မဟာချိုင် ကားတိုက်မှု မြန်မာတွေ သေဆုံး
မြန်မာ အလုပ်သမား အများစုနေ ထိုင်တဲ့ ဘန်ကောက်မြို့ရဲ့ တောင်ဘက် မဟာချိုင် မြို့မှာ ယဉ်တိုက်မှု ဖြစ်ခဲ့တဲ့ အတွက် လူ ၁၀ ယောက် သေဆုံးပြီး ၆၅ ယောက် ဒဏ်ရာ ရသွားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U Kyaw Thaung
သေဆုံးသူတွေ ထဲမှာ မြန်မာ အလုပ် သမား ၈ ယောက် နဲ့ ထိုင်း အလုပ်သမား ၂ ယောက် ပါဝင်တယ်လို့ နယ်မြေခံ ရဲ တပ်ဖွဲ့က မှုခင်း အရာရှိ ရဲ ဒုတိယ ဗိုလ်မှူးကြီးက ပြော ပါတယ်။
မဟာချိုင်မြို့ တာကွန့် ပုစွန်စျေး လမ်းပေါ်မှာ အလုပ်သွား မယ့် အလုပ်သမားတွေ ကို တင်ဆောင်ထားတဲ့ ကား တစ်စီးက ရပ်ထားရာကနေ မောင်း အထွက်မှာ ကား နောက် ကနေ ၁ဝ ဘီးကား တစ်စီးက ဝင်တိုက်မိ ခဲ့တာ ဖြစ်တယ်လို့ မျက်မြင် သက်သေ တစ်ယောက် ဖြစ်သူ မသန်းသန်းဌေးက ဘီဘီစီကို ပြောပါတယ်။
ပြင်းပြင်းထန်ထန် တိုက်မိခဲ့မှုကြောင့် ခန္ဓာကိုယ် အစိတ် အပိုင်း တွေ တစစီ ပြတ်ထွက်ပြီး လမ်းမတွေပေါ်မှာ ပြန့်ကျဲ နေတာ တွေ့ရတယ်လို့ လည်း သူက ပြောပါတယ်။
ဒဏ်ရာ ရသူတွေ ကိုတော့ မဟာချိုင် မြို့က ဆေးရုံ သုံးခုမှာ ဆေးဝါး ကုသမှု ပေးနေ ပါတယ်။
အဲဒီ ဆယ်ဘီးကားကို မောင်းတဲ့ ထိုင်းနိုင်ငံသား ယဉ်မောင်း သမားက ရဲစခန်းမှာ သွားရောက် အဖမ်း ခံခဲ့ ပြီးဖြစ်လို့ သူ့ကို ဆက်လက် အရေး ယူမယ်လို့ နယ်မြေခံ ရဲ အရာရှိက ဘီဘီစီကို ပြောပါတယ်။




