတ်ကနေ ကာရက် ၁၁,၀၀၀ ကျော်ရှိတဲ့ ပတ္တမြားပွင့်ကြီးရှာတွေ့တယ်ဆိုပြီး နေပြည်တော်ထုတ်ပြ

မိုးကုတ်ကနေ ကာရက် ၁၁,၀၀၀ ကျော်ရှိတဲ့ ပတ္တမြားပွင့်ကြီးရှာတွေ့တယ်ဆိုပြီး နေပြည်တော်ထုတ်ပြ၊ အာဆီယံခေါင်းဆောင်တွေဖိလစ်ပိုင်ကိုရောက်ရှိ၊ မန္တလေး-မြစ်ကြီးနား ကားလမ်းတစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီလို့ စစ်တပ်ကြေညာတဲ့သတင်းအပါအဝင် မေ ၇ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ထိုင်းမှာ မြန်မာတစ်ဦး ရေနွေးပူလောင်းရိုက်နှက်ခံရမှုက ကျူးလွန်သူတရုတ် ၂ ဦးကို ဖမ်းမိထားပြီး ကျန်တဲ့သူတွေကိုလည်း ထိုင်းရဲ က ဖမ်းဝရမ်းထုတ်ထားတယ်လို့ဆို
  • ကနီ၊ ဝင်းမနားရွာမှာရှိတဲ့ ဆေးရုံ ဗုံးကြဲခံရလို့ ၂ ဦးသေဆုံးတယ်လို့ဆို
  • အိမ်ဖြူတော်က မြက်ခင်းပြင်ကျယ်ကို UFC ပြိုင်ပွဲ ကျင်းပမယ့်ကွင်းအဖြစ် ယာယီပြောင်းလဲမယ်လို့ အမေရိကန် သမ္မတပြော
  • တီးတိန်မြို့နယ်ထဲ စစ်တပ်ဒရုန်းနဲ့ ဗုံးကြဲလို့ PDF ရဲ‌ဘော် ၇ ဦးအပါ ၁၀ ဦးသေဆုံး၊ တီးတိန်-ကလေးမြို့တို့ကြားမှာ တိုက်ပွဲတွေဆက်ရှိနေ
  • အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်အနေနဲ့ လာမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ အရပ်ဘက်အသွင်ပြောင်း စစ်ခေါင်းဆောင်အစုအဖွဲ့ကို ဖိအားပေး အရေးယူဖို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ တိုက်တွန်း
  • လားရှိုးက မိုးသည်းလေပြင်းတိုက်မှု ရပ်ကွက် ၆ ခုထက်မနည်းထိခိုက်ပျက်စီးပြီး လျှပ်စစ်မီးပြတောက်နေဆဲ
  • မြန်မာ့အရေးအခြေအနေ အရပ်ရပ်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ရှင်းလင်းတင်ပြဖို့ရှိတယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်ပြော
  • မန္တလေး-မြစ်ကြီးနား ကားလမ်းတစ်ခုလုံးကို ထိန်းချုပ်ဖို့ စစ်ဆင်ရေးကာလ ၁ နှစ် နဲ့ ၃ လကျော်ကြာခဲ့တယ်လို့ စစ်တပ်ထုတ်ပြန်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မေလ ၇ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ရန်ကုန်၊ မြောက်ဥက္ကလာက နေအိမ်ကို ဓားပြဝင်တိုက်သူ ၃ ဦးကို ရပ်ကွက်နေလူထုက ဝိုင်းဝန်းဖမ်းဆီး

    ဖမ်းဆီးခံရတဲ့ ဓားပြတိုက်ခဲ့သူ ၃ ဦး

    ဓာတ်ပုံ ရင်းမြစ်, ONE NEWS

    ဓာတ်ပုံ ပုံစာ, ဖမ်းဆီးခံရတဲ့ ဓားပြတိုက်ခဲ့သူ ၃ ဦး

    ဒီကနေ့ မေလ ၇ ရက် နေ့လယ်ပိုင်းက ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ သုဇိတာ ၇ လမ်းက နေအိမ်တစ်အိမ်ကိုဓားပြတိုက်ခဲ့သူ ၃ ဦးကို ရပ်ကွက်နေလူထုက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့တယ်လို့ ဝိုင်းဝန်းဖမ်းဆီးရာမှာပါဝင်ခဲ့သူတစ်ဦးက ပြောပြပါတယ်။

    ဒီကနေ့ မေလ ၇ ရက် နေ့လယ်ပိုင်းက သုဇိတာ ၇ လမ်းက ဗေဒင်ဆရာတစ်ဦးရဲ့ နေအိမ်ကို သေနတ်အတို နှစ်လက်နဲ့အမျိုးသားသုံးဦးက ဝင်ရောက်ဓားပြတိုက်ခဲ့တာဖြစ်ပါတယ်။ဓားပြတိုက်ခံရတဲ့ မိသားစုဝင်ထဲက တစ်ဦးက ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်နေသူတွေကို အကူအညီ တောင်းခံခဲ့တာကြောင့် ရပ်ကွက်နေ လူထုရောက်လာပြီး ဝိုင်းဝန်းဖမ်းဆီးပေးခဲ့တာလို့ဆိုပါတယ်။

    '' အိမ်ရှေ့မှာ ဓားပြအဖွဲ့က သေနတ်တွေနဲ့ ဓားပြတိုက်နေတုန်း၊ အိမ်နောက်မှာရှိနေတဲ့ မိသားစုဝင်တစ်ဦးက အုပ်ကြီးကို ဖုန်းဆက်လိုက်တာပါ။ ဖြစ်ချင်တော့ အုပ်ကြီးနဲ့ ဓားပြတိုက်ခံရတဲ့အိမ်က တစ်လမ်းတည်း ဖြစ်နေတာပါ။ အုပ်ကြီးရောက်လာတော့ အခြေအနေမဟန်လို့ ထွက်ပြေးကြတာပါ။အားလုံးဝိုင်းလိုက်ကြတာ'' လို့ ဝိုင်းဝန်းဖမ်းဆီးရာမှာပါဝင်ခဲ့သူက ပြောပါတယ်။

    ဓားပြတိုက်သူတွေထဲက အမျိုးသားတစ်ဦးကို ပစ္စတို သေနတ်တစ်လက်၊ ကျည် ၂၁ တောင့်နဲ့အတူ ဖမ်းမိခဲ့ပါတယ်။ ဆက်လက်ပြီး ထွက်ပြေးသွားတဲ့ နောက်ထပ် နှစ်ဦးကို ရပ်ကွက်နေလူထုက လိုက်လံဖမ်းဆီးရာ နေ့လယ်ပိုင်းမှာ ပစ္စတို သေနတ်တစ်လက်၊ ကျည် ၆ တောင့် နဲ့ အတူ ထပ်မံ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

    ဓားပြတိုက်သူတွေဟာ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ မကွေးတိုင်းပွင့်ဖြူမြို့နယ်နဲ့ မန္တလေးတိုင်း၊ နွားထိုးကြီး မြို့နယ်တို့ကသူတွေဖြစ်တယ်လို့ ကနဦးသတင်းတွေကဖော်ပြပါတယ်။ လက်ရှိမှာတော့ ကျူးလွန်သူ သုံးဦးကိုမြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲစစ်ဆေးအမှုဖွင့်ထားတယ်လို့ သိရှိရပါတယ်။

  3. မိုးကုတ်ကနေ ကာရက် ၁၁,၀၀၀ ကျော်ရှိတဲ့ ပတ္တမြားပွင့်ကြီးရှာတွေ့တယ်ဆိုပြီး နေပြည်တော်ထုတ်ပြ

    ပတ္တမြားပွင့်ကို ဦးမင်းအောင်လှိုင်နဲ့ သူ့အစိုးရအဖွဲ့ဝင်တွေ ကြည့်ရှုနေ

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, ပတ္တမြားပွင့်ကို ဦးမင်းအောင်လှိုင်နဲ့ သူ့အစိုးရအဖွဲ့ဝင်တွေ ကြည့်ရှုနေ

    မိုးကုတ်ရတနာမြေကနေ အလေးချိန် ၂၂၀၀ ဂရမ် (၁၁,၀၀၀ ကာရက်)ရှိပတ္တမြားတစ်ပွင့် ရှာဖွေတွေ့ရှိခဲ့တယ်ဆိုပြီး နေပြည်တော်က သတင်းထုတ်ပါတယ်။

    သင်္ကြန်အပြီးတွေ့ခဲ့တယ်ဆိုတဲ့ အဲဒီပတ္တမြားပွင့်ကို သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်နဲ့ သူ့အစိုးရအဖွဲ့ဝင်တွေ ကြည့်ရှုနေတဲ့ပုံကိုပါ တပါတည်းထုတ်ပြန်ပါတယ်။ ရှာဖွေတွေ့ရှိဖို့ ခက်ခဲတဲ့ ကာရက် ၁၀,၀၀၀ ရှိတဲ့ အဲဒီ ပတ္တမြားဟာ ခရမ်းရောင်သမ်းတဲ အနီရောင်မှာ အဝါရိပ်ဖောက်တဲ့ အရောင်ရှိတယ်လို့ဆိုပါတယ်။

    ၁၉၉၀ ပြည့်နှစ်က အလေးချိန် ၉၉ ဒသမ ၂၅ ဂရမ်(၄၉၆ ဒသမ ၂၅ ကရက်) ရှိ နဝတ ပတ္တမြား၊ ၁၉၉၆ ခုနှစ်မှာ အလေးချိန် ၄၂၉၀ ဂရမ်(၂၁၄၅၀ ကရက်) ရှိပတ္တမြားနဲ့ ၂၀၂၂ ခုနှစ်မှာ အလေးချိန် ၅၅၇ ဒသမ ၈၅ ဂရမ်(၂၇၈၉ ဒသမ ၂၅ ကရက်)ရှိ ပတ္တမြားတွေ အသီးသီးရရှိထားတယ်လို့ ပြောပါတယ်။

    ပတ္တမြား ၄ ပွင့်လုံးကို မန္တလေးတိုင်း၊ မိုးကုတ်ဒေသက ထွက်ရှိပြီး ၁၉၉၆ ခုနှစ် ရရှိခဲ့တဲ့ ပတ္တမြားက အလေးချိန်အများဆုံးဖြစ်တယ်လို့ဆိုပြီး အခု ပတ္တမြားက အရည်နဲ့ အရောင် ပိုတန်ဖိုးမြင့်တယ်လို့ ထုတ်ပြန်ချက်ထဲဖော်ပြပါတယ်။

    နဝတ/နအဖနဲ့ အရပ်သားအစိုးရလက်ထက်တွေမှာ ကျောက်စိမ်းနဲ့ ပတ္တမြားတွေ ရှာဖွေတွေ့ရှိတယ်လို့ ထုတ်ပြန်ကြေညာလေ့ရှိပြီး အဲဒီကျောက်မျက်ရတနာတွေရဲ့ နောက်ဆက်တွဲသတင်းတွေကိုတော့ ဆက်ပြီး သိရှိရတာမရှိပါဘူး။

  4. ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်တယ်ဆိုတာသတင်းအမှားဖြစ်

    ၂၀၂၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၁ ရက်မှာ ဖာပွန်မြို့က ထောက်ပံ့ကြေးနဲ့ လူမှုရေးပင်စင်ပေးပွဲတစ်ခုမှာ မြင်တွေ့ရတဲ့ ဒေါ်နန်းခင်ထွေးမြင့်

    ဓာတ်ပုံ ရင်းမြစ်, Myanmar Digital News

    ကရင်ပြည်နယ်၊ ဘားအံထောင်ထဲမှာ အကျဥ်းချခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်ပြီဆိုတဲ့သတင်းတွေဟာ မှန်ကန်မှုမရှိဘူးလို့ မိသားစုနဲ့နီးစပ်သူက ဘီဘီစီကို အတည်ပြုပါတယ်။

    ဒါဟာ ဒေါ်နန်းခင်ထွေးမြင့်နဲ့ပတ်သက်ပြီး ဒီနေ့ ညနေပိုင်းအထိ သိရတဲ့အခြေအနေလို့လည်း သူက ပြောပါတယ်။

    ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်ပြီလို့ စစ်တပ်သတင်းတွေကို ဖော်ပြတဲ့ တယ်လီဂရမ် ချန်နယ်တွေက ရေးသားခဲ့ပြီးတဲ့နောက် လူမှုကွန်ရက်မှာ ဒီသတင်းပျံ့နှံံ့ခဲ့တာဖြစ်ပါတယ်။

    အသက် ၇၀ ကျော်အရွယ် ဒေါ်နန်းခင်ထွေးမြင့်ဟာ ကျန်းမာရေးကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဘားအံမြို့ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရပါသေးတယ်။

    ''သူက ပူလိုက် ချမ်းလိုက် တိုက်ဖွိုက်လို ဖြစ်တာ၊ အသက်တွေကလည်း ကြီးတော့ အာရုံကြော အားနည်းတာလည်းရှိတာပေါ့'' လို့ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့်ဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံရပြီး အဂတိဆိုင်ရာစွပ်စွဲချက်အပါအဝင် ပုဒ်မအချို့နဲ့ အမှုတွေရင်ဆိုင်ခဲ့ရပြီးတဲ့နောက် ထောင်ဒဏ် အနှစ် ၈၀ နီးပါး ချမှတ်ခံထားရတာဖြစ်ပါတယ်။

    အခုတော့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာတွေအတွင်း ပြစ်ဒဏ်လျှော့ပေါ့ ပေးမှုတွေကြောင့် လက်ရှိမှာ ထောင်ဒဏ် အနှစ် ၃၀ ကျော်အထိ ကျခံနေရဆဲဖြစ်ပါတယ်။

    ဒေါ်နန်းခင်ထွေးမြင့်နဲ့ နီးစပ်သူတွေကတော့ ကာကယံရှင်အပေါ် စစ်တပ်ရဲ့တရားစွဲဆိုမှုတွေဟာ ယုတ္တိမရှိတဲ့ စွပ်စွဲချက်တွေဖြစ်တယ်လို့ အစောပိုင်းကတည်းက ပြောထားပြီး ဒေါ်နန်းခင်ထွေးမြင့်ကိုယ်တိုင်ကလည်း သူ့အပေါ် ချမှတ်ထားတဲ့ပြစ်ဒဏ်တွေအတွက် အယူခံဝင်ဖို့ ငြင်းဆိုထားပါတယ်။

  5. ဇာတ်ပွဲ - အီနောင်၊ ရာမကနေ ဖိုးစိန်၊ ရွှေမန်း။ မြန်မာတွေကြိုက်တဲ့ ရွှေမင်းသားများ

    မြေနိမ့်ကနေ စင်မြင့်ထက် တက်လာတဲ့ မြန်မာ့ဇာတ်သဘင်အဆင့်ဆင့်ပြောင်းလဲမှု ပေါင်းစပ်ဓာတ်ပုံ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဇာတ်၊ အငြိမ့်၊ ရုပ်သေးနဲ့ ဆိုင်းဆိုတဲ့ မြန်မာ့သဘင်လေးရပ်မှာ ဇာတ်ပွဲက ထိပ်တန်းက လူကြိုက်အများဆုံးဖြစ်ပါတယ်။ မြေဝိုင်းခေတ်ကနေ ရုံကြီးနဲ့ ပြတဲ့ခေတ်၊ နောက်ပိုင်းဇာတ်ကြီးတွေ အလေးပေး ကတဲ့ခေတ်ကနေ ခေတ်ပေါ် သီချင်းတွေကို ဇာတ်မင်းသားတွေ ဆိုတဲ့ခေတ်ထိ ပြောင်းလဲလာပေမယ့် ဇာတ်ပွဲဟာ ပွဲကြိုက်မြန်မာလူထုရဲ့ သည်းခြေကြိုက် ဖျော်ဖြေပွဲ ဖြစ်ပါတယ်။ တချိန်က အမြင့်သဘင်ဆိုပြီး ထိပ်က နေခဲ့တဲ့ ရုပ်သေးက တိမ်မြုပ်နေပြီး အနိမ့်သဘင် ဇာတ်ပွဲက စင်မြင့်ပေါ် ရောက်လာခဲ့တာပါ။

    မြန်မာဇာတ်ပွဲဟာ အနောက်နိုင်ငံ ဇာတ်သဘင်တွေနဲ့ မတူဘဲ အဆို အပြော အငို အသောတွေကို အကနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ညလုံးပေါက် ဖျော်ဖြေကြတဲ့ ပဒေသာကပွဲကြီးမျိုးဖြစ်ပြီး ခေါင်းဆောင်မင်းသားက ဇာတ်ဆရာအဖြစ် ဦးစီးတာဖြစ်ပါတယ်။ အပျိုတော်၊ ယိမ်းအကနဲ့ ဝန်ကြီးလေးပါး ထွက်ခန်းကနေ နှစ်ပါးသွားနဲ့ နောက်ပိုင်းဇာတ်ထုပ်ကြီးထိ ဖျော်ဖြေခဲ့ကြတဲ့ ဇာတ်သဘင်မှာ ဒုတိယကမ္ဘာစစ်ပြီးခေတ်ကစလို့ ပြဇာတ်နဲ့ အော်ပရာ ထွန်းကားလာပြီး ၂၀ ရာစု နှောင်းပိုင်းမှာတော့ စတိတ်ရှိုးခေါ် ခေတ်ပေါ် သီချင်းသီဆိုတာတွေ ခေတ်စားလာပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

  6. ထိုင်း၊လယောင်းမှာ မြန်မာတစ်ဦးရေနွေးပူလောင်းရိုက်နှက်ခံရမှုက ကျူးလွန်သူတရုတ် ၂ ဦးကို ဖမ်းမိထားတယ်လို့ဆို, ကျန်တဲ့သူတွေကိုလည်း ထိုင်းရဲ က ဖမ်းဝရမ်းထုတ်ထား

    မေ ၆ ရက်မှာတွေ့ရတဲ့ နစ်နာသူ မြန်မာလူငယ်နဲ့ Gunjompalang ဖောင်ဒေးရှင်းက တာဝန်ရှိသူတစ်ဦး

    ဓာတ်ပုံ ရင်းမြစ်, แชมป์ จอมพลัง

    ဓာတ်ပုံ ပုံစာ, မေ ၆ ရက်မှာတွေ့ရတဲ့ နစ်နာသူ မြန်မာလူငယ်နဲ့ Gunjompalang ဖောင်ဒေးရှင်းက တာဝန်ရှိသူတစ်ဦး

    ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ထဲက တရုတ်နိုင်ငံသားအချို့ ဦးစီးတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ တရုတ်ဘာသာစကားပြန် လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသား ဝန်ထမ်းတစ်ဦး ရေနွေးပူလောင်းခံရပြီး အုပ်စုလိုက်ဝိုင်းရိုက်ခံရမှုမှာ ကျူးလွန်တဲ့ တရုတ်အလုပ်ရှင်အဖွဲ့ထဲက တရုတ်နိုင်ငံသား ၂ ဦးကို ထိုင်းရဲဘက်က ဖမ်းမိထားပြီလို့ နစ်နာသူ မြန်မာနိုင်ငံသားကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    အသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံသားကို အုပ်စုဖွဲ့ ရိုက်နှက်မှုကျူးလွန်မှုဖြစ်ခဲ့တဲ့စားသောက်ဆိုင်မှာ မေလ ၆ ရက်က ထိုင်းရဲဘက်က စစ်ဆေးတာတွေလုပ်ခဲ့ပြီး သက်သေပစ္စည်းတချို့ကိုလည်း သိမ်းဆည်းမိထားတယ်လို့ သူက ဆက်ရှင်းပြပါတယ်။

    ဒီအမှုကို ဥပဒေကြောင်းအရ ကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းနိုင်ငံသားရှေ့နေ ဖိကန်ဦးဆောင်တဲ့ Gunjompalang Foundation ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ မြန်မာနိုင်ငံသားလူငယ်ကို လက်ရှိအချိန်ထိ ကျန်းမာရေးစောင့်ရှောက်မှုတွေ ကူညီလုပ်‌ဆောင်ပေးနေတယ်လို့ ဘီဘီစီကို မေ ၇ ရက်မှာ ပြောပါတယ်။

    ဖြစ်စဉ်အရ နစ်နာသူ မြန်မာလူငယ်ရဲ့ လုပ်ခလစာ ၂ လစာ ကို တရုတ်အလုပ်ရှင်တွေဘက်က မပေးတာကြောင့် တခြားအလုပ်ဆိုက်ကို ပြောင်းလုပ်ခဲ့တယ်လို့ ဒီအခြေအနေကို သိထားသူတစ်ဦးက ပြောပါတယ်။

    အလုပ်ပြောင်းပြီးနောက် ဆိုက်ထဲက တခြားလူတွေလည်း နောက်အလုပ်ကို လိုက်ပါပြောင်းသွားတာကြောင့် တရုတ်အလုပ်ရှင်တွေဘက်က မကျေမနပ်ဖြစ်ပြီး ဧပြီ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံသား လူငယ်ကို တရုတ်အလုပ်ရှင်တွေဘက်က လစာပေးမယ်ဆိုပြီး ဆိုင်ကိုလိမ် ခေါ်ပြီး ရိုက်နှက်၊ နှိပ်စက်တာတွေလုပ်ခဲ့တာလို့ သူကဆိုပါတယ်။

    “ဆိုင်ရောက်တော့ သူ့ကို ဂေါက်တံတွေနဲ့ အုပ်စုလိုက် ရိုက်တယ်။ လက်သည်းခွံချွတ်တာတွေလည်းလုပ်တယ်။ တရုတ်နိုင်ငံသား အမျိုးသမီးတစ်ဦးက ရေနွေးပူနဲ့လောင်းတာ။ ပါးစပ်ထဲကို လောင်းဖို့လုပ်တဲ့အချိန်မှာ သူထွက်ပြေးပြီးပုန်းနေခဲ့တာ” လို့ သူက ရှင်းပြပါတယ်။

    အဲဒီနောက် ထိုင်းရဲစခန်းကို ဆက်သွယ်ခဲ့ပြီးနောက် နစ်နာသူမြန်မာလူငယ် အရေးကို လယောင်း အခြေစိုက် မြန်မာလုပ်သားအရေးကူညီသူတွေက ရဲတပ်ဖွဲ့နဲ့အတူ ဆက်လက်ကူညီပေး‌‌‌နေတာလို့ဆိုပါတယ်။

  7. ဓာတ်ပုံစုစည်းချက် - အာဆီယံခေါင်းဆောင်တွေ ဖိလစ်ပိုင်ရောက်ရှိ

    ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျ ဖိလစ်ပိုင်ကတော့ ဒီနှစ်အတွက် စုဖွဲ့မှုဟာ အနာဂတ်ကို အတူတကွ သွားကြမယ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ပြုလုပ်မယ်လို့ ပြောပါတယ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျ ဖိလစ်ပိုင်ကတော့ ဒီနှစ်အတွက် စုဖွဲ့မှုဟာ အနာဂတ်ကို အတူတကွ သွားကြမယ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ပြုလုပ်မယ်လို့ ပြောပါတယ်

    ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာကျင်းပဖို့ရှိတဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ ဒီနေ့ မေလ ၇ ရက်မှာ စီဘူးမြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

    လက်ရှိမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နဲ့အတူ မလေးရှား၊ အင်ဒိုးနီးရှားနဲ့ ဘရူနိုင်းနိုင်ငံတို့က သမ္မတနဲ့ ဝန်ကြီးချုပ်တွေဟာ ဒီနေ့ညနေပိုင်းမှာပဲ အထူးအစည်းအဝေးပွဲ တစ်ရပ်ကျင်းပဖို့ ရှိနေပါတယ်။

    နောက် နှစ်နိုင်ငံနယ်စပ်အငြင်းပွားမှုဖြစ်နေတဲ့ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ကြား ဖိလစ်ပိုင်က ကမကထပြုတဲ့ သုံးနိုင်ငံဆွေးနွေးပွဲကိုလည်း ဒီနေ့ ညနေမှာပဲ ကျင်းပဖို့ရှိနေပါတယ်။

    ထိပ်သီးအစည်းအဝေးပွဲတက်ရောက်ဖို့ စင်ကာပူ ဝန်ကြီးချုပ် လော့ရန့်စ် ဝမ် မေလ ၇ ရက်မှာ စီဘူးကို ရောက်ချိန် ဂုဏ်ပြုတပ်ဖွဲ့က ကြိုဆို

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ထိပ်သီးအစည်းအဝေးပွဲတက်ရောက်ဖို့ စင်ကာပူ ဝန်ကြီးချုပ် လော့ရန့်စ် ဝမ် မေလ ၇ ရက်မှာ စီဘူးကို ရောက်ချိန် ဂုဏ်ပြုတပ်ဖွဲ့က ကြိုဆို
    ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ စီဘူးကိုရောက်လာတဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ စီဘူးကိုရောက်လာတဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်
    ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်လည်း စီဘူးမြို့ကို လေကြောင်းခရီးနဲ့ရောက်လာ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်လည်း စီဘူးမြို့ကို လေကြောင်းခရီးနဲ့ရောက်လာ
    ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးလ်လည်း ထိပ်သီးဆွေးနွေးပွဲတက်ဖို့ စီဘူးကို မတ်လ ၇ ရက်မှာ ဇနီးသည်နဲ့အတူ လေကြောင်းခရီး ဆိုက်ရောက်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးလ်လည်း ထိပ်သီးဆွေးနွေးပွဲတက်ဖို့ စီဘူးကို မတ်လ ၇ ရက်မှာ ဇနီးသည်နဲ့အတူ လေကြောင်းခရီး ဆိုက်ရောက်ပါတယ်
    အာဆီယံထိပ်သီးဆွေးနွေးပွဲတက်ဖို့ စီဘူးမြို့ကို ရောက်လာတဲ့ အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တို

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အာဆီယံထိပ်သီးဆွေးနွေးပွဲတက်ဖို့ စီဘူးမြို့ကို ရောက်လာတဲ့ အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တို

    အင်ဒိုနီးရှားဟာ အာဆီယံမှာ ပထဝီအနေအထားအရနဲ့ စီးပွားရေးအတိုင်းအဆအရ အာဆီယံမှာ ဗျူဟာမြောက်နေရာမှာ ရှိနေပါတယ်။

    ကမ္ဘာ့စီးပွားရေးကဏ္ဍမှာ အာဆီယံကို ဘေးချော်မထွက်သွားအောင် ထိန်းကျောင်းနိုင်ခဲ့တဲ့ ခေါင်းဆောင်မှုသမိုင်းကြောင်းလည်းရှိလို့ အခုနှစ်ဟာ အင်ဒိုနီးရှားနဲ့ အာဆီယံအတွက် ကျွန်းကိုင်းမီ ကိုင်းကျွန်းမီကြဖို့ အရေးကြီးတဲ့နှစ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

  8. ကနီမြို့နယ်ထဲက ဆေးရုံ လေကြောင်း ဗုံးကြဲခံရမှု ၂ ဦးသေဆုံး

    ကနီမြို့နယ်ထဲက လေကြောင်းကြဲခံခဲ့ရတဲ့ ဆူးလေကုန်းရွာ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Pyae Aung Naing

    ဓာတ်ပုံ ပုံစာ, ကနီမြို့နယ်ထဲက လေကြောင်းကြဲခံခဲ့ရတဲ့ ဆူးလေကုန်းရွာ (ပုံဟောင်း)

    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဝင်းမနားရွာမှာရှိတဲ့ ဆေးရုံတစ်ရုံကို စစ်တပ်က ဒီနေ့ မေ ၇ ရက် နေ့လယ်ပိုင်းမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံမှာ ကုသမှုခံယူနေတဲ့ တော်လှန်ရေးရဲဘော် ၂ ဦး သေဆုံးသွားတယ်လို့ ကနဦး သိထားရတဲ့အကြောင်း သူကဆက်ပြောပါတယ်။

    လေကြောင်းတိုက်ခံရတဲ့ ဆေးရုံဟာ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးစတဲ့ ဒေသတွေက တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ ဆေးလာကုသလေ့ရှိတယ်လို့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။

    အဲဒီဆေးရုံမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ ဆေးကုသမှုခံယူတာမျိုး ရှိ၊ မရှိဆိုတဲ့ အခြေအနေနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

    တစ်ဖက်မှာလည်း ဧပြီလကုန်ပိုင်းကစပြီး စစ်တပ်က ကနီ-ချောင်းမ လမ်းပိုင်းကို စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။

    စစ်တပ်ရဲ့ စစ်ကြောင်းကြောင့် ချောင်းမအရှေ့/အနောက်ရွာတွေတွေအပြင် ကနီထဲက ဇီးပင်တွင်း၊ ချင်းတောင်၊ လယ်ရှည်နဲ့ အောင်မင်္ဂလာရွာတွေအပါအဝင် ရွာပေါင်း ဆယ်ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်ရှောင်နေကြရတယ်လို့ သူက ဆိုပါတယ်။

    ကနီနယ်ထဲက ဆေးရုံလေကြောင်းတိုက်ခံရတဲ့အခြေအနေနဲ့ ပတ်သက်လို့ စစ်တပ်က မေလ ၇ ရက် နေ့လယ်ပိုင်းအထိ သတင်းမထုတ်ပြန်လာသေးပါဘူး။

  9. အိမ်ဖြူတော်မြက်ခင်းပြင်မှာ UFC ပွဲ ကျင်းပမယ်လို့ ထရမ့်ပြော

    UFC ဖိုက်တာတွေဖြစ်တဲ့ Alex Pereira၊ Ilia Topuria၊ Justin Gaethje နဲ့ သမ္မတ ထရမ့်တို့ကို အိမ်ဖြူတော်မှာ မေလ ၆ ရက်တုန်းက မြင်တွေ့ရတာဖြစ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, UFC ဖိုက်တာတွေဖြစ်တဲ့ Alex Pereira၊ Ilia Topuria၊ Justin Gaethje နဲ့ သမ္မတ ထရမ့်တို့ကို အိမ်ဖြူတော်မှာ မေလ ၆ ရက်တုန်းက မြင်တွေ့ရတာဖြစ်ပါတယ်

    အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က သူ့ ရဟတ်ယာဉ် ဆင်းသက်ရာမှာ သုံးတဲ့ အိမ်ဖြူတော်က မြက်ခင်းပြင်ကျယ်ကို UFC ပြိုင်ပွဲ ကျင်းပမယ့်ကွင်းအဖြစ် ယာယီပြောင်းလဲမယ့်အစီအစဉ်ကို ထုတ်ပြောလာပါတယ်။

    အိမ်ဖြူတော်မှာ UFC ဖိုက်တာတွေနဲ့ မေလ ၆ ရက်တုန်းက တွေ့ဆုံချိန် သမ္မတထရမ့်က အခုလိုပြောလိုက်တာဖြစ်ပါတယ်။

    သမ္မတ ထရမ်ကတော့ ‘‘အိမ်ဖြူတော်မှာ ဒီလိုပွဲမျိုး တစ်ခါမှ မကျင်းပဖူးပါဘူး။ နောက်တစ်ကြိမ်ဆိုတာလည်း ရှိလာမယ့်ပွဲမျိုး မဟုတ်ပါဘူး။ အတော်ဆုံးဖိုက်တာတွေ ထိုးသတ်ကြမယ့်ပွဲဖြစ်ပါလိမ့်မယ်‘’ လို့ ပြောပါတယ်။

    ပရိသတ် ၅,၀၀၀ ဆန့်မယ့်ပွဲ ကျင်းပမယ့်နေရာကို အိမ်ဖြူတော်မြက်ခင်းမှာ ပြင်ဆင်သွားမှာဖြစ်ပြီး ပွဲကို အခမဲ့ကြည့်နိုင်အောင် LED ဘုတ်တွေနဲ့လည်း ပြသသွားမယ်လို့ သမ္မတထရမ့်က ပြောပါတယ်။

    အမေရိကန် လွတ်လပ်ရေးရတဲ့နှစ် ၂၅၀ ပြည့်အနေနဲ့ အိမ်ဖြူတော်မှာ UFC လက်ဝှေ့ပွဲ ကျင်းပမယ့်အကြောင်း သမ္မတ ထရမ့်က ပြီးခဲ့တဲ့နှစ်ကတည်းက ထုတ်ပြောထားပါတယ်။

    ဇွန် ၁၄ ရက်မှာ ပွဲကျင်းပဖို့ လျာထားတာကြောင့် ယာယီကြိုးဝိုင်း ဆောက်လုပ်တာကိုတော့ မကြာခင်မှာ စတင်မယ်လို့ ယူဆရပါတယ်။

    သမ္မတ ထရမ့်ကတော့ ကြိုးဝိုင်းတည်ဆောက်ဖို့ UCF စီအီးအို ဒါနာ ဝှိုက်နဲ့စကားပြောပြီးပြီလို့ ပြောပါတယ်။

    ဒါနာ ဝှိုက်ဟာ ထရမ့်နဲ့ရင်းနှီးတဲ့မိတ်ဆွေဖြစ်ပြီး ထရမ့် နိုင်ငံရေး စလုပ်ကတည်းက ထောက်ခံခဲ့သူဖြစ်ပါတယ်။

    ထရမ့်တစ်ယောက် ၂၀၁၆ ခုနှစ်မှာ ရွေးကောက်ပွဲဝင်မယ်လို့ လုပ်တဲ့အခါ ထရမ့်ကို ‘‘ဖိုက်တာ’’ လို့ခေါ်ပြီး ရွေးကောက်ပွဲအတွက် ထောက်ခံခဲ့သူဖြစ်ပါတယ်။

  10. တီးတိန်မှာ ဒရုန်းနဲ့ ဗုံးကြဲလို့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၇ ဦးအပါ ၁၀ ဦးသေဆုံး, ကနဒီတောင်ကို စစ်တပ်ပြန်ထိန်းချုပ်

    PDF Zoland တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, PDF Zoland

    ဓာတ်ပုံ ပုံစာ, PDF Zoland တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

    ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဖူနွမ်ကျေးရွာက ဘုရားကျောင်းကို စစ်တပ်က မနေ့ မေ ၆ ရက်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF Zoland)ရဲဘော် ၇ ဦးအပါအဝင် အရပ်သား စုစုပေါင်း ၁၀ ဦး သေဆုံးတယ်လို့ PDF Zoland ရဲ့တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောပါတယ်။

    “ထမင်းပို့ဖို့ ပြင်နေတုန်း ချက်ပြုတ်နေတဲ့နေရာကို ဒရုန်းနဲ့ ဗုံး ၃ လုံးကြဲသွားတာ။ အတိအကျလာကြဲသွားတာ” လို့ သူက ဆိုပါတယ်။

    ဒရုန်းလာပြီဆိုတာကို သိလိုက်ရတဲ့အချိန်နဲ့ ကြဲချလိုက်တဲ့ အချိန်က စက္ကန့်ပိုင်းပဲ ခြားတာကြောင့် ပြေးဖို့အချိန်မရဘဲ အခုလိုအထိအခိုက်များခဲ့တယ်လို့ သူက ပြောပါတယ်။

    သေဆုံးခဲ့တဲ့ ၁၀ ဦးထဲ အမျိုးသမီး ရဲဘော် ၄ ဦး၊ အမျိုးသားရဲဘော် ၃ ဦးနဲ့ ထမင်းချက်ပြုတ်ပေးနေတဲ့ အရပ်သား ၃ ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။

    နောက်ထပ် သက်ကြီးပိုင်း အမျိုးသားတစ်ဦးလည်း ဗုံးကျည်ထိမှန်ပြီး ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။

    ဘုရားကျောင်းကို စစ်တပ်က မေ ၇ ရက် တစ်ရက်တည်းမှာပဲ ဒရုန်းနဲ့ ဗုံး ၂ ကြိမ်လာကြဲခဲ့ပြီး ပထမတစ်ကြိမ်မှာ ရဲဘော်နဲ့ အရပ်သားတွေ ဗုံးကျည်ထိမှန်သေဆုံးပြီး ဒုတိယတစ်ကြိမ်မှာတော့ ဘုရားကျောင်းပါ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

    ဗုံးကြဲခံရတဲ့ ရွာဟာ တီးတိန်မြို့နယ်၊ ကနေဒီတောင်ခြေမှာရှိတဲ့ ရွာဖြစ်ပြီး တီးတိန်မြို့နဲ့ ၂၁ မိုင်‌ကျော် ကွာဝေးပါတယ်။

    ပြီးခဲ့တဲ့ မေ ၅ ရက်ညနေပိုင်းမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းထားတဲ့ ကနေဒီတောင်ကို စစ်တပ်က ပြန်ရခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေတာလို့ တီးတိန်းမြို့နယ်ထဲက တော်လှန်‌ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    လက်ရှိမှာ စစ်ကိုင်း၊ ကလေး-တီးတိန်(ချင်း) ကြားထဲက နေရာတွေမှာ မြန်မာစစ်တပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဆက်ပြင်းထန်နေတယ်လို့ PDF Zoland ရဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ဖြေထားပါတယ်။

  11. မြန်မာစစ်ခေါင်းဆောင်အစုအဖွဲ့ကို တရားဝင်မှုမပေးဖို့ အာဆီယံကို SAC-M တိုက်တွန်း

    သမ္မတအာဏာရယူထားတဲ့ စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်နဲ့ ဒုတိယသမ္မတ ဦးညိုစော (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, သမ္မတအာဏာရယူထားတဲ့ စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်နဲ့ ဒုတိယသမ္မတ ဦးညိုစော (ပုံဟောင်း)

    အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ ဖိလစ်ပိုင်အနေနဲ့ မကြာခင်ကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲကို အခွင့်အလမ်းတစ်ခုအနေနဲ့အသုံးပြုပြီး နေပြည်တော်က အရပ်ဘက်အသွင်ပြောင်း စစ်ခေါင်းဆောင်အစုအဖွဲ့ကို ဖိအားပေး အရေးယူတာတွေလုပ်ဖို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M) က တိုက်တွန်းလိုက်ပါတယ်။

    စစ်ခေါင်းဆောင်အစုအဖွဲ့ဟာ ကိုင်တွယ်ဖို့ခက်ခဲပြီး ဒေသတွင်းတည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်တဲ့ အကျပ်အတည်းတွေကို ဖြစ်နေစေချိန်မှာ အာဆီယံအနေနဲ့ ဒီအရေးကို ပိုပြီး ထိထိရောက်ရောက်ကိုင်တွယ်ဖို့ လိုအပ်နေတာကြောင့်လို့ SCA-M အဖွဲ့မှာ ပါဝင်သူတွေက မေလ ၆ ရက်မှာ စုပေါင်း စာထုတ်လိုက်တာဖြစ်ပါတယ်။

    မြန်မာ့အရေးအတွက် စုဖွဲ့ထားတဲ့ SCA-M မှာ မြန်မာ့လူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူဟောင်း ကုလကျွမ်းကျင်သူ ၃ ဦးနဲ့ ဖွဲ့စည်းထားပြီး အခုတိုက်တွန်းချက်ကိုတော့ ဒီလူပုဂ္ဂိုလ်တွေအပြင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ ဖိလစ်ပိုင်တရားရေးဝန်ကြီးဟောင်းတို့ကပါ ပူးတွဲ ပြုလုပ်လိုက်တာဖြစ်ပါတယ်။

    နေပြည်တော်ဟာ အာဆီယံအဖွဲ့ကြီးနဲ့ ဆက်ဆံရေးပြန်ရအောင်ကြိုးပမ်းနေချိန်မှာပဲ မြန်မာက စစ်ခေါင်းဆောင်တွေ အစပျိုးခဲ့တဲ့အကျပ်အတည်းတွေဟာ သက်ရောက်မှုကြီးနေတဲ့အကြောင်း SCA-M အဖွဲ့က သူတို့စာထဲ ပြောပါတယ်။

    နေပြည်တော်အနေနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပြေလည်မှုရရေးအတွက် ရွေးကောက်ပွဲကျင်းပတာ၊ လွှတ်တော်ခေါ်ယူတာတွေလုပ်ပြခဲ့တယ်လို့ SAC-M က ပြောပါတယ်။

    ဒါပေမဲ့ မြန်မာစစ်ခေါင်းဆောင်အစုအဖွဲ့ဟာ လူထုအပေါ် ရက်စက်မှုတွေ ဆက်လုပ်နေပြီး ၂၀၂၆ ခုနှစ်၊ မတ်လဟာ ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသက်ပေါင်း ၅၀၀ အထိ ဆုံးရှုံးတဲ့ လူအသေအပျောက်အများဆုံး လဖြစ်ခဲ့တယ်လို့ SAC-M က ထောက်ပြပါတယ်။

    အာဏာသိမ်းကာလအတွင်းမှာ နိုင်ငံသားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် တစ်ဖက်မှာ စစ်ခေါင်းဆောင်ဟောင်းရဲ့လုပ်ဆောင်ချက်တွေဟာ အာဆီယံရဲ့တိုက်တွန်းချက်တွေအပေါ် စစ်မှန်တဲ့လိုက်လျောမှုအဖြစ် သတ်မှတ်လို့ မရကြောင်း SAC- M က ဖော်ပြပါတယ်။

    စီဘူးမှာ ပြုလုပ်မယ့် အာဆီယံခေါင်းဆောင်တွေရဲ့ထိပ်သီးအစည်းအဝေးပွဲကတဆင့် နေပြည်တော် လိုအပ်နေတဲ့ တရားဝင်မှုရရေးကိုလည်း အာဆီယံအနေနဲ့ မပေးဖို့ဆိုတဲ့အချက်ကိုလည်း SAC-M က တောင်းဆိုပါတယ်။

    ဒါအပြင် SAC-M က စစ်ခေါင်းဆောင်အစုအဖွဲ့ကိုယ်စားပြုသူတွေကို အာဆီယံအစည်းအဝေးပွဲတွေကို တက်ခွင့်မပြုတဲ့ကန့်သတ်ချက်ကို တိုးလုပ်ဖို့၊ လွတ်ငြိမ်းနဲ့လွတ်မြောက်လာခဲ့ပေမဲ့ ဦးဝင်းမြင့်ကို မြန်မာသမ္မတအဖြစ် ဆက်လက်အသိအမှတ်ပြုဖို့ တိုက်တွန်းပါတယ်။

    စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့အချက်နဲ့ စွပ်စွဲခံထားရတဲ့ စစ်‌ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်နဲ့ အခြားစစ်အစိုးရအဖွဲ့ဝင်တွေအပေါ် အရေးယူနိုင်တဲ့တရားစွဲဆိုမှုတွေနဲ့ပတ်သက်လို့ အရှေ့တီမောနိုင်ငံကနေ ရှေ့နေတစ်ဦး ခန့်အပ်မှုကိုလည်း အာဆီယံဘက်က ထောက်ခံအတည်ပြုပေးဖို့ SAC - M က ထပ်တောင်းဆိုပါတယ်။

    ဖိလစ်ပိုင်နိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီး၊ မြန်မာ့အရေးဆိုင်ရာအထူးသံတမန်တာဝန်ယူထားသူ မာရီယာ ထရီဇာ လာဇရိုကတော့ မြန်မာ့အရေး နောက်ဆုံးအခြေအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုအပိုင်းအတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ရှင်းလင်းတင်ပြဖို့ ရှိတယ်လို့ မေလ ၇ ရက်မှာ ပြောပါတယ်။

  12. လားရှိုးက မိုးသည်းလေပြင်းတိုက်မှု ရပ်ကွက် ၆ ခုထက်မနည်းထိခိုက်ပျက်စီး, လျှပ်စစ်မီး ပြတ်တောက်နေဆဲ

    လမ်းမပေါ် လဲကျနေတဲ့အပင်တစ်ပင်ကို ဖြတ်တောက်ရှင်းလင်းနေတဲ့ မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, MFSD

    ဓာတ်ပုံ ပုံစာ, လမ်းမပေါ် လဲကျနေတဲ့အပင်တစ်ပင်ကို ဖြတ်တောက်ရှင်းလင်းနေတဲ့ မြင်ကွင်း

    ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် လားရှိုးမြို့မဈေးက ဆိုင်ခန်းတွေအပါအဝင် ရပ်ကွက် ၆ ခုထက်မနည်းက နေအိမ်နဲ့ အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကူညီရှင်းလင်းရေးလုပ်ဆောင်နေသူတချို့က ပြောပါတယ်။

    မနေ့ မေ ၆ ရက် နေ့လယ်ပိုင်းတုန်းက ဖြစ်ခဲ့တဲ့ အဲဒီဖြစ်စဥ်‌ကြောင့် ဓာတ်တိုင်တွေပြိုလဲတာ၊ သစ်ပင်တွေပြိုလဲပြီး အဆောက်အဦပေါ် ပိမိတာ‌တွေ‌ကြောင့် လျှပ်စစ်မီး‌တွေ ပြတ်တောက်‌ ‌နေတယ်လို့ ဆိုပါတယ်။

    “ မီး ၂၄ နာရီပြန်ရတာမှ ၁၀ ရက်လောက်ရှိသေးတယ်၊ အခုမီးမရတော့ဘူး”လို့ ရှင်းလင်းရေးဆောင်ရွက်နေသူတစ်ဦးက ဒီကနေ့ မနက်ပိုင်း မှာပြောပါတယ်။

    မီးသတ်တပ်ဖွဲ့ကလည်း ရပ်ကွက် ၁၊ ၈ နဲ့ ၁၂ တို့မှာ အပြိုအပျက်‌‌တွေနဲ့ လဲကျနေတဲ့အပင်တွေကြောင့် လမ်းပိတ်ဆို့တာတွေဖြစ်ခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့ အတူထုတ်ပြန်ထားပါတယ်။

    “ရပ်ကွက် ၁ ကတော့ အပျက်အစီးအများဆုံးပဲ။ ပန်းခြံရော တရားရုံးပတ်ဝန်းကျင်ရော သစ်ပင်တွေအများကြီးလဲသွားတယ်၊ရပ်ကွက် ၃ မှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းထဲက နေရာတချို့လည်း ပျက်စီးသွားတယ်” လို့ ရှင်းလင်းရေးဆောင်ရွက်နေသူက ပြောပါတယ်။

    ဘီဘီစီကို ပေးပို့လာတဲ့ ဓာတ်ပုံတချို့မှာလည်း မြို့ပေါ်ရပ်ကွက်က နေအိမ်တချို့ရဲ့ သွပ်အမိုးအချပ်လိုက်နဲ့ ဆိုလာပြားတွေ ကတ္တရာလမ်းမပေါ် လွင့်ကျပျက်စီးနေတာကို တွေ့ရပါတယ်။

    အလားတူ မြို့ထဲက ကားလမ်းမတွေပေါ်မှာ အပင်တွေလဲကျပြီး လမ်းပိတ်ဆို့နေတာတွေကိုလည်း ဒီနေ့အထိ ရှင်းလင်းရေးဆက်လုပ်နေရတုန်းလို့ သိရပါတယ်။

    မိုးလေသဝနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ ဒီနေ့ မေ ၇ ရက်ညနေပိုင်းအထိ ရှမ်းပြည်နယ် (မြောက်ပိုင်း)အပါအဝင် စစ်ကိုင်း၊ ကချင်၊ မွန်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်နေတာကြောင့် မိုးရွာပြီး လေပြင်းတိုက်ခတ်တာ မိုးထစ်ချုန်းပြီး မိုးကြိုးပစ်တာနဲ့ မိုးသီးကြွေတာတွေဖြစ်နိုင်တာကြောင့် သတိပြုကြဖို့ အသိပေးထားပါတယ်။

  13. မြန်မာ့အခြေအနေအလုံးစုံကို နိုင်ငံခြားရေးဝန်ကြီးတွေကို တင်ပြသွားမယ်လို့ အာဆီယံအထူးသံပြော

    ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာ ပြုလုပ်တဲ့ မေလ ၇ ရက် အစည်းအဝေးမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ထရီစာ လာဇရို မိန့်ခွန်းပြောနေတာဖြစ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, EPA

    မြန်မာ့အရေးအခြေအနေ အရပ်ရပ်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ရှင်းလင်းတင်ပြဖို့ရှိတယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဇာ လာဇရိုက ပြောလိုက်ပါတယ်။

    သူဟာ လက်ရှိမှာ အလှည့်ကျ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်ရဲ့မြန်မာ့အရေးဆိုင်ရာအထူးသံတာဝန်ကို ယူထားသူလည်း ဖြစ်ပါတယ်။

    ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံ့ခေါင်းဆောင်တွေရဲ့ထိပ်သီးအစည်းအဝေးပွဲမတိုင်ခင် ဒီနေ့ ကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး အဖွင့်မိန့်ခွန်းမှာ သူက အခုလိုပြောလိုက်တာဖြစ်ပါတယ်။

    ‘‘မြန်မာ့အရေး နောက်ဆုံးအခြေအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုအပိုင်းကိုလည်း ရှင်းလင်း တင်ပြသွားဖို့ ရှိပါမယ်’’ လို့ နိုင်ငံခြားရေးဝန်ကြီး လာဇရိုက ပြောပါတယ်။

    နေပြည်တော်ကို ကိုယ်စားပြုပြီး နိုင်ငံခြားရေးအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း(ဝဲဘက်အစွန်ဆုံးအမျိုးသား) တက်ရောက်နေပါတယ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, နေပြည်တော်ကို ကိုယ်စားပြုပြီး နိုင်ငံခြားရေးအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း(ဝဲဘက်အစွန်ဆုံးအမျိုးသား) တက်ရောက်နေပါတယ်

    အီရန်စစ်ပွဲကြောင့် ဒေသတွင်းစွမ်းအင်ကဏ္ဍကို ရိုက်ခတ်မှုအရေးကို ဝန်ကြီးက အကျယ်တ၀ံ့ ရှင်းပြပြီး မြန်မာ့အရေးကိုလည်း တင်ပြသွားဖို့ရှိတဲ့အကြောင်းပြောတာဖြစ်ပါတယ်။

    လက်ရှိမှာ အာဆီယံဟာ မြန်မာနဲ့ပတ်သက်ပြီး နိုင်ငံရေးရာထူး မယူထားသူကိုပဲ အာဆီယံနိုင်ငံခြားရေးဝန်ကြီးနဲ့ ခေါင်းဆောင်တွေရဲ့ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခွင့်ပေးတဲ့ဆုံးဖြတ်ချက် ထားရှိထားပါတယ်။

    ဒါကြောင့် စီဘူးမှာ ကျင်းပနေတဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ဆက်စပ်အစည်းအဝေးပွဲတွေကို နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းသာ တက်ရောက်ခွင့်ရပါတယ်။

    ၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလ ၁ ရက်နေ့မှာ နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့လိုက်တယ်ဆိုတဲ့ကြေညာချက်ကို ကြိုဆိုပေမဲ့ နိုင်ငံတကာရဲ့ယုံကြည်မှု ပိုမိုခိုင်မာအောင် ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့တွေ့ခွင့်ပေးဖို့ကိုလည်း ဖိလစ်ပိုင်က နေပြည်တော်ကို မနေ့ကပဲ တောင်းဆိုထားပါတယ်။

    ဒါအပြင် အာဆီယံအလှည့်ကျ အထူးသံနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခေတ္တတွေ့ဆုံခွင့်ပေးရေးကိုလည်း နေပြည်တော်ဘက်က လက်ခံဖို့ ဖိလစ်ပိုင်က တောင်းဆိုထားပါတယ်။

    အာဆီယံအလှည့်ကျ ဖိလစ်ပိုင်ဘက်ကတော့ ဒါတွေဟာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ဆွေးနွေးရေးလုပ်ငန်းစဉ်အတွက်အရေးကြီးတယ်လို့လည်း ကြေညာချက်ထဲမှာ ထည့်ပြောထားပါတယ်။

  14. မန္တလေး-မြစ်ကြီးနား ကားလမ်းတစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီလို့ စစ်တပ်ကြေညာ

    ကချင်ပြည်နယ်ထဲမှာတွေ့ရတဲ့ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရန်

    ဓာတ်ပုံ ပုံစာ, ကချင်ပြည်နယ်ထဲမှာတွေ့ရတဲ့ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

    မန္တလေးမြို့နဲ့ ကချင်ပြည်နယ်မြို့တော်၊ မြစ်ကြီးနားအထိရောက်တဲ့ မန္တလေး-မြစ်ကြီးနား ကားလမ်းကို ပြန်ထိန်းချုပ်လိုက်တယ်လို့ နေပြည်တော်က ထုတ်ပြန်ပါတယ်။ မတ္တရာ၊ သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာ၊ အင်းတော်နဲ့ မော်လူးတို့ကို စစ်တပ်က ထိန်းချုပ်ခဲ့ပြီးတဲ့နောက်မှာ ဒီလမ်းပိုင်း ပြန်ပွင့်ပြီလို့ ကြေညာလာတာဖြစ်ပါတယ်။

    ဒီလမ်းပိုင်းကို ထိန်းချုပ်ဖို့ စစ်ဆင်ရေးကာလ ၁ နှစ်နဲ့ ၃ လကျော် ကြာပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်က မန္တလေး-သပိတ်ကျင်းတကြောကို ၂၀၂၅ ခုနှစ်မှာ ဝေဟင်၊ မြေပြင်ထိုးစစ်တွေသုံးပြီး သိမ်းခဲ့တဲ့အကြောင်း အစောပိုင်းကတည်းက သတင်းထုတ်ထားပါတယ်။

    CDM စစ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်ဘက် နဲ့ လုံခြုံရေးဆိုင်ရာ သုတေသနအခြေပြု အဖွဲ့(MDSI) ရဲ့ စစ်ဘက်ဆိုင်ရာ သုတေသနတာဝန်ခံ ဗိုလ်မှူးနာင်ရိုးကတော့ မြန်မာစစ်တပ်က စစ်မှုထမ်းသစ်အင်အား၊ လက်နက်ခဲယမ်းနည်းပညာတွေအပြင် စစ်ဘက်နည်းပညာတွေကို စနစ်တကျ အသုံးချနိုင်ခဲ့တာက မြို့တွေပြန်ထိန်းချုပ်ရေးမှာ ကြီးမားတဲ့အထောက်အပံ့ဖြစ်ခဲ့တယ်လို့ သုံးသပ်ပါတယ်။

    “တိုက်စစ်မှာ တိုက်ခိုက်ရေးတပ်တွေနဲ့ ပစ်ကူပေးတဲ့ တပ်တွေနဲ့ ခေတ်မီထောက်လှမ်းရေး နည်းပညာတွေက ဟန်ချက်ညီညီပေါင်းစပ်နိုင်တာက စစ်တပ်အတွက် စစ်ရေးသာခဲ့တယ်” လို့ သူက ဖြည့်ပြောပါတယ်။

    မန္တလေးတိုင်းထဲက တကောင်း နဲ့ စစ်ကိုင်း၊ ထီးချိုင့်ကနေ မော်လူး-နန့်စီးအောင် လမ်းကြောင်းကိုတော့ စစ်တပ်က ၂၀၂၆ ခုနှစ်အတွင်းမှာ ပြန်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

    ၂၀၂၆ ဧပြီ ၃၀ ရက်ကနေ မေ ၅ ရက်အထိ သီတင်းပတ် တစ်ပတ်အတွင်း စစ်တပ်က ကသုံးလုံးဒေသထဲက အင်းတော်နဲ့ မော်လူး မြို့ ၂ မြို့တို့ကို သိမ်းလိုက်တယ်လို့ ‌ကြေညာပါတယ်။

    တစ်ဖက်မှာလည်း တော်လှန်ရေးတပ်တွေအနေနဲ့ စစ်တပ်ရဲ့ ထောက်လှမ်းတဲ့ သာလွန်နည်းပညာတွေကို ခုခံရတဲ့အပြင် တစ်ဖက်တပ်အထိနာအောင် တိုက်ခိုက်တဲ့ စစ်ရေးဗျူဟာတွေ ထိထိရောက်ရောက်မဖော်နိုင်တာတွေကလည်း မြို့တွေလက်လွှတ်လိုက်ရတဲ့ အချက်တစ်ခုဖြစ်တယ်လို့ ဗိုလ်မှူးနောင်ရိုးက မှတ်ချက်ပြုပါတယ်။

    “စစ်ပန်းနေရင်လည်း ‌ရေရှည်တောင့်ခံနိုင်ဖို့ခက်တယ်။ ရိက္ခာနဲ့ ဆေးဝါးလမ်းကြောင်း၊ တပ်ကူလိုအပ်ချက်ရှိလို့ ခွာစစ် သုံးလိုက်ရတာမျိုးလည်း ရှိနိုင်ပါတယ်” လို့ သူက ထည့်ပြောပါတယ်။

    လက်ရှိမှာတော့ စစ်တပ်က အဲဒီလမ်းပိုင်းတလျှောက်က ပျက်စီးနေတဲ့အဆောက်အအုံတွေ၊ နေအိမ်တွေ စာသင်ကျောင်းနဲ့ လမ်းတံတားတွေ ပြန်ပြုပြင်ဖို့ လုပ်နေပြီလို့ နိုင်ငံပိုင်သတင်းစာမှာ ပြောထားပါတယ်။

  15. မင်္ဂလာပါ။ မေလ ၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။