ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၈၈ မျိုးဆက် ကျောင်းသူ၊ ပွင့်လင်း လူ့ အဖွဲ့ အစည်း က မမီးမီး ကွယ်လွန်
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း က အမျိုးသမီးဌာန ဒုတိယ တာဝန်ခံ မမီးမီးဟာ မော်တော်ယာဉ် မတော်တဆမှုကြောင့် သြဂုတ်လ ၁၃ ရက်နေ့ ဒီကနေ့မှာ ကွယ်လွန် သွားပါတယ်။
ကဗျာ ဆရာ အောင်ပွင့် အမျိုးသမီး ရဲ့ နာရေး ကို လိုက်ပါပို့ဆောင်ခဲ့ ပြီး အပြန် ဧရာဝတီ တိုင်း ကျောင်းကုန်း မြို့ အနီးမှာ ယာဉ်မတော်တဆမှု ဖြစ်ပွား ခဲ့တာပါ။
မတော်တဆမှု ဖြစ်ပွား ခဲ့တဲ့ ကားပေါ်မှာ ၈၈ မျိုးဆက် ကျောင်းသား တွေ ဖြစ်ကြတဲ့ မနီလာသိန်း၊ ကိုဇော်ဝမ်းမောင်၊ မခက်ခက်တို့လည်း လိုက်ပါ ခဲ့ကြပါတယ်။
မမီးမီးကို အရေးပေါ် ဆေးရုံတင် ဆေးကုသမှု ခံယူရာ ဆေးရုံမှာ ကွယ်လွန်သွားပြီလို့ ၈၈ မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုဂျင်မီနဲ့ အလုပ်သမားအရေး လှုပ်ရှားသူ ကိုနန္ဒာစစ်အောင်တို့က ဘီဘီစီကို အတည်ပြု ပြောကြားပါတယ်။
မမီးမီးရဲ့ ရုပ်အလောင်းကို ရန်ကုန် မြို့ကို ပြန်လည် သယ်ဆောင်မယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက သူတို့ရဲ့ လူမှု ကွန်ရက်မှာ ရေးသား ပြောဆို နေကြပါတယ်။
မမီးမီး ခေါ် မသင်းသင်းအေးဟာ ကွယ်လွန်ချိန်မှာ အသက် ၄၇ နှစ် ရှိပြီ ဖြစ်ပါတယ်။ သူဟာ ဒီမိုကရေစီ ရေး လှုပ်ရှားမှုတွေကြောင့် အစိုးရ တာဝန် ရှိသူတွေရဲ့ မကြာခဏ ထိန်းသိမ်းခြင်းကိုခံရလေ့ ရှိသူ ပါ။
၂၀၀၇ ခုနှစ်တုန်း က စက်သုံးဆီ စျေးနှုန်း ကျဆင်း ရေး လှုပ်ရှား တောင်းဆိုမှုကြောင့် ဖမ်းဆီး ထိန်းသိမ်းခံရပြီး ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ် ကျခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ရွှေဝါရောင် သံဃာ့ အရေးအခင်းဖြစ်ပွားခဲ့ချိန်မှာ တက်ကြွ လှုပ်ရှားသူတွေ ဖမ်းဆီး ခံရတော့ အင်းစိန် ထောင်တွင်းမှာ သူတို့ကို ကူညီ စောင့်ရှောက် ပေးခဲ့သူ ဟာ မမီးမီး ဖြစ်တယ်လို့ ဗကသ ကျောင်းသားဟောင်း မဖြိုးဖြိုးအောင် က ပြောပါတယ်။
၈၈ ကျောင်းသူ ဟောင်း မမီးမီးဟာ ဆယ်ကျော်သက် အရွယ် ကတည်း က နိုင်ငံရေး ကို စိတ်ပါဝင်စားခဲ့သူ ဖြစ်ပြီး သူ့ဘဝ တခု လုံး ကို နိုင်ငံရေး ထဲမှာ မြှုပ်နှံခဲ့သူ တယောက်ပါ။
လက်ရှိ အချိန် အထိလည်း အများပြည်သူ ကို ကူညီပေးဖို့ အတွက် ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှာ အမျိုးသမီး ဌာန ဒုတိယ တာဝန် ခံ အဖြစ် ပါဝင်ခဲ့ပြီး ကြက်ခြေနီ အဖွဲ့ ထဲမှာလည်း ပါဝင် လှုပ်ရှား ဆောင်ရွက် ခဲ့ပါတယ်။
မမီးမီးဟာ ပြတ်သားတဲ့ ပြောဆိုမှုတွေနဲ့ ယုံကြည်ချက် အပေါ်မှာ နောက်ဆံ တင်းတာမျိုး မရှိဘဲ ရဲရဲဝံ့ဝံ့ လှုပ်ရှား ဆောင်ရွက် တတ်သူ အမျိုးသမီး တဦးလည်း ဖြစ်ပါတယ်။