ထောက်ကြန့်ဈေးသစ်လမ်းဆုံ ကားတိုက်မှု ၆ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Than Htet San facebook
ဧပြီ ၁၀ ရက်နေ့ မနက်ပိုင်းက ထောက်ကြန့်ဈေးသစ်လမ်းဆုံအနီးမှာ ခရီးသည်တင်မီနီဘတ်စ်နဲ့ ဟိုင်းလပ် ယာဉ်တို့ အရှိန်ပြင်းပြင်းတိုက်မိခဲ့ပြီးလူအသေအပျောက်ရှိသလို ထိခိုက်ဒဏ်ရာရသူ တွေလည်းများခဲ့ပါတယ်။
ရန်ကုန်-ပဲခူး ပြေးဆွဲတဲ့မီနီဘတ်စ်ယာဉ်နဲ့ ကုန်စိမ်းနဲ့လူတင်ဆောင်လာတဲ့ဟိုင်းလပ်ယာဉ်တို့ ဝင်တိုက်မိတဲ့အတွက် အခင်းဖြစ်ရာနေရာမှာပဲ အမျိုးသားလေးယောက်သေဆုံးခဲ့တယ်လို့ အခင်းဖြစ်ပွားရာ နေရာကိုသွားရောက်ခဲ့တဲ့ မျက်မြင်သက်သေအချို့ကပြောပါတယ်။
အဲ့ဒီယာဉ်တိုက်မှုမှာ ဒဏ်ရာရတဲ့သူ ၁၈ယောက်ရှိတဲ့ထဲက မိန်းကလေးတယောက် နဲ့အမျိုးသားတယောက် ထပ်မံသေဆုံးသွားတယ်လို့လည်းသိရပါတယ်။
၄ ဦးကနေရာမှာ တင်သေဆုံးသွားခဲ့ပြီး ၁ဦးကတော့ ဆေးရုံကိုအသွားလမ်းမှာ ကွယ်လွန်သွားခဲ့တာဖြစ်ကာ ၁၆ ဦးကတော့ ဆေးရုံတင်ထားရတယ်လို့ မင်္ဂလာဒုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ဘီဘီစီကို ဧပြီလ ၁၀ ရက်နေ့ ညနေ ၅ နာရီလောက်က ပြောပါတယ်။
ညနေ ၆ နာရီအချိန် နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရတော့ သေဆုံးသူ စုစုပေါင်း ၆ ဦး ရှိသွားပြီလို့ ထောက်ကြန့်မီသတ်ဦးစီးဌာနမှ သိရပါတယ်။
အခုယာဉ်တိုက်မှုဖြစ်ပွားတဲ့နေရာဟာ ၂နှစ်အတွင်းမှာယာဉ်တိုက်မှုပေါင်း ၅ ကြိမ်လောက်ဖြစ်ပွားခဲ့ဖူးပြီး အကြိမ်တိုင်းနီးပါးမှာ လူသေဆုံးမှုရှိခဲ့တယ်လို့လည်း ထောက်ကြန့်မြို့ခံတွေကပြောပါတယ်။
အခုလို ခရီးသည်တင်ယာဉ်တွေအနေနဲ့ ယာဉ်မတော်တဆမှုတွေလျော့နည်းစေဖို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ YRTAအနေနဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့တို့ ပူးပေါင်းပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်နေပေမဲ့လည်း ယာဉ်စည်းကမ်း ဖောက်တဲ့ ယာဉ်မောင်းတွေကို YRTA အနေနဲ့ လိုင်စင်ပိတ်သိမ်းတာမျိုးကိုပဲ လုပ်ဆောင်နိုင်တာ ဖြစ်တဲ့ အတွက် စည်းကမ်းဖောက်ဖျက်မှုတွေကရှိနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။








