ထိုင်းက ဖေ့သ်ဘူရီခရိုင် ကားမီးလောင်မှု မြန်မာ ၉ ဦး သေဆုံး

ရေးသားခဲ့သည်။

မြန်မာအလုပ်သမားတွေကို တင်ဆောင်လာတဲ့ မှန်လုံကား တစီးဟာ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ထိုင်းနိုင်ငံ ကမ်ဖဲန်ဖေ့သ် ခရိုင် အတွင်း ကားမတော်တဆ ဖြစ်ပြီး ၉ ဦး သေဆုံးခဲ့ရပါတယ်။

ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင် ကနေ မြန်မာအလုပ်သမား ၁၄ ယောက်ကို တင်ပြီး ထွက်လာတဲ့ မှန်လုံကားဟာ အောက်တိုဘာလ ၂၁ ရက်နေ့ မနက် ၆ နာရီခွဲလောက်မှာ ထိုင်းနိုင်ငံ ကမ်ဖင်ဖေ့သ်ခရိုင် ခလောင်ခလုန်မြို့နယ် အရောက်မှာ ယာဉ်မတော်တဆ ဖြစ်ရာက ထိခိုက်မှုတွေ ဖြစ်သွားတာ ဖြစ်ပါတယ်။

လမ်းဘေးကသစ်ပင်ကို ၀င်တိုက်မိလို့ ကားမီးလောင်သွားတဲ့ အတွက် ကားပေါ် ပါလာတဲ့သူ ၉ ယောက် သေဆုံးခဲ့တာဖြစ်ပြီး ၆ ယောက် ဒဏ်ရာ ရသွားပါတယ်။

ဒီမော်တော်ယာဉ် မတော်တဆမှုနဲ့ ပတ်သက်ပြီး ခလောင်ခလုန်မြို့နယ် ရဲ့တပ်ဖွဲက တာ၀န်ကျရဲဗိုလ်ကြီး ချတ်ချနွန် စနစ်မာက်က

"မိုးရွာထားတော့ အရှိန်နဲ့ လာတဲ့ကားဟာ လမ်းချော်ပြီး လမ်းဘေးက သစ်ပင်ကို ၀င်တိုက်ပုံရပါတယ်။ ကားမီးလောင်လို့ သေဆုံးသူတွေ ထဲမှာ ၃ ဦးက အမျိုးသား ဖြစ်ပြီး ဖြစ်ပြီး ၆ ဦးက အမျိုးသမီးပါ။ ဒဏ်ရာရတဲ့ ကားသမား အပါအ၀င် အမျိုးသား ၆ ဦး ကို ကမ်းဖဲန်နဲ့ ခလောင်ခလုန် ဆေးရုံကို ပို့ ထားတယ်" လို့ပြောသွားပါတယ်။

ကားပေါ်ပါတဲ့ စာရွက်စာတမ်းတွေ မီးလောင်သွားလို့ သေဆုံးသူတွေ ဘယ်သူဘယ်ဝါ ဆိုတာ မသိရသေးပါဘူး။

ဒါကြောင့် ဘန်ကောက်က မှုခင်းဆေးပညာဌာနကို ပို့ဖို့အတွက် စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသူတွေထဲက ထိုင်းစကား နည်းနည်းပြောတတ်သူက သူတို့ ဖက်ဘူရီက လာပြီး၊ မဲဆောက်ကိုသွားကြမယ်လို့ ဆိုကြောင်း တာ၀န်ကျ ထိုင်းရဲအရာရှိကပြောပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေ ခရီးသွားရင်း မကြာခဏ ကားမတော်တဆမှုဖြစ်ပြီး သေဆုံး ဒဏ်ရာရမှုတွေ အများ အပြား ရှိနေတာ ဖြစ်ပါတယ်။

ထိုင်းအခြေစိုက် မြန်မာနိုင်ငံသားများ ပူးပေါင်း ကူညီစောင့်ရှောက်ရေးအဖွဲ့ ဒါရိုက်တာ ဦးမိုးကြိုးကတော့ အခုလို ကားမှောက် ရာ ဒေသအတွင်းမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာပြီး မောင်းနှင် သွားလာသူ မရှိ သလောက် ဖြစ်နေတာကလည်း အခုလို မတော်တဆမှုတွေ ဖြစ်ရတဲ့ အကြောင်းအရင်း ဖြစ်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် မြန်မာအလုပ်သမားတွေဟာ သူတို့ နေထိုင်တဲ့ တိုက်ခန်းနဲ့ အိမ်နားတွေ အထိ စရိတ် သက်သက် သာသာနဲ့ ပို့ပေး နိုင်မယ့် ကားမျိုးတွေကိုပဲ အစီးများတဲ့ အတွက် ယာဉ်မတော်တဆမှု ဖြစ်လာရင် အထိအခိုက်များနေရတာ ဖြစ်တယ်လို့လည်း ဦးမိုးကြိုးက ပြောပါတယ်။

အဲဒီ ကားတွေကလည်း ယာဉ်မောင်းတဦးတည်းနဲ့ ခရီးဝေးကို တောက်လျှောက် မောင်းနှင်လေ့ရှိပြီး ကားကြံ့ခိုင်မှု စစ်ဆေးတဲ့ အပိုင်းလည်း အားနည်းတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ ၂၀၁၈ ခုနှစ် မတ်လမှာ မဲဆောက် ကနေ ဘန်ကောက်ကိုသွားတဲ့ ကားရဲ့ မီးလောင်မှု အတွင်း မြန်မာ အလုပ်သမား ၂၀ အထိ သေဆုံးခဲ့ပြီး ဧပြီလက မဲဆောက် - ချာချန်ဆောင် သွားတဲ့ကား တိမ်းမှောက်မှု မှာလည်း မြန်မာ အလုပ်သမား ၆ ဦး သေဆုံးထားပါတယ်။

ပြီးခဲ့တဲ့နှစ်မှာလည်း မဲဆောက်မြို့က ဘန်ကောက်ကို မြန်မာ အလုပ်သမားတွေ တင်ဆောင်သွားတဲ့ ကားတွေ တာခ်ခရိုင်ထဲမှာ ၃ ကြိမ်နဲ့ ဘန်ကောက် အနီး စင်ဘူရီမှာ တကြိမ် ယာဉ်မတော်တဆ ဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရသူတွေ အများအပြားရှိခဲ့ပါတယ်။