ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ချင်းတွင်းသင်္ကြန်လာတဲ့ စက်လှေနစ်မြုပ်လို့ သေဆုံးသူ ၉ ဦးအထိ ရှိလာ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ချင်းတွင်းလမ်းလျှောက်သင်္ကြန်ကို လာရင်း နစ်မြုပ်ခဲ့တဲ့ စက်လှေကြောင့် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၅ ဦးနဲ့ သေဆုံးသူဦးရေ ၉ ဦးအထိ ရှိသွားပြီဖြစ်တယ်လို့ မုံရွာမြို့လူမှုကူညီရေးအသင်းအဖွဲ့တွေက ပြောပါတယ်။
ကူးတို့စက်လှေဟာ ချင်းတွင်းသင်္ကြန် ကျင်းပပြုလုပ်နေတဲ့ သောင်ပြင်အနီး ဧပြီ ၁၅ ရက်နေ့က နစ်မြုပ်ခဲ့တာဖြစ်ပြီး ဒီကနေ့ ဧပြီ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့မှာ နောက်ထပ် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၄ ဦးရဲ့ အလောင်းတွေကို ရေထဲမှာ ထပ်မံရှာတွေ့ခဲ့တာပါ။
မနေ့က နစ်မြုပ်ခဲ့စဉ်မှာ အသက် ၅၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးရဲ့ အလောင်းရှာတွေ့ခဲ့ပြီး နစ်မြုပ်စဉ် ခရီးသည်တွေကို ရေထဲဆင်းကယ်ခဲ့တဲ့ အမျိုးသား ၁ ဦးဟာလည်း ဆေးရုံပေါ်မှာ အရေးပေါ် လူနာအဖြစ် ကုသမှု ခံယူနေတုန်း သေဆုံးသွားခဲ့ပါတယ်။
လတ်တလောမှာ အသက် ၁၃ နှစ်အရွယ် ကောင်လေး ၁ ဦးနဲ့ အမျိုးသမီး ၅ ဦးကတော့ ဆေးရုံပေါ်မှာ အရေးပေါ်လူနာအဖြစ် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။
စက်လှေ နစ်မြုပ်မှုမှာ ခရီးသည် ၂၉ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး စက်လှေမောင်းသူ ကတော့ ခုထိ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ မုံရွာမြို့လူမှုကူညီရေးအသင်းဖြစ်တဲ့ ခြင်္သေ့အားမာန်ကွန်ရက် ဒုဥက္ကဌ ကိုသန်းနိုင်ဦးက ပြောပါတယ်။
နစ်မြုပ်ခဲ့တဲ့ စက်လှေဟာ လှေခွံအသေးကို စက်တပ်ပြီး သင်္ကြန်တွင်း ကြားလိုင်း ကူးတို့စက်လှေအဖြစ် ဝင်ရောက် ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။
စက်လှေပေါ်မှာ လူ ဆယ်ဂဏန်းလောက်ပဲ အများဆုံး တင်ဆောင်နိုင်တာကို အယောက် ၄၀ ကျော်တဲ့အထိ သတ်မှတ်ခံနိုင်ရည်ဝန်ထက် အဆမတန် ပိုမိုတင်ဆောင်လာခဲ့တာဖြစ်ပြီး စက်လှေမောင်းသူနဲ့ စက်လှေပိုင်ရှင်ကိုတော့ အခုထိ ရှာဖွေနေရဆဲ ဖြစ်တယ်လို့ ကိုသန်းနိုင်ဦးက ပြောပါတယ်။
ဆားလင်းကြီးကနေလာတဲ့ စက်လှေဟာ နစ်မြုပ်စဉ် ခရီးသည် ၃၆ ဦးလောက်ပဲ တင်ဆောင်လာနိုင်တယ်လို့ စစ်ကိုင်းတိုင်းလူမှုရေးဝန်ကြီး ဦးဇော်ဝင်းက အစောပိုင်းတုန်းက ဘီဘီစီကို ပြောထားပေမယ့် အခုရှာတွေ့ခဲ့တဲ့ အလောင်းတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ အချက်အလက်တွေအရ နစ်မြုပ်စဉ်စက်လှေပေါ်မှာ ခရီးသည် ၄၄ ဦးထက်မနည်း တင်ဆောင်လာဖွယ် ရှိပါတယ်။