ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
YBS နှစ်စီးတိုက်မိလို့ ၉ ဦးသေဆုံး ၃၇ ဦးဒဏ်ရာ ရ
ဇူလိုင်လ ၇ ရက် နေ့လယ် ၁ နာရီခွဲ လောက်က ရန်ကုန် မင်္ဂလာဒုံ မြို့နယ်က ရွှေညောင်ပင် ဟောင်း အနီး YBS ဘတ်စ်ကား နှစ်စီး တိုက်မိခဲ့တဲ့ အတွက် စုစုပေါင်း လူ ၉ ယောက် သေဆုံးပြီး ၃၇ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။
ထောက်ကြံ့ကနေ မြောက်ဥက္ကလာကို သွားတဲ့ YBS အမှတ် ၅၅ က ဘီးကျွတ်သွားပြီး တဖက် လမ်းက မျက်နှာချင်းဆိုင် လာတဲ့ YBS အမှတ် ၃၇ ကားတို့ တိုက်မိ ခဲ့တာလို့ အဲဒီ နေရာကို သွားရောက် ကူညီ ကယ်ဆယ်ရေးတွေ ဆောင်ရွက် ပေးခဲ့တဲ့ မင်္ဂလာဒုံမြို့နယ် ပုလဲ အရန် မီးသတ် တပ်ဖွဲ့ တာဝန်ခံ ကိုထင်လင်းအောင်က ပြောပါတယ်။
ရန်ကုန်နာရေးကူညီမှု အသင်းနဲ့ ပုလဲ အရန် မီးသတ်တပ်ဖွဲ့တို့က ဒဏ်ရာရ ခရီးသည်တွေကို ကားတွေထဲကနေ ကူညီ ကယ်ထုတ်ပြီး မြောက်ဥက္ကလာ မေဓါဝီ ဆေးရုံနဲ့ အင်းစိန် ဆေးရုံတို့ကို ပို့ဆောင် ပေးခဲ့ကြတာ ဖြစ်ပါတယ်။
မင်္ဂလာဒုံမြို့နယ် ပုလဲ အရန် မီးသတ် တပ်ဖွဲ့က မေဓါဝီဆေးရုံကို ပို့ဆောင်ပေးခဲ့တဲ့ ဒဏ်ရာရသူတွေထဲမှာ သုံးယောက်က စိုးရိမ်ရတဲ့ အခြေအနေ ရှိနေတယ်လို့ ကိုထင်လင်းအောင်က ပြောပါတယ်။
ခရီးသည်အများစုက သက်ကြီးရွယ်အိုတွေ ဖြစ်ကြပြီး သေဆုံးသူ အများစုက အမျိုသမီးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။