LGBTQ+ ချစ်ဇာတ်လမ်း - မြန်မာက လိင်တူချစ်သူတို့ရဲ့ စိတ်ကူးယဉ်ကမ္ဘာကို အာဏာဖျောက်ဖျက်ပစ်နိုင်လား

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
လိင်တူချစ်သူတွေရဲ့ အချစ်ဇာတ်လမ်းတွေကို စာအုပ်တွေအဖြစ် ဖန်တီးဖော်ပြခွင့်ကို နေပြည်တော်အစိုးရအာဏာပိုင်တွေက ပိတ်ပင်ကန့်သတ်လာပါတယ်။
လိင်တူအချစ်ဇာတ်လမ်းတွေ ပါဝင်တဲ့ စာအုပ်တွေဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီတာ၊ထုတ်ဝေခွင့် မှတ်ပုံတင်မရှိတာဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အဲဒီစာအုပ်တွေကို ရောင်းချနေတဲ့ Facebook စာမျက်နှာ ကိုးခုကို တရားမဝင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
ဒါဟာ စာအုပ်တွေ၊ ထုတ်ဝေသူတွေနဲ့ အွန်လိုင်းစာမျက်နှာတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းတာထက် လူတစ်ဦးချင်းစီရဲ့ စိတ်ခံစားချက်နဲ့ လိင်စိတ်တိမ်းညွတ်မှုကို ထိန်းချုပ်လာတာဆိုတဲ့ ဝေဖန်ချက်တွေရှိလာပါတယ်။
LGBTQ+ လူငယ်အသိုင်းအဝိုင်းကတော့ စာအုပ်တွေကို ဖျောက်ဖျက်တာ၊ ဖြန့်ချိခွင့်ကန့်သတ်လိုက်ရုံနဲ့ လူတွေရဲ့ သဘာဝအတိုင်း ဖြစ်တည်လာတဲ့ လိင်စိတ်တိမ်းညွတ်မှုကို ဖျောက်ဖျက်နိုင်မှာ မဟုတ်ဘူးလို့ ပြောလာကြပါတယ်။
Wattpad ထဲက လိင်တူချစ်သူတွေရဲ့ကမ္ဘာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
LGBTQ+ အသိုင်းအဝိုင်းကတော့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ BL/GL စာအုပ်တွေ၊ ဇာတ်လမ်းတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းလာမှုရဲ့ နောက်ခံဟာ Wattpad လို့ခေါ်တဲ့ အွန်လိုင်းစာရေး၊ စာဖတ်ပလက်ဖောင်းပေါ်က စာရေးသူချင်းအငြင်းပွားမှုတွေကြောင့်လို့ ပြောဆိုကြပါတယ်။
BL ဆိုတာ (Boys' Love) အမျိုးသားနှစ်ဦးကြားနဲ့ GL (Girls' Love) ကတော့ အမျိုးသမီးနှစ်ဦးကြား တွေက အချစ်ရေးကို ဆိုလိုပါတယ်။ BL/GL စာအုပ်တွေနဲ့ ဇာတ်လမ်းတွေကတော့ သူတို့ကြားက ရိုမန်တစ်ဆန်တဲ့ ဆက်ဆံရေး ကို အဓိကထားဖော်ကျူးထားကြတာဖြစ်ပါတယ်။
အဲဒီဇာတ်လမ်းတွေက Wattpad ဆိုတဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ် မှာရေပန်းစားပြီး အသုံးပြုသူအများအပြားက ဆယ်ကျော်သက်လူငယ်တွေနဲ့ အသက် ၂၀ နဲ့ ၃၅ ကြားလူငယ်၊လူလတ်ပိုင်းတွေဖြစ်ပါတယ်။
Wattpad အပလီကေးရှင်းဟာ အသုံးပြုသူတွေက ကိုယ်ပိုင်အကောင့်ဖွင့်ပြီး ဝတ္ထု၊ ကဗျာနဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေကို ကိုယ်တိုင်ရေးသားပြီး အခြားသူတွေနဲ့ မျှဝေနိုင်တဲ့ ပလက်ဖောင်းတစ်ခုပါ။ အထူးသဖြင့် လိင်စိတ်ခံယူမှုကွဲပြားသူတွေရဲ့ အချစ်ဝတ္ထုတွေ၊ စိတ်ကူးစိတ်သန်းတွေကို လွတ်လွတ်လပ်လပ် ဖော်ပြကြတဲ့ နေရာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
LGBT ကို ရာနှုန်းပြည့်လက်မခံသေးတဲ့ မြန်မာမှာ Wattpad ဟာ သူတို့ရဲ့ ဖြစ်တည်မှုနဲ့စိတ်ခံစားချက် အတွက် လုံခြုံမှုရနိုင်တဲ့တစ်ခုတည်းသော ဆိုရှယ်ပလက်ဖောင်းတစ်ခုဖြစ်တယ်လို့ LGBT အသိုင်းအဝိုင်းက ပြောပါတယ်။
၂၀၁၀ ပြည့်လွန်နှစ်တွေကစပြီး မြန်မာ LGBTQ+ အသိုင်းအဝိုင်းအကြား Wattpad အသုံးပြုမှု ပိုတွင်ကျယ်လာပြီး အသုံးပြုသူတချို့ဟာ သူတို့ရဲ့ စိတ်ကူးယဉ် လိင်တူအချစ်ဇာတ်လမ်းတွေ၊ ကဗျာတွေ ရေးရင်း LGBT စာဖတ်ပရိတ်သတ်တွေအကြားမှာ လူသိများတဲ့ စာရေးသူတွေ ဖြစ်လာကြတယ်လို့ ဆိုပါတယ်။
"အဲဒီမှာ ကိုယ့်အကောင့်ကိုယ်ဖွင့်ပြီး စတိုရီတွေ ဝတ္တုတွေရေးလို့ရတယ်။ တဖြည်းဖြည်းနဲ့ follower တွေ၊ ပရိသတ်တွေ များလာရင် Wattpad ကနေ ပိုက်ဆံပြန်ရတာတွေရှိတယ်" လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ အမျိုးသားချင်းစိတ်တိမ်းညွတ်တဲ့ လိင်တူချစ်သူ တစ်ဦးက ပြောပါတယ်။
ဒါအပြင် Wattpad အပလီကေးရှင်းမှာ အီလက်ထရောနစ်စာအုပ် (ebook) ပုံစံမျိုးလည်းရှိနေပါတယ်။ ဇာတ်လမ်းအမျိုးအစားတွေကတော့ သာမန်ရိုးကျအချစ်ဇာတ်လမ်း၊ ကမ္ဘာကျော် မင်းသမီး၊ မင်းသားတွေကို စိတ်ကူးယဉ်ရေးသားတဲ့ လိင်တူအချစ်ဇာတ်လမ်း နဲ့ လိင်ပိုင်းဆိုင်ရာဇာတ်လမ်းတွေဆိုပြီး ကွဲပြားကြပါတယ်။
"အဲဒီမှာ ကျွန်တော်က လိင်တူအချစ်ဇာတ်လမ်းတွေဖတ်ရတာကြိုက်တယ်။ ဖတ်ပြီးရင် ထိုင်ရာက မထချင်လောက်အောင်ကို စွဲလမ်းကြိုက်သွားတာ" လို့ လိင်တူချစ်သူ အမျိုးသား တစ်ဦးကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
တချို့ စာအုပ်တွေဆိုရင် ဖတ်ရှုသူ ၁၅ သန်းကျော်တဲ့ အထိ ရှိပါတယ်။ ဒါဟာ စီးပွားရေးဈေးကွက်တစ်ခုလို ဖြစ်လာပြီး စာရေးသူတွေကြား ပြိုင်ဆိုင်မှုတွေလည်း ပိုပြီးပြင်းထန်လာခဲ့တယ်လို့ ဘီဘီစီက မေးမြန်းခဲ့သူတွေက ပြောပါတယ်။
LGBTQ+ စာရေးသူတွေအတွက် Wattpad လို ပလက်ဖောင်းတွေဟာ စိတ်ကူးယဉ်ဇာတ်လမ်းတွေ ရေးသားဖို့ နေရာတစ်ခုထက်ပိုတယ်လို့ လိင်တူချစ်သူစာဖတ်သူတွေက ခုခံပြောဆိုကြပါတယ်။
လူမှုအသိုင်းအဝိုင်းအတွင်း ကိုယ့်ဖြစ်တည်မှုကို အပြည့်အဝ ဖော်ပြဖို့ အခက်အခဲတွေရှိနေချိန်မှာ ကိုယ့်လိုလူတွေရဲ့ ဇာတ်လမ်းတွေကို ဖတ်ရှုနိုင်ခြင်း၊ ကိုယ့်ရဲ့ အချစ်နဲ့ စိတ်ကူးတွေကို စာသားအဖြစ် ဖန်တီးနိုင်ခြင်းဟာ သူတို့အတွက် ကိုယ်ပိုင်ကမ္ဘာတစ်ခု ဖန်တီးနိုင်ခြင်းလည်း ဖြစ်တယ်လို့ ပြောကြပါတယ်။
အခု အာဏာပိုင်တွေက လိင်တူအချစ်ဇာတ်လမ်းစာအုပ်တွေကို ထိန်းချုပ်လာတာကြောင့် ''စာအုပ်တွေကို ဖျောက်ဖျက်နိုင်ရင် စာရေးသူတွေရဲ့ စိတ်ကူးတွေနဲ့ လိင်တူချစ်သူတွေရဲ့ ဖြစ်တည်မှုကိုပါ ဖျောက်ဖျက်နိုင်မှာလား'' လို့ လိင်တူချစ်သူတွေက မေးခွန်းထုတ်ကြပါတယ်။
အခု ပြန်ကြားရေးဝန်ကြီးဌာနက အရေးယူဖို့ ပြင်လာတဲ့ နောက်ကွယ်မှာ လိင်တူချစ်သူဇာတ်လမ်းတွေကိုရေးတဲ့ စာရေးသူတစ်ယောက်က နောက်ထပ်စာရေးသူတစ်ယောက်ကို တိုင်ကြားခဲ့တဲ့ အမှုကြောင့် ဖြစ်တယ်လို့ LGBT အသိုင်းအဝိုင်းက ပြောပါတယ်။
"စာရေးသူတစ်ယောက်က သူ့စာတွေခိုးချခံရပါတယ်ဆိုပြီး ပြန်ကြားရေးကို သွားတိုင်လိုက်တယ်။ တခြားစာရေးသူတစ်ယောက်က သူ့စာတွေကို ကူးယူတယ်။ စု၊ တု၊ ပြု လုပ်တယ်ပေါ့။ အဲဒီလိုနဲ့ စာရေးသူချင်း ပြဿနာတွေဖြစ်ကြတာ" လို့ ရန်ကုန်မြို့က အမျိုးသားလိင်စိတ်တိမ်းညွတ်နေသူတစ်ဦး က ပြောပါတယ်။
တိုင်ကြားခဲ့သူကိုယ်တိုင်ကလည်း တခြားစာရေးသူတစ်ဦးက သူ့စာတွေကို ကူးယူဖော်ပြခဲ့တာကြောင့် ပြန်ကြားရေးဝန်ကြီးဌာနကို တိုင်ကြားခဲ့တယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
အဲဒီတိုင်ကြားချက်ထဲမှာ ညစ်ညမ်းစာပေတွေကို တရားဝင်ခွင့်ပြုချက်လိုင်စင်မရှိဘဲ စီးပွားဖြစ်ပုံနှိပ်ရောင်းချနေတယ်ဆိုတဲ့ အချက်လည်းပါဝင်တယ်လို့ သိရှိရပါတယ်။
ဒီဖြစ်စဥ်တွေနောက် ဩဂုတ် ၂၈ ရက်မှာ တော့ ပြန်ကြားရေးဝန်ကြီးဌာနက လိင်တူချင်းချစ်ကြိုက်တဲ့ BL (Boys' Love) ၊ GL (Girls' Love) စာအုပ်တွေ ထုတ်ဝေတဲ့ ဖေ့စ်ဘုတ်စာမျက်နှာ ၉ ခု ကို တရားမဝင်အဖြစ် ကြေညာခဲ့ပါတယ်။
အဲဒီစာမျက်နှာတွေကတော့ ရွှေအိမ်စာပေ၊ ဆူးခေတ်စာပေ၊ Chi စာပေ၊ ဘဝထက်စာပေ၊ ဧရိပ်-A Yeik၊ Alora Eleven Book House၊ Libra Book Shop(Chuu Sein)၊ နွေဦးကံ့ကော်စာအုပ်ဆိုင်နဲ့ Z For Zodiac တို့ဖြစ်ပါတယ်။
Chi စာပေကတော့ သူတို့ရဲ့ နောက်ဆုံးထုတ်ဝေတဲ့ BL စာအုပ်ကို ပုံနှိပ်စက်က ဆက်မရိုက်နှိပ်ပေးတော့ကြောင်း လူမှုကွန်ရက်မှာ ကြေညာထားပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနကတော့ ထုတ်ဝေသူဟာ သူထုတ်လုပ်တဲ့ စာကို မှတ်ပုံတင်စာရင်းပေးသွင်းတာ၊ မူပိုင်ခွင့်အတွက် ဝန်ကြီးဌာနကို ပေးပို့ရမယ်ဆိုတဲ့ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ (၁၁) ပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ ပြောထားပါတယ်။
ပုဒ်မ (၁၅) ပါ သက်ဆိုင်ရာလုပ်ငန်းအသိအမှတ်ပြုလက်မှတ်မရှိဘဲ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း တားမြစ်ချက်ကိုလည်း ချိုးဖောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် Facebook၊ Tiktok၊ Telegram တို့မှာလည်း လိင်တူအချစ်စာအုပ်ထုတ်ဝေမှုတွေကို စောင့်ကြည့်နေတယ်လို့ အာဏာပိုင်တွေကကြေညာပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနက စောင့်ကြည့် အရေးယူနေတယ်ဆိုပေမဲ့ Wattpad လို အက်ပလီကေးရှင်းမှာတော့ BL ၊ GL စာအုပ်တွေကို ဆက်ပြီးဖတ်ရှုနိုင်သေးတယ်လို့ စာဖတ်သူတွေက ပြောပါတယ်။
မြန်မာ့အယူအဆနဲ့ တစ်သက်နှစ်ဘဝ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရှေးရိုးစွဲ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာတော့ အခုဘဝ လိင်စိတ်ကွဲပြားခံယူသူတွေဟာ အတိတ်ဘဝတစ်ခုခုက ပြုခဲ့တဲ့ မကောင်းမှု အကုသိုလ်ကံရဲ့ အကျိုးဆက်ကြောင့်လို့ ယူဆယိုးစွပ်ကြလေ့ရှိပါတယ်။
တကယ်တော့ LGBTQ+ အသိုင်းအဝိုင်းက လူတွေဟာ သူတို့ရှင်သန်နေတဲ့ တစ်သက်တာမှာ မတူညီတဲ့ လူနေမှုဘဝနှစ်ခု နဲ့ ဖြတ်သန်းနေကြရတာပါ။
ဘီဘီစီက မေးမြန်းခဲ့တဲ့ လိင်စိတ်ခံယူမှုကွဲပြားသူအချို့ကတော့ "တန်ဆေး လွန်ဘေး" ဖြစ်စေနိုင်တဲ့ ညစ်ညမ်းစာပေတွေအပေါ် အရေးယူပိတ်ပင်တာကို လက်ခံတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အာဏာပိုင်တွေအနေနဲ့ လိင်စိတ်ခံယူမှုနဲ့ ဖြစ်တည်မှုကို ညစ်ညမ်းစာပေနဲ့ ပုံမှားရိုက်ပြောဆိုတာ၊ LGBTQ+ အသိုင်းအဝိုင်းတစ်ခုလုံးကို အရှက်ရစေတဲ့ ပုံစံနဲ့ ဖော်ပြတာတွေကိုတော့ လက်မခံနိုင်ဘူးလို့ဆိုပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာတော့ BL (Boys' Love) နဲ့ GL (Girls' Love) စာအုပ်တွေဟာ ''မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘဲ" လူငယ်တွေရဲ့ အတွေးအခေါ်၊ မျှော်မြင်မှုနဲ့ ခံစားချက်တွေကို လွဲမှားစေနိုင်တယ်လို့ ဖော်ပြထားပါတယ်။
"မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးဆိုတဲ့ အသုံးအနှုန်းက အစ်မအတွက် sensitive ဖြစ်တယ်။ ဘာလို့ဆိုရင် ၂၀၂၆ ခုနှစ်မှာ နိုင်ငံတော်တော်များများက LGBT နဲ့ ပတ်သက်ပြီး လက်ခံကြတယ်။ လက်မခံတဲ့နိုင်ငံတွေမှာတောင် လွတ်လပ်ခွင့်ပေးထားတယ်။ တချို့နိုင်ငံတွေဆို တရားဝင်လက်ထပ်ခွင့်တွေအထိ လုပ်လာကြတဲ့အချိန်မှာ အစ်မတို့က အဲဒါမျိုးတွေ တစ်ခုမှမရှိတဲ့အပြင် တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာတယ်" လို့ အမျိုးသားလိင်စိတ်တိမ်းညွတ်နေသူ(အရပ်အခေါ် ယောက်ျားလျာ) တစ်ဦးကပြောပါတယ်။
အခုလို BL နဲ့ GL စာအုပ်တွေကို ပိတ်ပင်ကန့်သတ်တာဟာ အစိုးရက လိင်စိတ်ခံယူမှုကွဲပြားသူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ပိုပြီးလုပ်ဆောင်လာနေပြီဆိုတဲ့ ပြယုဂ်တစ်ခုလို့ သူက ဆိုပါတယ်။
နာမည်ကြီး မင်းသား၊ မင်းသမီးတွေကို မိတ်ကပ်ပြင်ဆင်ပေးနေတဲ့ အမည်မဖော်လိုတဲ့နာမည်ကြီး မိတ်ကပ်ပညာရှင်တစ်ဦးကလည်း လိင်တူချစ်ခြင်းကို ဖော်ပြတဲ့ အနုပညာလက်ရာတွေအပေါ် ဆင်ဆာကန့်သတ်မှုတွေ ရှိနေတာကို လက်မခံဘူးလို့ ဆိုပါတယ်။
"အခုက ဇာတ်ကားတွေမှာ အခြောက်နဲ့ ယောကျ်ားကြိုက်တာကို ဆင်ဆာကလည်း ခွင့်မပြုဘူးဖြစ်နေတယ်။ နည်းနည်းလေး ချစ်ပြ၊ ကြိုက်ပြတာကို ရေးလို့လည်းမရ၊ ရိုက်လို့လည်းမရဘူးဆိုရင်တော့ ပြောစရာစကားကို မရှိတော့ပါဘူး။ ဒီလိုမျိုး စာအုပ်ထုတ်လိုက်လို့လည်း ယဉ်ကျေးမှုက ပျက်သွားမှာမဟုတ်ပါဘူး" လို့ သူက ပြောပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာနေထိုင်တဲ့ အမျိုးသမီးလိင်စိတ်ခံယူထားတဲ့လူငယ်တစ်ဦးကလည်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်က ဖိုဝါဒကြီးစိုးမှုလို့ သူ့အမြင်ကိုပြောပါတယ်။
"ဖိုဝါဒ ကြီးစိုးတဲ့ သူတွေကပဲ ဆုံးဖြတ်၊ ဖိုဝါဒကြီးစိုးတဲ့သူတွေကပဲ ဦးဆောင်နေတဲ့ အခါကြတော့ အမျိုးသမီးတွေကို ဦးစားပေးမှု၊ လူနည်းစု LGBT တွေကို ဦးစားပေးမှုတွေက ပျောက် ပျောက်လာတယ်" လို့ သူကဆိုပါတယ်။
အိမ်နီးချင်းနိုင်ငံတွေက LGBTQ+ စာပေ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
မြန်မာ့အိမ်နီးချင်းနိုင်ငံတွေမှာ LGBTQ+ အကြောင်းအရာပါတဲ့ စာပေတွေအပေါ် ချဥ်းကပ်ပုံက မတူညီကြပါဘူး။
ထိုင်းနိုင်ငံမှာ BL နဲ့ GL ဝတ္ထုတွေဟာ အွန်လိုင်းစာပေကနေ ပုံနှိပ်စာအုပ်၊ ရုပ်သံဇာတ်လမ်းတွဲနဲ့ နိုင်ငံတကာဖျော်ဖြေရေးဈေးကွက်အထိ ရောက်ရှိလာပြီး ဝင်ငွေအားကောင်းတဲ့ ဖျော်ဖြေရေးလုပ်ငန်းအဖြစ် ဖွံ့ဖြိုးလာသလို အစိုးရကခွင့်ပြုထားပါတယ်။
အိန္ဒိယမှာလည်း လိင်တူချစ်ခြင်းနဲ့ queer (LGBTQ+ ဆိုင်ရာစာပေ) စာပေသမိုင်းရှည်ရှိပြီး ခေတ်သစ် ထုတ်ဝေရေးလောကမှာ LGBTQ+ စာရေးသူတွေရဲ့ ဝတ္ထု၊ ကိုယ်ရေးမှတ်တမ်းနဲ့ ကဗျာတွေကို ထုတ်ဝေမှု ပိုမိုမြင်သာလာပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာတော့ queer စာရေးသူတွေရဲ့ စာပေဖန်တီးမှုတွေ ရှိနေဆဲဖြစ်ပေမဲ့ လူမှုရေးဖိအားတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ရေးသားရတဲ့ အခြေအနေတွေ ရှိနေပါတယ်။
တရုတ်နိုင်ငံမှာတော့ အမျိုးသားနှစ်ဦးကြား အချစ်ဇာတ်လမ်းတွေကို အဓိကထားတဲ့ danmei စာပေဟာ အွန်လိုင်းမှာ ကြီးမားတဲ့ စာပေလှိုင်းတစ်ခု ဖြစ်လာခဲ့ပေမဲ့ အာဏာပိုင်တွေရဲ့ ဆင်ဆာထိန်းချုပ်မှုကြောင့် စာရေးသူတွေနဲ့ အွန်လိုင်းပလက်ဖောင်းတွေဟာ အကြောင်းအရာတွေကို ကန့်သတ်တာ၊ ဖယ်ရှားတာနဲ့ ကိုယ်တိုင် ဆင်ဆာလုပ်ရတာတွေ ရှိလာခဲ့ပါတယ်။
ဒါကြောင့် ဒေသတွင်းအခြေအနေတွေကို ကြည့်ရင် LGBTQ+ စာပေကို လက်ခံပုံနဲ့ ထိန်းချုပ်ပုံက နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီကြပါဘူး။
တချို့နိုင်ငံတွေမှာ ဒီလိုစာပေတွေဟာ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အစိတ်အပိုင်းတစ်ခုအဖြစ် ပိုမိုမြင်သာလာနေချိန်မှာ တချို့နိုင်ငံတွေမှာတော့ ဆင်ဆာထိန်းချုပ်မှုနဲ့ လူမှုရေးဖိအားတွေကြားမှာ ဆက်လက်ဖန်တီးနေကြပါတယ်။
















