ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာတွေမှာထားခဲ့လဲ
ဘီဘီစီမြန်မာပိုင်း, APAC Visual Journalism
ဘီဘီစီရဲ့ လေ့လာစုံစမ်းဖော်ထုတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၆ ခုနှစ် ဧပြီလကုန်ပိုင်းလောက်မှာ နေပြည်တော်မြောက်ဘက်မှာရှိတဲ့ ဝန်ကြီးဟောင်း ဦးကျော်တင့်ဆွေ နေထိုင်ခဲ့တဲ့ နေအိမ်ဝင်းဆီ ရွှေ့ပြောင်းထားတယ်လို့ သိရှိရပါတယ်။
ဒီအချက်ကို အဲဒီနေရာကို သွားရောက်ကြည့်ရှုခဲ့သူတချို့ ရဲ့ ပြောကြားချက်နဲ့ ဂြိုဟ်တုပုံရိပ်တွေကို လေ့လာဆန်းစစ်အခြေခံပြီး ဖော်ထုတ်ထားတာ ဖြစ်ပါတယ်။
ဘီဘီစီရဲ့ နေပြည်တော်သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောကြားချက်အရ အဲဒီအိမ်ဝန်းကျင်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စောင့်ကြပ်မှုကို ပိုတိုးတင်းကျပ်ထားပြီး တချို့လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အနီးအနားက အစိုးရပိုင်အိမ်တစ်လုံးမှာ နေရာယူထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် မေ ၃ ရက်ကစပြီး အဲဒီအိမ်ဝင်းရှေ့က လမ်းကိုလည်း လူတွေ ဖြတ်သန်းသွားလာခွင့်မပြုတော့ဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။
အမေရိကန် ဂြိုဟ်တုပုံရိပ်ကုမ္ပဏီ Planet Labs က ပံ့ပိုးပေးထားတဲ့ ဂြိုဟ်တုပုံရိပ်တွေကို ဘီဘီစီက လေ့လာဆန်းစစ်ကြည့်တဲ့အခါ အိမ်ဝင်းရဲ့ တောင်ဘက်ခြမ်းမှာရှိတဲ့ လမ်းတစ်လမ်းကနေ အိမ်ရဲ့ နောက်ဘက်ဆီ ဆက်သွယ်ထားတဲ့ လမ်းကြောင်းအသစ်တစ်ခုကို ဧပြီ ၁၅ ရက် ကနေ ၂၆ ရက်၊ ၁၇ ရက်တာကာလအတွင်း ဖောက်လုပ်ထားတာ တွေ့ရပါတယ်။
ဒီမတိုင်ခင် နေပြည်တော်အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီ ၃၀ ရက်မှာ သတ်မှတ်နေရာကို ပြောင်းရွှေ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒါပေမယ့် သူ့ကို ဘယ်နေအိမ်ကို ပြောင်းရွှေ့ထားတယ်ဆိုတာကိုတော့ အခုအချိန်အထိ တိတိကျကျထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပါဘူး။
ဘီဘီစီရဲ့ စုံစမ်းဖော်ထုတ်ချက်နဲ့ ပတ်သက်ပြီး ဇွန် ၁၇ ရက်က နေပြည်တော်သတင်းထုတ်ပြန်ရေးအဖွဲ့ကို မှတ်ချက်တောင်းခံထားပြီး တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါဘူး။
ဒါဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံထားရတဲ့ စတုတ္ထမြောက်နေရာ ဖြစ်ပါတယ်။
အဲဒီငါးနှစ်ကျော်ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားခဲ့တဲ့ နေရာတွေကို ရနိုင်သမျှ အချက်အလက်တွေ၊ သိရှိပြောပြနိုင်သူတွေဆီက သိရှိရသမျှတွေနဲ့ ဘီဘီစီက ခြေရာကောက်ကြည့်ထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ မေ ၂၃ ရက်အထိ- နေပြည်တော်၊ မြနန်းဘုံသာလမ်း အမှတ် ၃၃ နေအိမ်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မနက် ၄ နာရီခွဲအချိန်လောက်မှာ ဒေါ်အောင်ဆန်းစုကြည် နေထိုင်နေတဲ့ နေပြည်တော်၊ မြနန်းဘုံသာလမ်း အမှတ် ၃၃ နေအိမ်အပြင်ဘက်မှာ ပြောက်ကျားစစ် ဝတ်စုံဝတ်ထားတဲ့ စစ်သားတွေ နေရာယူထားခဲ့ပါတယ်။
အင်အား ၅၀ ခန့် ပါဝင်မယ်လို့ ခန့်မှန်းရတဲ့ အဲဒီတပ်ဖွဲ့ကို အဲဒီအချိန်က စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဦးဆောင်ခဲ့တယ်လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
အိမ်ဝင်းတံခါးကို ဖွင့်ဖို့ အမိန့်ပေးခဲ့ရာ အသက် ၅၀ ကျော်အရွယ် အမျိုးသားကြီးတစ်ဦးက တံခါးဖွင့်ပေးခဲ့ပါတယ်။
အဲဒီနောက် စစ်သားတွေက အိမ်ဝင်းအနှံ့ ဖြန့်ကျက်နေရာယူခဲ့ပြီး အခန်းတံခါးတွေကို ခေါက်ကာ ဖွင့်ခိုင်းခဲ့သလို၊ အိမ်နောက်ဘက် အဆောင်မှာ နေထိုင်တဲ့ ဝန်ထမ်းတွေ အပါအဝင် အားလုံးကို အပြင်ထွက်လာဖို့ ညွှန်ကြားတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အိမ်ရဲ့ ဧည့်ခန်းထဲမှာတော့ စစ်ဘက်လုံခြုံရေးရာ ဒုတိယအကြီးအကဲ ဗိုလ်ချုပ်တိုးရီ ရောက်နှင့်ပြီးသားဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှတ် ၃၃ နေအိမ် ဧည့်ခန်းကို လူအများမြင်ဖူးကြပါတယ်။ အဲဒီ ဧည့်ခန်းထဲမှာ ၁၂ ရာသီ ပန်းတွေကို ရေးဆွဲထားတဲ့ အလှဆင်ပန်းချီကားကြီးတစ်ချပ်ရှိပါတယ်။ အဲဒီပန်းချီကားရှေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ် တိုးရီတို့ မျက်နှာချင်းဆိုင်ထိုင်ပြီး စကားပြောခဲ့ကြပါတယ်။
အဲဒီမှာပဲ ဗိုလ်ချုပ်တိုးရီက စစ်တပ်က နိုင်ငံတော်အာဏာကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို အသိပေးခဲ့ပါတယ်။
ဘီဘီစီက တွေ့မြင်ခွင့်ရခဲ့တဲ့ အဲဒီ ရှားရှားပါးပါး မှတ်တမ်းဓာတ်ပုံမှာ အဲဒီအခန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်တိုးရီ နှစ်ဦးမျက်နှာချင်းဆိုင် အနေအထားနဲ့ ထိုင်လျက်တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အိမ်နေရင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ဗိုလ်ချုပ်တိုးရီကတော့ စစ်ယူနီဖောင်းအပြည့်အစုံ ဝတ်ထားပါတယ်။ ဒါပေမယ့် စစ်ဖိနပ်မစီးထားဘဲ ခြေအိတ်ပဲ ဝတ်ဆင်ထားပါတယ်။
အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည် အသုံးပြုနေတဲ့ iPad၊ ကွန်ပျူတာနဲ့ ဖုန်းတွေကို သိမ်းဆည်းသွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မနက် ၉ နာရီအရောက်မှာတော့ နိုင်ငံတစ်ဝန်း အင်တာနက်ဆက်သွယ်ရေးတွေ ဖြတ်တောက်ခံလိုက်ရပြီး ဒေါ်အောင်ဆန်းစုကြည်လည်း ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။
နောက်ပိုင်း တရားရုံးထွက်ဆိုချက်တွေအရ မြနန်းဘုံသာအိမ်ကိုရောက်လာတဲ့ အဲဒီစစ်ထောက်လှမ်းရေးအဖွဲ့နဲ့အတူ ကင်မရာသမား နှစ်ဦးလည်း လိုက်ပါလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောဆိုမှုတွေကို မှတ်တမ်းဓာတ်ပုံတွေ ရိုက်ကူးခဲ့တယ်လို့ တွေ့ရပါတယ်။
အာဏာသိမ်းပြီး နှစ်ရက်အကြာမှာတော့ အဲဒီကာလက စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပထမဆုံးအမှုဖွင့်ခဲ့ပြီး တရားမဝင် walkie-talkie ဆက်သွယ်ရေးစက်တွေ လက်ဝယ်ထားရှိမှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။
အဲဒီကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားရုံးကြားနာမှုတွေကိုလည်း အွန်လိုင်းစနစ်နဲ့သာ ပြုလုပ်ခဲ့ပါတယ်။
တရားရုံးထွက်ဆိုချက်အရ ဥပဒေအရာရှိက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကို သိရှိသလားလို့မေးမြန်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် က မသိရှိကြောင်းပြန်လည်ဖြေဆိုခဲ့ပါတယ်။
တရားရုံးထွက်ဆိုချက်အရ ဥပဒေအရာရှိက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကို သိရှိသလားလို့မေးမြန်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် က မသိရှိကြောင်းပြန်လည်ဖြေဆိုခဲ့ပါတယ်။
၂၀၂၁ ခုနှစ် မေ ၂၃ ရက်မှ ၂၀၂၂ ခုနှစ် ဇွန် ၂၂ ရက်အထိ - နေပြည်တော်မှာ အိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံရခြင်း
မေ ၂၁ ရက်မှာတော့ အမှတ် ၃၃ နေအိမ်ကနေ နောက် ၄၈ နာရီအတွင်း ပြောင်းရွှေ့ပေးရမယ်ဆိုတဲ့ အကြောင်းကြားစာကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရရှိခဲ့ပါတယ်။
၂၀၂၂ ခုနှစ်က ဘီဘီစီ ကို ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတစ်ဦးကတော့ “နှစ်ရက်အတွင်း ပြောင်းရွှေ့ရမှာဖြစ်လို့ ပစ္စည်းအားလုံးကို အမြန်ထုပ်ပိုးခဲ့ရပါတယ်။ သူ့အတွက် အဓိကလိုအပ်တဲ့ ပစ္စည်းတွေကိုပဲ ဦးစားပေးယူခဲ့ပါတယ်။ အထူးသဖြင့် စာအုပ်တွေကိုတော့ မဖြစ်မနေ ယူသွားမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီစာအုပ်တွေကို ပုံးတွေနဲ့ ထုပ်ပိုးပြီး ယူသွားခဲ့တယ်” လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားရုံးထွက်ဆိုချက်တွေအရလည်း သူ့ကို မြနန်းဘုံသာလမ်းရှိ နေအိမ်ကနေ အခြားနေအိမ်တစ်လုံးဆီ ပြောင်းရွှေ့ခဲ့ကြောင်း အတည်ပြုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တောင် သူ နေပြည်တော်ရဲ့ တစ်နေရာမှာ ရှိနေတယ်ဆိုတာသာ သိခဲ့ပြီး ဘယ်နေရာကို ရွှေ့ပြောင်းထားတယ်ဆိုတဲ့ တည်နေရာအတိအကျကို မသိခဲ့ဘူးလို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးခဲ့တဲ့ နေပြည်တော်ကောင်စီနယ်မြေက အထူးတရားရုံးဝင်းနဲ့ ဒုတိယအကြိမ် အိမ်အကျယ်ချုပ်ထားရှိရာ နေရာအကြား ကားနဲ့ သွားရင် ကြာချိန် ၁၈ မိနစ်ကနေ မိနစ် ၂၀ လောက် ကြာခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေတချို့ကိုပြန်ပြောပြခဲ့ပါတယ်။
“အပြင်မှာ သင်္ကြန်စည်ကားလား။ ကျွန်မနားတဝိုက်မှာတော့ အမြဲတမ်း ဆူညံနေတာပဲ။ ဆောင်းဘောက်သံတွေရော သီချင်းသံတွေရော နေရာအနှံ့ကနေ ကြားနေရတယ်”
၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တွေမှာ နိုင်ငံရေးအခြေအနေကြောင့် နိုင်ငံတစ်ဝန်း သင်္ကြန်ပွဲတော်တွေဟာ အရင်နှစ်တွေလို စည်ကားမှုမရှိဘဲ ကျင်းပခဲ့ရပါတယ်။ လူစုလူဝေး အခမ်းအနားကြီးတွေနဲ့ သင်္ကြန်ပွဲတော်တွေကို နေပြည်တော်က စစ်တပ်ဝင်းတွေနဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ နေရာတွေမှာပဲ အဓိကကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။
ဒါကြောင့် ရှေ့နေအချို့ကတော့ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံထားရတဲ့ နေရာဟာ စစ်ဘက်ဆိုင်ရာအိမ်ရာဝင်းတစ်ခုဖြစ်နိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။
အာဏာသိမ်းပြီး ရက်ပေါင်း ၁၀၀ ကျော်အကြာ ၂၀၂၁ ခုနှစ် မေ ၂၄ ရက်မှာတော့ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဓာတ်ပုံတစ်ပုံ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဓာတ်ပုံမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါက်တာ မျိုးအောင်တို့နဲ့အတူ တရားရုံးအတွင်း ထိုင်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ခိုပြာရောင် အင်္ကျီနဲ့ ဇင်းမယ်လုံချည်ကို ဝတ်ဆင်ထားပြီး ဆံပင်ကိုစည်းထားပါတယ်။ သုံးယောက်စလုံးဟာ နှာခေါင်းစည်းတပ်ထားကြတာလည်း တွေ့ရပါတယ်။
၂၀၂၁ ခုနှစ် မေ ၂၄ ရက်မှာ ဒေါ် အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးဓာတ်ပုံကို ထုတ်ပြန်ခဲ့ပါတယ်။ (ဓာတ်ပုံ - MOI)
၂၀၂၁ ခုနှစ် မေ ၂၄ ရက်မှာ ဒေါ် အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးဓာတ်ပုံကို ထုတ်ပြန်ခဲ့ပါတယ်။ (ဓာတ်ပုံ - MOI)
အဲဒီဓာတ်ပုံဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်သွင်ကို လူသိရှင်ကြား ပထမဆုံးအကြိမ် ထုတ်ပြတဲ့ မှတ်တမ်းဓာတ်ပုံ ဖြစ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်မှာလည်း နေ့စဥ်အချိန်ဇယားနဲ့ပဲ သူ့ရဲ့တစ်နေ့တာကို ဖြတ်သန်းပါတယ်။
သူ့ရဲ့ နေ့စဥ်လုပ်ငန်းကို ဘုရားရှိခိုးချိန်၊ တရားထိုင်ချိန်၊ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ချိန်နဲ့ အတူနေသူတွေကို စာသင်ပေးချိန်၊ စာဖတ်ချိန်တွေရယ်လို့ ခွဲထားပါတယ်။ မနက်အစောထပြီး ဘုရားရှိခိုး၊ ၄၅ မိနစ် တရားထိုင်ပြီးမှကျန်တဲ့ လုပ်စရာရှိတဲ့ အလုပ်တွေ အားလုံးကို လုပ်ဆောင်ပါတယ်။
နေ့လယ်ပိုင်းမှာတော့ လေ့ကျင့်ခန်းလုပ်တာ၊ စာဖတ်တာ၊ အင်္ဂလိပ်စာ သင်ကြားပေးတာနဲ့ တရားရုံးကြားနာမှုတွေအတွက် ပြင်ဆင်တာတွေကို လုပ်ဆောင်ပါတယ်။
အဲဒီအချိန်က အဲဒီအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေထိုင်နေကြသူ ရှစ်ဦးခန့် ရှိပါတယ်။ တစ်ခါတလေမှာ ကိတ်မုန့်ဖုတ်တာ၊ ချောကလက်ယိုလုပ်တာနဲ့ သစ်သီးယိုထိုးတာကို အိမ်မှာအတူနေသူတွေနဲ့ ပြုလုပ်ပြီး ရုံးချိန်းနေ့တွေမှာ ရှေ့နေတွေအတွက် ယူသွားလေ့ရှိပါတယ်။
အတူနေသူ ၈ ဦးထဲမှာ တိုက်ချီဒို ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးလေးလည်း ပါပါတယ်။
၂၀၂၂ ခုနှစ် ဇွန် ၂၂ ရက်မှ ၂၀၂၄ ခုနှစ် ဧပြီလလယ်ပိုင်းအထိ- နေပြည်တော်အချုပ် ထောင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို ဆက်လက်စစ်ဆေးနေဆဲအချိန်၂၀၂၂ ခုနှစ် ဇွန် ၂၂ ရက်ဝန်းကျင်မှာတော့ စစ်ကောင်စီက သူ့ကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှာရှိတဲ့ နေပြည်တော်အကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီအကျဉ်းထောင်ဟာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုံးထိုင်တဲ့ သမ္မတရုံးနဲ့ ခြောက်မိုင်ခန့်သာ ကွာဝေးပါတယ်။
သတင်းရင်းမြစ်ရဲ့ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ဝင်းအတွင်းက သီးခြားအဆောက်အအုံတစ်ခုမှာ ထားရှိခဲ့ပါတယ်။ သူနေထိုင်ရတဲ့ အခန်းဟာ အလျား ၁၄ ပေ၊ အနံ ၁၅ ပေခန့် ရှိပြီး ပြတင်းပေါက် ခြောက်ပေါက် ပါဝင်ခဲ့ပေမယ့် အဲဒီထဲက သုံးပေါက်မှာသာ လိုက်ကာတွေ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။
အကျဉ်းထောင်ဟာ သစ်ပင်အရိပ်အာဝါသ နည်းပါးပြီး လွင်ပြင်ကျယ်ထဲမှာ တည်ရှိပါတယ်။ ဒါကြောင့် အဲဒီအထဲက ဒေါ်အောင်ဆန်းစုကြည်ကို ထားတဲ့အခန်းကလည်း မိုးရွာ၊ နေပူတာနဲ့ လေပြင်းတိုက်တာတွေအတွက် အသက်အရွယ်ကြီးမြင့်ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ရာသီဥတုဒဏ်ကို အကာအကွယ်မရတဲ့ အနေအထားဖြစ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကူညီပေးဖို့နဲ့ စောင့်ကြည့်ဖို့ အမျိုးသမီး အကျဉ်းထောင်ဝန်ထမ်း သုံးဦးကို တာဝန်ပေးထားပါတယ်။
ထောင်ထဲရောက်တဲ့ အချိန်ကစပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းထောင်သတ်မှတ်ဝတ်စုံဖြစ်တဲ့ အဖြူရောင်အင်္ကျီနဲ့ အညိုရောင်လုံချည်ကို ဝတ်ဆင်ခဲ့ရပါတယ်။
၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုစုစုပေါင်း ၁၉ မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်မှာတော့ အဂတိလိုက်စားမှုနဲ့ သက်ဆိုင်တဲ့ အမှုတစ်မှုအတွက် နောက်ဆုံးပြစ်ဒဏ်ကို ချမှတ်ခံခဲ့ရပါတယ်။
အချက်အလက်တွေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၈ လခန့်ကြာမြင့်တဲ့ တရားရင်ဆိုင်ကာလအတွင်း အမှုအားလုံးအတွက် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။
မြန်မာနိုင်ငံ အကျဉ်းထောင်ဥပဒေအရ အကျဉ်းသားတွေကို မိသားစုတွေ့ဆုံခွင့်၊ ဥပဒေရေးရာ ရှေ့နေတွေ့ဆုံခွင့်နဲ့ အကျဉ်းထောင်အတွင်း မိသားစုဝင်အချင်းချင်း တွေ့ဆုံခွင့် ဆိုတဲ့ အမျိုးအစား သုံးမျိုးကို ခွင့်ပြုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေအရ ရှေ့နေတွေ့ဆုံခွင့် ရရှိသင့်ပြီး အဲဒီတွေ့ဆုံခွင့်ကို တောင်းဆိုနိုင်တဲ့ အခွင့်အရေးလည်း ရှိပါတယ်။ ဒါပေမယ့် နေပြည်တော်အာဏာပိုင်တွေကတော့အမှုအားလုံးအတွက် အမိန့်ချပြီးချိန်ကစလို့ ဘယ်သူနဲ့မှ တွေ့ဆုံခွင့်မပေးတော့တာ ၂၀၂၆ ခုနှစ် ဇွန်လအထိဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ရှေ့နေတွေနဲ့ တရားရုံးကြားနာမှုအချိန်တွေမှာ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ အဲဒီအချိန်ကလည်း ဥပဒေရေးရာ တွေ့ဆုံဆွေးနွေးမှုတွေ အတွက်ဖြစ်ပြီး တစ်ကြိမ်ကို အများဆုံး ၄၅ မိနစ်ခန့်သာ ခွင့်ပြုခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဇူလိုင် ၉ ရက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒွန် ပရာမွတ်ဝစ်နိုင်း နေပြည်တော်ကိုသွားရောက်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ဒွန် ပရာမွတ်ဝစ်နိုင်းဟာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့တဲ့ သံတမန်တစ်ဦးလည်းဖြစ်ပါတယ်။
အဲဒီလျှို့ဝှက်တွေ့ဆုံမှုဟာ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံထားရတဲ့ ကာလအတွင်း တခြားဘယ်နိုင်ငံခြားသံတမန်မှ မရရှိခဲ့တဲ့ အထူးအခွင့်အရေးတစ်ခုအဖြစ် မှတ်ယူခံခဲ့ရပါတယ်။ ဒီတွေ့ဆုံမှုအကြောင်းကိုတော့ ၂၀၂၄ ခုနှစ်လယ်ပိုင်း အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအတွင်း ထုတ်ဖော်ပြောကြားပြီးနောက်မှသာ လူသိရှင်ကြား ဖြစ်လာခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဧပြီလလယ်မှ ၂၀၂၆ ခုနှစ် ဧပြီလလယ်အထိ - ပေါင်းလောင်းရိပ်သာ၊ နေပြည်တော်
၂၀၂၄ ခုနှစ် ဧပြီ ၁၆ ရက် မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ထိန်းသိမ်းမှုကနေ ပြောင်းရွှေ့ထုတ်ယူသွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး နောက်ပိုင်းမှာ ဘီဘီစီရဲ့ စစ်ရုံး သတင်းရင်းမြစ်ကလည်း အတည်ပြုခဲ့ပါတယ်။ အဲဒီ အချိန်က စစ်ကောင်စီကတော့ ပူပြင်းတဲ့ရာသီဥတုကြောင့် ပြောင်းရွှေ့ထားတာလို့ ဆိုပါတယ်။
အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ့ပြောင်းထားတဲ့နေရာကို လျှို့ဝှက်ထားခဲ့ပါတယ်။ ဘီဘီစီရဲ့ သတင်းရင်းမြစ်ကတော့ နေပြည်တော်က စစ်တပ်ပရဝဏ်ဖြစ်တဲ့ ပေါင်းလောင်းရိပ်သာထဲမှာ သီးခြားအိမ်တစ်လုံးနဲ့ ထိန်းသိမ်းခဲ့တာလို့ ၂၀၂၅ ခုနှစ်မှာ အတည်ပြုပြောထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မှာ ပြင်းထန်တဲ့သွားကိုက်ဝေဒနာရှိသလို သွားကိုက်သက်သာစေဖို့အတွက် Antibiotics - ပဋိဇီဝ ပိုးသတ်ဆေးတချို့ သောက်ရလေ့ရှိပါတယ်။
နေပြည်တော်ကတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ပြီး အရပ်ဘက်နဲ့ စစ်ဘက်က ဆရာဝန်တွေက ပုံမှန်ဆေးကုသမှုတွေနဲ့ စစ်ဆေးပေးမှုတွေ ရှိတယ်လို့ ဖြေကြားလေ့ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပုံမှန်အားဖြင့်ကျန်းမာရေးကောင်းမွန်သူဖြစ်ပါတယ်။ဒါပေမဲ့ သွားကိုက်တာ၊ သွေးပေါင်ကျတာနဲ့နှလုံးအားနည်းတဲ့ရောဂါကတော့ နာတာရှည်ရောဂါလိုဖြစ်နေတာလို့ ဘီဘီစီကသိရပါတယ်။
၂၀၂၅ ခုနှစ် ဇွန်လမှာတော့ ပေါက်တကြားထွက်လာတဲ့ တရားရုံးထွက်ဆိုချက် စာရွက်စာတမ်းတွေဆိုပြီး ယူကေက ဂါဒီယန်သတင်းစာက ဖော်ပြတဲ့ သတင်းတစ်ပုဒ် ထွက်လာပါတယ်။ အဲဒီ ထွက်လာတဲ့မှတ်တမ်းတွေအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေ့စဥ်ဖြတ်သန်းမှုကို မှန်းဆသိမြင်ခွင့်ရခဲ့ပါတယ်။
စစ်တပ်ကထွက်ခွာလာသူတွေနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ "သီးသန့်အကျဉ်းသူ လှုပ်ရှားမှု" ဆိုတဲ့ မှတ်တမ်းက ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၆ ရက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ တစ်နေ့တာလှုပ်ရှားမှုကို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။
၂၀၂၅ ဇွန်လက ပေါက်ကြားခဲ့တဲ့ မှတ်တမ်းတွေအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေ့စဥ်ဖြတ်သန်းမှုကို မှန်းဆခွင့်ရခဲ့ပါတယ်။
၂၀၂၅ ဇွန်လက ပေါက်ကြားခဲ့တဲ့ မှတ်တမ်းတွေအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေ့စဥ်ဖြတ်သန်းမှုကို မှန်းဆခွင့်ရခဲ့ပါတယ်။
၂၀၂၆ ခုနှစ် ဧပြီလလယ်ပိုင်းကစပြီး ဇွန်လအထိ — နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်က နေအိမ်အကျယ်ချုပ်
၂၀၂၆ သင်္ကြန်အပြီး ဧပြီလကုန်လောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေရာထပ်ရွှေ့ပြန်ပြီဆိုတဲ့ သတင်းထွက်လာပါတယ်။
သတင်းရင်းမြစ်ရဲ့ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၆ ခုနှစ် ဧပြီလကုန်ပိုင်းကစပြီး နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်က ဝန်ကြီးဟောင်းတစ်ဦးရဲ့ နေအိမ်မှာ ပြောင်းရွှေ့ထားတယ်လို့သိရပါတယ်။ သူဟာ မူလ ၃၃ နှစ် ထောင်ဒဏ်ထဲက ကျန်ရှိနေတဲ့ ၁၈ နှစ်ခန့်ကို အဲဒီမှာဆက်လက်ကျခံနေရပါတယ်။
နေပြည်တော်အာဏာပိုင်တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေရာကိုပြောင်းရွှေ့ထားတယ်ဆိုကာ ဓာတ်ပုံနဲ့ ထုတ်ပြန်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ဘက်အရာရှိတွေနဲ့ ဆွေးနွေးနေတဲ့ပုံကိုတွေ့ရပါတယ်။ အဲဒီပုံထဲမှာပါတဲ့နေရာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ့ပြောင်းလိုက်တဲ့နေရာလား၊ သူ အဲဒီမတိုင်ခင်နေခဲ့ရတဲ့ နေရာလားဆိုတာလည်း ရှင်းရှင်းလင်းလင်းတော့ မသိရပါဘူး။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်ကတော့ အဲဒီထုတ်ပြန်ချက်အပေါ် သံသယရှိကြောင်း ပြောကြားခဲ့ပြီး၊ သူ့အနေနဲ့ မိခင်ဖြစ်သူ အသက်ရှင်နေသေးတယ်ဆိုတာကိုတောင် အတည်ပြုနိုင်တဲ့ အထောက်အထား မရှိဘူးလို့ ဆိုပါတယ်။
အဲဒီဓာတ်ပုံဟာ ၂၀၂၂ ခုနှစ်လောက်က ရိုက်ကူးထားတဲ့ပုံဖြစ်တယ်လို့ သူကယူဆပြီး “အဓိပ္ပာယ်မရှိဘူး” လို့ မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။
“ဒါက တကယ့်အမှန်ဖြစ်ဖို့ မျှော်လင့်ပါတယ်။ သူ့ကို ပြောင်းရွှေ့ထားတယ်ဆိုတာကို အတည်ပြုနိုင်တဲ့ တကယ့်အထောက်အထားတော့ ကျွန်တော် မတွေ့ရသေးပါဘူး” လို့ သူက ဘီဘီစီကို ဧပြီလမှာ ပြောကြားခဲ့ပါတယ်။
“မေမေနဲ့ဆက်သွယ်ခွင့်မရမချင်း၊သူ့ရဲ့ အခြေအနေကိုလွတ်လပ်တဲ့အဖွဲ့တစ်ခုကအတည်မပြုသရွေ့ဘာကိုမှမယုံနိုင်ပါဘူး”
သတင်း - ဘီဘီစီမြန်မာပိုင်း
အယ်ဒီတာ - ညိုလဲ့ရည်၊ မင်းထက်
ထုတ်လုပ်ရေးမှူး - အက်ဂ္ဂနီယာ အဇီဇာ
ဒီဇိုင်း နဲ့ ဂရပ်ဖစ် - အာဗင် ဆူပရီယာဒီ၊ အန်ဒရို ဆိုင်နီ
ဓာတ်ပုံ - Getty Images၊ ဘီဘီစီမြန်မာပိုင်