ဥရောပတလွှားအဖျက်အမှောင့်လုပ်ရပ်တွေမှာ ရုရှားကို အဓိက သံသယ၀င်

လေဆိပ်ပြေးလမ်းပေါ်မှာ ဗုံးတစ်လုံးကို ဖျက်သိမ်းနေတဲ့ အမျိုးသားတစ်ဦးရဲ့ မှုန်ဝါးနေသော ပုံရိပ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဂျာမနီကတော့ လိုက်ဇစ်(Leipzig)လေဆိပ်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုဟာ ဥရောပအတွင်း "ရုရှားရဲ့ပေါင်းစပ်ပုံစံ စစ်ဆင်ရေတွေရဲ့" တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောပါတယ်
    • ရေးသားသူ, ဆာရာ ရိန်စ်ဖော့ဒ်
    • ရာထူးတာဝန်, ဥရောပ တောင်ပိုင်းနှင့် အရှေ့ပိုင်း သတင်းထောက်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၇

ဥရောပမှာ နွေအပူ စံချိန်သစ်ချိုး ရောက်နေချိန်၊ နိုင်ငံရေးသမားတွေလည်း ပိတ်ရက် ပေါ့ပေါ့ပါးပါး စိတ်ရောက်နေချိန်မှာ ရုရှားကတော့ စစ်ပွဲအပေါ် သူ့အာရုံစိုက်မှု လျော့မသွားပါဘူး။

ရုရှားဟာ ပြီးခဲ့တဲ့လအတွင်း ယူကရိန်းနိုင်ငံတလွှားမှာ အရပ်သားအသေအပျောက်များစေတဲ့ သူ့ရဲ့စစ်ရေးတိုက်ခိုက်မှုတွေကို ပိုပြီးပြင်းပြင်းထန်ထန် လုပ်ခဲ့ရုံတင်မက ဥရောပတလွှားမှာလည်းသူ့ရဲ့အဖျက်အမှောင့်လှုပ်ရှားမှုတွေကိုလည်း အရှိန်မြှင့်တင်လိုက်ပုံရပါတယ်။

ဒီတစ်ကြိမ်မှာတော့ စစ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာနေရာတွေဟာ အဓိကပစ်မှတ်ဖြစ်လာခဲ့ပါတယ်။

ယူကရိန်းက စစ်ဘက်ဆိုင်ရာပစ္စည်းတွေသယ်ပို့ရာမှာအသုံးပြုနေတဲ့ လိုက်ဇစ်လေဆိပ်မှာ ပေါက်ကွဲပစ္စည်းတွေ တပ်ဆင်ထားတဲ့ဒရုန်းတွေကိုတွေ့ရှိခဲ့တာ တစ်လပြည့်မှာတော့ ဒီဒရုန်းတွေဟာ ''ရုရှားလက်ချက်'' လို့ ဂျာမနီပြည်ထဲရေးဝန်ကြီးက ကြေညာခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကတော့ သူ့ထုံးစံအတိုင်း သက်သေအထောက်အထား တောင်းဆိုနေပြီး ရုရှားတာဝန်ရှိသူတွေကတော့ အဲဒီစွပ်စွဲချက်ကို "အဓိပ္ပာယ်မရှိတဲ့စကားတွေ" လို့ ပြောနေပါတယ်။

ဒါပေမဲ့ အဲဒီဒရုန်းတွေဟာ ဥရောပမှာ ဇတ်ရှိန်တက်ဖို့ ကနဦးအစပဲ ရှိပါသေးတယ်။ အဲဒီနောက် ဩဂုတ်လအတွင်းမှာ အီတလီအစ အက်စတိုးနီးယားအဆုံး ကာကွယ်ရေးဆိုင်ရာစက်ရုံတွေနဲ့ အဆောက်အအုံတွေမှာ သံသယဖြစ်စရာမီးလောင်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်စဉ်တွေဖြစ်ခဲ့တဲ့နိုင်ငံတချို့ကတော့ သူတို့ဒီလိုဖြစ်တာ ရုရှားလက်ချက်လို့ အပြစ်ဖို့ပါတယ်။ အခြားနိုင်ငံတွေကတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ တချို့မီးလောင်မှုတွေကတော့ နောက်ဆုံးမှာ မတော်တဆမှုမီးလောင်မှုတွေဆိုတဲ့သုံးသပ်ချက်နဲ့ပဲ အဆုံးသတ်နိုင်ခြေရှိနေပါတယ်။

ပိုလန်ပြည်ထဲရေးဝန်ကြီး မာဆင် ကယ်၀င်စတီ ကတော့ စကားပြတ်ပါတယ်။

"ရုရှားက သူ့ရဲ့မဟာဗျူဟာကို ပြောင်းလဲနေပြီး အကြမ်းဖက်နဲ့ အဖျက်အမှောင့် လှုပ်ရှားမှုတွေ အပါအဝင် သူ့ရဲ့လုပ်ဆောင်ချက်တွေကို ပိုပြင်းထန်အောင်လုပ်နေတယ်ဆိုတာ ပြသနေတဲ့ အချက်အလက် အများကြီး ရှိပါတယ်" လို့ သူက ပြောပါတယ်။ ပြည်သူတွေကိုလည်း သတိရှိသူတိုက်တွန်းပါတယ်။

သြဂုတ်လအတွင်း ဥရောပမှာဖြစ်ခဲ့တာတွေ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဩဂုတ် ၄ ရက်၊ ဂျာမနီ - လိုက်ဇစ် လေဆိပ်မှာ ပထမဆုံး ဒရုန်းတစ်စင်းကို တွေ့ရှိခဲ့ပါတယ်။

ဩဂုတ် ၁၀ ရက်၊ ဘူလ်ဂေးရီးယား - တာယာနာမြို့က ကာကွယ်ရေးကုမ္ပဏီ EMCO ရဲ့ ဂိုဒေါင်မှာ မီးအကြီးအကျယ် လောင်ခဲ့ပါတယ်။

ကုမ္ပဏီထုတ်ပြန်ချက်ထဲမှာ အရင်က သူတို့စက်ရုံတွေမှာ ဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုတွေဟာ ရုရှားနဲ့ ဆက်စပ်မှု ရှိ မရှိဆိုတာကို စုံစမ်းစစ်ဆေးခဲ့ဖူးတဲ့အကြောင်း ထည့်ပြောပါတယ်။ "လူကြောင့်ဖြစ်တဲ့အမှားကြောင့် မီးလောင်နိုင်ခြေကို ထည့်သွင်းစဉ်းစားသုံးသပ်ခြင်း မရှိ'' ဆိုတဲ့အချက်ကိုလည်း ကုမ္ပဏီဘက်က ပြောထားပါတယ်။

ဩဂုတ် ၁၃ ရက်၊ အီတလီ - ရောမမြို့အပြင်ဘက်က KNDS Ammo Italy မှာ မီးလောင်မှု ဖြစ်ပွားပြီး ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။

ပြင်ပ ပယောဂကြောင့် ဒီဖြစ်ရပ်ဖြစ်တာလားဆိုတာကို ဒေသန္တရအစိုးရရှေ့နေက စုံစမ်းနေတယ်လို့ လာ ရီပတ်ဘလစ်ကာ သတင်းစာက သတင်းရေးပါတယ်။ ရှေ့နေရုံးကတော့ ဒီဖြစ်ရပ်ကို "အမည်မသိပုဂ္ဂိုလ်တွေ"ကြောင့်ဖြစ်တဲ့ ပေါ့ဆမှု မီးဘေးအန္တရာယ်မှုခင်းအဖြစ် အမှုဖွင့်ထားယ်လို့သာ အများသိအောင် သတင်းထုတ်ပါတယ်။

ဩဂုတ် ၁၅ ရက်၊ အက်စတိုးနီးယား- Kyiv Post သတင်းစာရဲ့ရေးသားချက်အရ ယူကရိန်းကို ဒရုန်းတွေ ထောက်ပံ့ပေးနေတဲ့ တယ်လင်းက Milrem Robotics စက်ရုံ မီးလောင်သွားခဲ့ပါတယ်။ သံသယရှိသူ နှစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။

အက်စတိုးနီးယား ဝန်ကြီးချုပ် ခရစ္စတန် မီခဲက စုံစမ်းစစ်ဆေးသူတွေဟာ ရုရှားရဲ့အဖျက်အမှောင့် လုပ်ရပ်ဖြစ်နိုင်ခြေကို "အလေးအနက်ထား ထည့်သွင်းစဉ်းစားနေကြတယ်" လို့ ပြောပါတယ်။

ဩဂုတ် ၂၅ ရက်၊ ဆလိုဗက်ကီးယား - ယူကရိန်းပိုင် ဒရုန်းထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုကို မီးရှို့တိုက်ခိုက်ဖို့ ကြံစည်မှုတစ်ခုကို တားဆီးနိုင်ခဲ့ပြီး "မီးလောင်လွယ်တဲ့ ရောစပ်ပစ္စည်း အမြောက်အမြား" ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ကြေညာပါတယ်။

ကုမ္ပဏီဘက်ကတော့ ရုရှားကို အပြစ်ဖို့ထားပြီး "အမိန့်ကြောင့် လိုက်လုပ်ခဲ့ကြသူတွေ" လို့ ရဲက ပြောတဲ့သံသယရှိသူ သုံးဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဆလိုဗက်ကီးယားဟာ ဥရောပမှာ ရုရှားနဲ့ နီးကပ်တဲ့ မဟာမိတ်နိုင်ငံဖြစ်ပါတယ်။

ဩဂုတ် ၃၀ ရက်၊ ပိုလန် - အဖျက်အမှောင့် တိုက်ခိုက်မှုတွေရဲ့အဓိက ပစ်မှတ်ဖြစ်နေတဲ့ ဒီနိုင်ငံမှာ နောက်ထပ်မီးလောင်မှု နှစ်ခုဖြစ်ပွားခဲ့တယ်လို့ သတင်းတက်ပါတယ်။

တစ်ခုက ရဟတ်ယာဉ် အစိတ်အပိုင်းတွေ ထုတ်လုပ်တဲ့ လုဘလင်းမြို့က ကုမ္ပဏီတစ်ခုမှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် ဒေါ်နယ် ထွတ်စ်ကတော့ မီးရှို့တိုက်ခိုက်မှု ဖြစ်နိုင်ခြေကို ထည့်တွက်ထားရမယ်လို့ ပြောပါတယ်။

ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ WB Group ကို တိုက်ခိုက်မှုကတော့ ပိုမိုရှင်းလင်းပါတယ်။ မျက်နှာဖုံးစွပ်ထားသူ တစ်ဦးက မီးလောင်စေနိုင်တဲ့ပစ္စည်းတွေကို ပစ်ပေါက်နေတဲ့ CCTV မှတ်တမ်း ရရှိခဲ့ပါတယ်။ ၀န်ကြီးချုပ် ထွတ်စ်က ဒါဟာ "ရုရှားဘက်က တိုးလုပ်လာတဲ့လုပ်ရပ်တွေရဲ့ဆက်တိုက်ဖြစ်မှုကို ပြသတယ်" လို့ ပြောပါတယ်။

စက်တင်ဘာလထဲမှာလည်း ဒီပုံစံ ဆက်ဖြစ်ပေါ်နေပါတယ်။ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ဘူလ်ဂေးရီးယားနိုင်ငံသား နှစ်ဦးကို ဖမ်းမိပါတယ်။ သူတို့နှစ်ဦးဟာ Rhode & Schwartz ကာကွယ်ရေးကုမ္ပဏီမှာ ကားထဲကနေ မီးလောင်စေနိုင်တဲ့ပစ္စည်းတွေနဲ့ပစ်ပေါက်ခဲ့မှု သံသယနဲ့ ဖမ်းဆီးခဲ့ခံရတာပါ။

နောက်ထပ် သီးခြားဖြစ်ရပ်တစ်ခုမှာတော့ နိုင်ငံအနောက်ပိုင်းက လျှပ်စစ်ဓာတ်အားခွဲရုံတွေကို အခုသီတင်းပတ်အတွင်း အဖျက်အမှောက်လုပ်တိုက်ခိုက်မှု သံသယနဲ့ ရာသီဥတုအရေး အစွန်းရောက်တက်ကြွလှုပ်ရှားသူတစ်ဦးကို ဂျာမနီရဲတပ်ဖွဲ့က ရှာဖွေနေတယ်လို့ ပြောပါတယ်။

 ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၃၁ ရက်က ပိုလန်နိုင်ငံ စကာရှီစကို - ခါမီယန်နာ (Skarzysko-Kamienna) မြို့က ပိုလန်ရဲ့အကြီးဆုံးကာကွယ်ရေးကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ WB Group မှာ ဖြစ်ခဲ့တဲ့မီးလောင်မှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ပိုလန်ကာကွယ်ရေးကုမ္ပဏီကြီးတွေထဲက တစ်ခုဖြစ်တဲ့ ဒဗလျူ ဘီ ဂရုမှာ ဖြစ်ခဲ့တဲ့ မီးလောင်မှုကို ရဲတပ်ဖွဲ့ စစ်ဆေးနေ

ဒါတွေ ဘာကြောင့် အခုမှဖြစ်

စစ်ရေးနဲ့ ကာကွယ်ရေး ပစ်မှတ်တွေကို တိုက်ခိုက်တာဟာ အသစ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အရင်က ရုရှားနဲ့ ဆက်စပ်တယ်လို့ သံသယရှိတဲ့အဖျက်အမှောင့် လုပ်ရပ်တွေထဲမှာ Ikea စတိုးဆိုင်လိုမျိုး၊ ပိုလန်က အိမ်သုတ်ဆေးစတိုးဆိုင်လိုမျိုး ဘာကိုရည်ရွယ်မှန်း မသိတဲ့ပစ်မှတ်တွေ တောင်ပါခဲ့ပါတယ်။

အခုအသစ် ဖြစ်လာတာကတော့ ဒီလိုဖြစ်ရပ်တွေ ခပ်စုစု ဖြစ်လာတဲ့အခြေအနေပါ။

''ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း ကျွန်မတို့ မြင်တွေ့ခဲ့ရတဲ့ စစ်ဘက်ဆိုင်ရာနေရာတွေကို တိုက်ခိုက်မှု အရှိန်က ပုံမှန် မဟုတ်ပါဘူး" လို့ King's College စစ်ပွဲလေ့လာရေးဌာနက ဒန်နီယယ်လာ ရစ်ထရိုဗာက ပြောပါတယ်။

သူတော့ ဒီလိုမြင့်တက်လာတာဟာ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်အတွင်းက အခြေအနေတွေနဲ့ချိတ်ဆက်ပြပါတယ်။

"ယူကရိန်းက စစ်ပွဲကို ရုရှားဆီ ပြန်ရောက်အောင် လုပ်ပြီး ရုရှားနယ်မြေအတွင်း နက်နက်ရှိုင်းရှိုင်း ထိုးနှက်တိုက်ခိုက်နေတာကို ကျွန်မတို့ မြင်ရပါတယ်။ ... သူတို့ (မော်စကို) ဘက်က ဖိအားလည်း ရှိနေတော့ တစ်ခုခု လုပ်ရတော့မှာပါ" လို့ သူက ပြောပါတယ်။

အချို့ အဖျက်အမှောင့် လုပ်ရပ်တွေဟာ ကစင့်ကလျားနဲ့ ကြောက်ရွံ့မှု ဖြစ်အောင် ဖန်တီးဖို့ ရည်ရွယ်ထားပေမဲ့ ရစ်ထရိုဗာကတော့ လက်ရှိ ကရင်မလင်ရဲ့ရည်မှန်းချက်ဟာ "ဖိအားပေး အချက်ပြမှု" ဖြစ်တယ်လို့ ယူဆပါတယ်။ နိုင်ငံတွေအနေနဲ့ ကိယက်ဗ်ကို ထောက်ပံ့နေတာ ရပ်တန့်အောင် တစ်ဖက်ကလည်း တစ်နည်းနည်းနဲ့ ဖိအားပေးတာ ဖြစ်ပါတယ်။

အစပိုင်းမှာ နှေးကွေးခဲ့ပေမဲ့ အခုတော့ ဂျာမနီဟာ ယူကရိန်းကို စစ်ရေးအကူအညီ အကြီးမားဆုံးပံ့ပိုးတဲ့နိုင်ငံဖြစ်လာပါတယ်။

အခြား ဖြစ်တန်ခြေခန့်မှန်းချက်တွေလည်း ရှိနေပါသေးတယ်။

တချို့ကတော့ ရုရှားဟာ ယူကရိန်းဆီ စစ်ပစ္စည်း ထောက်ပံ့မှုကို ဖြတ်တောက်ဖို့ထက် Nato အဖွဲ့ ရဲ့အားနည်းချက်တွေကို အကဲစမ်းတာလို့ ယူဆပါတယ်။

"လက်ခံနိုင်တဲ့အကန့်အသတ် အတိုင်းအတာက ဘယ်အထိရှိနေမလဲဆိုတာကို ရုရှားက စူးစမ်းနေပြီး အခြေအနေ အချက်အလက်တွေကို စုဆောင်းနေပါတယ်။ ဘာတွေ အလုပ်ဖြစ်တယ်၊ ဘာတွေ အားနည်းတယ်ဆိုတာ သူတို့ သိလာပါတယ်" လို့ Chatham House က ကီယာဂျိုင်းစ်က ဆိုပါတယ်။

ဒီအဖျက်အမှောင့် လှုပ်ရှားမှုကို ဥရောပအတွင်း ရုရှားရဲ့ရန်လိုမှု "နောက်တစ်ဆင့်" အတွက် ပြင်ဆင်မှုအဖြစ် သူက မြင်ပါတယ်။

"သူတို့ တိုက်ခိုက်တာ ခံရတဲ့နိုင်ငံက အဲဒါကို ဘယ်လောက်အတိုင်းအတာအထိ တုံ့ပြန်ဖို့ ဆန္ဒရှိသလဲ ဆိုတာကို အကဲဖြတ်နေတာ" လို့ သူက ပြောပါတယ်။

အဖျက်အမှောင့်ဖြစ်ရပ်တွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ မဟာဗျူဟာလေ့လာရေးဆိုင်ရာ နိုင်ငံတကာအင်စတီကျု(IISS) ကတော့ ၂၀၂၄ ခုနှစ်မှာ အလားတူဖြစ်ရပ်တွေ မြင့်တက်ခဲ့တာကို ထောက်ပြပါတယ်။

အဲဒီတုန်းက ယူကရိန်းမဟာမိတ်တွေက ရုရှားနိုင်ငံအတွင်းအထိ ရောက်အောင် ယူကရိန်းတိုက်ခိုက်မှုတွေမှာ အနောက်ကနေ ထောက်ပံ့တဲ့လက်နက်ပစ္စည်းတွေကို အသုံးပြုခိုင်းခဲ့တာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်ဟာ ပါဆယ်ဗုံး ကြံစည်မှု ဖြစ်ပွားခဲ့တဲ့နှစ်လည်း ဖြစ်ပါတယ်။ အဲဒီတုန်းက ရုရှားဟာ ပေါက်ကွဲပစ္စည်းအရည်ပါဝင်တဲ့ပါဆယ်ထုပ်တွေကို ယူကေနဲ့ ပိုလန်သို့ ပို့ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

အဲဒီထုပ်ထဲက တစ်ထုပ်ဟာ DHL ကုန်တင်လေယာဉ်ပေါ် မတင်မီ အချိန်အနည်းငယ်အလိုမှာ မီးထလောင်ခဲ့ပါတယ်။

အဲဒီတုန်းကတော့ ဒါဟာ နောင်မှာ ပိုကြီးမားတဲ့အစီအစဉ်တစ်ခုအတွက် စမ်းသပ်တာလို့ ယူဆခဲ့ကြပါတယ်။

မီးသတ်သမား နှစ်ဦးက လေဆိပ်ကုန်တင် တွန်းလှည်းတစ်ခုကို အမြှုပ်ဖျန်းပြီး မီးငြှိမ်းသတ်နေကြ၊ တွန်းလှည်းကနေ မီးခိုးတွေလည်း ပျံ့နှံ့နေ။

ဓာတ်ပုံ ရင်းမြစ်, Police handout

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ်မှာ လစ်သူယေးနီးယားကနေ ယူကေနဲ့ ပိုလန်ကို ပါဆယ်ထုပ် လေးထုပ် ပို့ခဲ့ပြီး နှစ်ထုပ်က ယူကေ ဂိုဒေါင်တစ်ခုနဲ့ လိုက်ဇစ် လေဆိပ်မှာ မီးလောင်ခဲ့

"ထိခိုက်သေဆုံးမှုများများဖြစ်အောင် သူတို့ရည်ရွယ်ခဲ့တာလားဆိုတဲ့ရေချိန်နဲ့ တိုင်းကြည့်ရင် ရေချိန်က အမြင့်ဆုံးရောက်ခဲ့တယ်'' လို့ ဂျိုင်းစ်က ပြောပါတယ်။

ပြင်းထန်တဲ့အဆင့်ကိုရောက်လာလို့ ဒီလုပ်ရပ်ကို ရပ်တန့်ဖို့ အိမ်ဖြူတော်က ကရင်မလင်ကို ဆက်သွယ်ခဲ့ပါတယ်။ ရုရှားဘက်ကလည်း သူတို့ သိချင်နေတဲ့အတိုင်းအတာ အကန့်အသတ်ကို သိသွားခဲ့ပါတယ်။

ဒါပေမဲ့ တိုက်ခိုက်မှုတွေကတော့ ဆက်ပြီးဖြစ်နေဆဲပါ။

ဂျာမနီ ဖက်ဒရယ် ရဲတပ်ဖွဲ့ဟာ အခုနှစ်အတွင်း နိုင်ငံတ၀န်းမှာ သံသယဖြစ်ဖွယ် အဖျက်အမှောင့် အမှုပေါင်း ၁၆၅ မှုကျော်ကို စာရင်းပြုစုခဲ့တယ်လို့ ဂျာမန်မီဒီယာတွေမှာ သောကြာနေ့က ဖော်ပြပါတယ်။ ဒါပေမဲ့ လက်သည် ဘယ်သူလဲဆိုတာတော့ မပြောကြပါဘူး။

သံသယဖြစ်စရာ လူတွေက ဘယ်သူတွေလဲ

ဂျာမနီကလာတဲ့သတင်းတွေအရ လိုက်ဇစ် လေဆိပ်မှာ ဒရုန်းတွေကို တင်ဆောင်ပြီး လွှတ်တင်ခဲ့သူတွေဟာ ရုရှားနိုင်ငံသားတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အနည်းဆုံးတစ်ဦးကတော့ ဒီအလုပ်အတွက် ဂျာမနီသို့ ဝင်ရောက်လာခဲ့တာ ဖြစ်နိုင်ပါတယ်။

ဒါဆိုရင်တော့ ဒါဟာ ပုံမှန်မဟုတ်တဲ့အခြေအနေလို့ ပြောနိုင်ပါတယ်။

ဥရောပမှာဖြစ်သမျှ အဖျက်အမှောင့် တိုက်ခိုက်မှု အများစုကို ရုရှားရဲ့အဆွယ်အပွားတွေက လုပ်ဆောင်တာဖြစ်ပါတယ်။ သူတို့ကို "ငွေရလို့ အချိန်ပိုင်းလုပ်တဲ့အဖျက်အမှောင့်သမားတွေ" လို့ ခေါ်ကြပါတယ်။

ဒီလူတွေဟာ များသောအားဖြင့် အရင် ဆိုဗီယက်ခေတ် ဆိုဗီယက်ပြည်ထောင်စုအောက်က ရုရှားစကားပြော နိုင်ငံတွေက ဖြစ်ပါတယ်။ ဒီလူတွေကို နိုင်ငံရေးယုံကြည်ချက်ဆိုတာထက် ငွေပေးပြီး လူစုဆောင်းတာ ဖြစ်ပါတယ်။

ဘီဘီစီက ပိုလန်ကနေ ဖော်ပြခဲ့တဲ့သတင်းတစ်ပုဒ်မှာဆိုရင် ဒီလို ငွေရလို့ အချိန်ပိုင်း အဖျက်အမှောက်လုပ်တဲ့သူတွေဟာ တစ်ချိန်တုန်းက ယူကရိန်းဘက်ကနေ သဘောအလျောက် ၀င်တိုက်ခဲ့ဖူးသူတွေလည်း ပါ၀င်ပါတယ်။

သူတို့ကို ''ညွှန်ကြားသူတွေ''ဟာ ရုရှားနိုင်ငံထဲမှာပဲ ရှိနေတယ်ပြီး စစ်ဆင်ရေးတွေကို အွန်လိုင်းကနေ ညှိနှိုင်းလုပ်ဆောင်တာလို့ ယူဆကြပါတယ်။

IISS အဖွဲ့ကတော့ ဒီလိုလူတွေကို ကာမီကာဇီ ဒရုန်းတွေနဲ့ ခိုင်းနှိုင်းသုံးနှုန်းပါတယ်။ ဒီဒရုန်းတွေဟာ စျေးပေါပေါနဲ့ အများကြီး လွှတ်နိုင်သလို ဖြုတ်စွန့်ရတာလည်း လွယ်ကူတယ်ဆိုတဲ့သဘောကို ရည်ရွယ်တာပါ။

ဒီကြားထဲ အတွေ့အကြုံနည်းသူတွေဟာ မဆင်မခြင် ဖြစ်တတ်ပါတယ်။ ပါဆယ်ထုပ် ကြံစည်မှုမှာဆိုရင် အမျိုးသားတစ်ဦးဟာ သူ လက်ခံယူမယ့်နေရာကို မရှာနိုင်ခဲ့လို့ စစ်ဆင်ရေးတစ်ခုလုံးကို ဖျက်သိမ်းခဲ့ရပါတယ်။

ဒါကြောင့် မော်စကိုဟာ လိုက်ဇစ်လေဆိပ်မှာ ဒရုန်းတွေ့တဲ့ကိစ္စမှာ သူလိုချင်တဲ့ ပစ်မှတ်တိကျမှုနဲ့ အောင်မြင်မှုကို လိုချင်တယ်ဆိုရင် ကျွမ်းတဲ့သူတွေကိုပဲ စေလွှတ်မယ်ဆိုတာ ပြသပါတယ်။

လက်တွေ့မှာတော့ ဖောက်ခွဲရေး ကိရိယာက ထင်တဲ့အတိုင်း အလုပ်မဖြစ်ခဲ့ပုံ ပေါ်ပါတယ်။

ဆိုဗီယက်ခေတ် နည်းလမ်းကို ရင်ဆိုင်နေရတဲ့ နေတိုး(Nato)

ရုရှားရဲ့ အဖျက်အမှောင့် စစ်ဆင်ရေးတွေဟာ စစ်အေးခေတ်က သုံးခဲ့တဲ့နည်းနာကနေ လာပုံရပါတယ်။

ဒန်နီယယ်လာ ရစ်ထရိုဗာရဲ့သုတေသနအရဆိုရင် ဆိုဗီယက်ခေတ် အဖျက်အမှောင့် ပစ်မှတ်စာရင်းတွေနဲ့ ဆင်တူတဲ့ပစ်မှတ်တွေ ပါ၀င်နေတာ၊ အဖျက်အမှောင့်လုပ်မယ့်သူကို ခိုင်းစေတာမျိုးတွေလည်း တူနေပါတယ်။

သူကတော့ ငြိမ်းငြိမ်းချမ်းချမ်းကာလမှာ ဘာမှ မပြောပလောက်သလို ငြင်းလို့လည်း လွယ်ကူတဲ့ တိုက်ခိုက်မှုတွေဟာ စစ်ပွဲကာလမှာ စစ်ကို အရှိန်မြင့်စေဖို့ ရည်ရွယ်တာမျိုးလို့ သုံးသပ်ပါတယ်။

"ကျွန်မ ထင်တာကတော့ ကျွန်မတို့ဟာ အဖြူ အမည်း မသည်းကွဲတဲ့ ကြားထဲကဇုန်ကို ရောက်နေတုန်းပဲလို့ ထင်တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ တွေ့ခဲ့ရတဲ့ ဒီလိုတိုက်ခိုက်မှုတွေကတော့ အဲဒီဇုန်ကို ပိုကျဉ်းမြောင်းသွားစေပါတယ်" လို့ သူက ပြောပါတယ်။

"အဲဒါကြောင့် နောက်ထပ် ဘာဖြစ်လာမလဲ ဆိုတဲ့အန္တရာယ် ပိုများလာတယ်လို့ ကျွန်မ ထင်ပါတယ်။"

Nato က တုံ့ပြန်ဖို့ အလျင်အမြန် ကြိုးပမ်းနေပေမဲ့ ဟိုဟိုဒီဒီဖြစ်တဲ့ သေးသေးမွှားမွှားတိုက်ခိုက်မှု ဘယ်နှစ်ခုလောက်ဖြစ်လာမှ ရုရှားရဲ့ဆက်တိုက် တိုက်ခိုက်မှုတစ်ခုလို့ သတ်မှတ်ပြီး အရေးတယူ လုပ်ဆောင်မှာလဲဆိုတာ မသဲကွဲသေးပါဘူး။

အဲဒါထက် ပိုအန္တရာယ်ရှိနိုင်တာကတော့ မတော်တဆ တင်းမာမှုအရှိန်မြင့်တက်သွားနိုင်တဲ့အခြေအနေဖြစ်ပါတယ်။

ပေါက်ကွဲစေတဲ့ပါဆယ်ထုပ်ဟာ လေထဲမှာ ပေါက်ကွဲပြီး လေယာဉ်ပျက်ကျခဲ့ရင် ဘယ်လို ဖြစ်မလဲ။

လိုက်ဇစ်လေဆိပ်မှာတွေ့တဲ့ ဒရုန်းဟာ လေယာဉ်တစ်စင်းကို ပစ်ချခဲ့ရင် ဘယ်လို ဖြစ်မလဲ။

"အဲဒါဆိုရင်တော့ ကြီးမားတဲ့တိုက်ခိုက်မှုတစ်ခု ဖြစ်လာနိုင်တယ်လို့ ကျွန်မ ထင်ပါတယ်" လို့ ရစ်ထရိုဗာက ပြောပါတယ်။

"အဲဒီအခါ Nato အနေနဲ့ လက်ရှိဖြစ်နေတဲ့ လုံခြုံရေးတပ်လှန့်မှု မြှင့်ထားတဲ့ပတ်၀န်းကျင်မှာ ဒါကို မျက်နှာလွှဲထားလို့ ရတော့မယ်လို့ မထင်ပါဘူး။ ပြန်တုံ့ပြန်ရမှာ ဖြစ်ပါတယ်။"