စစ်မှုထမ်းပြီးသူတွေ ဂျပန်၊ မလေးနဲ့ ထိုင်းမှာ အလုပ်ရအောင် လုပ်ဖို့ နေပြည်တော်ညွှန်ကြား

ဓာတ်ပုံ ရင်းမြစ်, MOI
စစ်မှုထမ်းပြီးတဲ့သူတွေကို ပြည်ပအလုပ်အကိုင်အခွင့်အလမ်းရရှိအောင် ဆောင်ရွက်ပေးဖို့ဆိုပြီး နေပြည်တော် အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)ကို ညွှန်ကြားလိုက်တယ်လို့ ဒီအကြောင်းသိတဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဝန်ကြီးဌာနတာဝန်ရှိသူတွေက MOEAA အဖွဲ့ဝင်တွေတို့ နေပြည်တော်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံချိန် အခုလို ညွှန်ကြားလိုက်တာလို့လည်း သူက ဆိုပါတယ်။
“စစ်မှုထမ်းချင်လာအောင် လုပ်တာပေါ့။ အဲဒီလူတွေကို မဖြစ်မနေ လုပ်ပေးရမယ်ဆိုပြီး ညွှန်ကြားလာတာ” လို့ သူက ဆိုပါတယ်။
စစ်မှုထမ်းပြီးသူတွေကို ပြည်ပကို အလုပ်အကိုင်နဲ့စေလွှတ်တဲ့အခါမှာလည်း အခမဲ့ ဒါမှမဟုတ် အလုပ်လုပ်မယ့် အလုပ်သမားဘက်က ငွေပေးချေတဲ့စနစ်နဲ့ MOEAA ဘက်က အဲဒီသူတွေကို ပြည်ပဆီ လွှတ်ပေးမလားဆိုတဲ့အပေါ် အဓိကဆွေးနွေးခဲ့တယ်လို့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။
စစ်မှုထမ်းပြီး ပြန်လာတဲ့သူတွေကို ယေဘုယျအားဖြင့် ဂျပန်၊ ထိုင်း နဲ့ မလေးရှားစတဲ့နိုင်ငံတွေကို စေလွှတ်ဖို့ နေပြည်တော်ဘက်က ဆန္ဒရှိနေတယ်လို့လည်း သူက ဆိုပါတယ်။
လုပ်ခလစာတွေအနေနဲ့ ဂျပန်အတွက် တစ်လကို ကန်ဒေါ်လာ ၂,၈၀၀၊ ထိုင်းအတွက် တစ်လကို ထိုင်းဘတ် ၁၀,၀၀၀ နဲ့ မလေးရှားအတွက် တစ်လကို ကန်ဒေါ်လာ ၈၅၀ စတဲ့နှုန်းထားတွေနဲ့ စေလွှတ်ဖို့ MOEAA နဲ့ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒါပေမဲ့ ဂျပန်ကို စေလွှတ်မယ်ဆိုရင် ဘာသာစကားလိုအပ်ချက်လည်း ရှိမှာဖြစ်လို့ စစ်မှုထမ်းပြီးသူတွေကို ဂျပန်ကို စေလွှတ်ဖို့ရာ ဖြစ်နိုင်ခြေနည်းလိမ့်မယ်လို့ ပြောပါတယ်။
ဒါကြောင့် စစ်မှုထမ်းပြီးသူတွေအတွက် ပြည်ပအလုပ်အကိုင်ရရှိရေးဖန်တီးတဲ့အခါမှာ အလုပ်ရရှိမှုအပိုင်းမှာ စက်ရုံအလုပ်ရုံနေရာတွေအတွက် လုပ်သားခေါ်ယူမှုစျေးကွက်ပိုရှိတဲ့ ထိုင်းနဲ့ မလေးရှားတို့ကိုသာ စေလွှတ်နိုင်ခြေမြင့်တယ်လို့ အလုပ်သမားပို့ဆောင်ရေး အေဂျင်စီ ဖွင့်လှစ်လုပ်ကိုင်နေသူ တစ်ဦးက သုံးသပ်ပါတယ်။
တစ်ဖက်မှာလည်း နေပြည်တော်က အသက်သွင်းလိုက်တဲ့ ပြည်သူ့ စစ်မှုထမ်းသင်တန်းကို အပတ်စဉ် ၂၄ အထိ ဖွင့်လှစ်ပြီးဖြစ်ပါတယ်။
စစ်ကောင်စီလက်ထက် စတင်အသက်သွင်းတဲ့ စစ်မှုထမ်း ဥပဒေအောက် ၂ နှစ် တာဝန်ထမ်းပြီးတာနဲ့ အလုပ်အကိုင် ရရှိဖို့ပါ ဖန်တီးပေးမယ်လို့ စစ်ကောင်စီက ပြောထားတာဖြစ်ပါတယ်။
နေပြည်တော်ကတော့ စစ်မှုထမ်းသင်တန်း ၂ နှစ်တက်ပြီးသူတွေကို အိမ်ပြန်ခွင့်ပေးနေပြီလို့ နိုင်ငံပိုင်သတင်းတွေက ထုတ်ပြန်နေပါတယ်။
ဧပြီလဆန်းပိုင်းတုန်းကတော့ အစိုးရအဖွဲ့သစ်ရဲ့ကယားပြည်နယ်ဝန်ကြီးချုပ်က ကယား(ကရင်နီ)ပြည်နယ်ထဲက ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ ပြီးမြောက်ခဲ့သူ ၃၈၅ ဦးအတွက် အခမ်းအနားပြုလုပ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းမီဒီယာတွေကနေ ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ စစ်မှုထမ်း အပတ်စဉ် တစ်ခုကို လူ ၅ ထောင်အထိ စုဆောင်းမယ်လို့ စစ်တပ်က ကြေညာခဲ့တာကြောင့် စစ်မှုထမ်းသက်ပြည့်လို့ အိမ်ပြန်ရသူတွေ သတင်းထုတ်တဲ့ပမာဏနဲ့ ကွာဟချက် လူ ထောင်ချီနေတဲ့အပေါ် မေးခွန်းထုတ်တာတွေလည်း ရှိနေပါတယ်။




