ကင်ဂျုံအွန်းက သူ့မိခင်အကြောင်းကို ဘာကြောင့် မပြောတာလဲ

- ရေးသားသူ, ဆန်းမီဟန်
- ရာထူးတာဝန်, ဘီဘီစီကိုရီးယား
- ရေးသားပေးပို့သည့်နေရာ, ဆိုးလ်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၉
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ပတ်သက်တဲ့လျှို့ဝှက်ချက်တွေ များစွာရှိတဲ့အထဲမှာ သူ့မိခင်အကြောင်းကို ဖုံးကွယ်ထားမှုက အထူးစိတ်ဝင်စားစရာ ဖြစ်ပါတယ်။ သူ အာဏာရလာတဲ့ ၁၅ နှစ်တာအတွင်း ကင်ဂျုံအွန်းဟာ သူ့မိခင်ရဲ့အမည်ကို လူသိရှင်ကြား တစ်ကြိမ်တစ်ခါမျှ ထုတ်ဖော်ပြောဆိုခဲ့တာ မရှိပါဘူး။
မြောက်ကိုရီးယားရဲ့ မျိုးရိုးဆက်ခံ အာဏာရှင်စနစ်ဟာ "ပက်တူတောင် မျိုးရိုး" (Mount Paektu lineage) လို့ခေါ်တဲ့အယူအဆပေါ် အခြေခံထားတာ ဖြစ်ပါတယ်။
ပက်တူတောင်ဟာ ကိုရီးယားကျွန်းဆွယ်ရဲ့အမြင့်ဆုံးတောင်ဖြစ်ပြီး ဒဏ္ဍာရီထဲမှာ ကိုရီးယားလူမျိုးတွေ ပေါ်ပေါက်လာရာ မွေးရပ်မြေအဖြစ် သတ်မှတ်ထားတဲ့နေရာပါ။ နိုင်ငံတည်ထောင်သူ ကင်အီဆွန်းရဲ့ ဂျပန်ကိုလိုနီအုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ပြောက်ကျားတော်လှန်ရေး လှုပ်ရှားမှုတွေ စတင်ဆင်နွှဲခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။
ကင်ဂျုံအွန်းရဲ့အဘိုးနဲ့ အဖေတွေရဲ့မိခင်တွေဟာ ကြီးမြတ်တဲ့နေရာတွေ ရခဲ့ကြပါတယ်။ နိုင်ငံတည်ထောင်သူ ကင်အီဆွန်းရဲ့မိခင် ကန်ပန်ဆော့နဲ့ ကင်ဂျုံအီရဲ့ မိခင် ကင်ဂျုံဆုခ်တို့ဟာ "ကိုရီးယားရဲ့ မိခင်များ" အဖြစ် ဂုဏ်ပြုချီးမြှောက်ခံခဲ့ရပေမယ့် ကိုယုံဟွီကတော့ လူသိနည်းတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ်သာ ရှိနေပြီး သူ့နာမည်ကို ဂုဏ်ပြုပြီး အမည်ပေးထားတဲ့နေရာ ဒါမှမဟုတ် အဆောက်အဦလည်း မရှိပါဘူး။
ကိုယုံဟွီနဲ့ပတ်သက်ပြီး အစိုးရဘက်က နှုတ်ဆိတ်နေတဲ့သဘောထားဟာ သူ့ရဲ့လူမှုရေးနောက်ခံကို အစွန်းအထင်းရှိတယ်လို့ ရှုမြင်ခံရတာနဲ့ ကင်ဂျုံအီရဲ့တရားဝင်ဇနီးမဟုတ်ဘဲ အတူနေအမျိုးသမီးတစ်ဦး ဖြစ်ခဲ့တာတို့နဲ့ ဆက်နွှယ်နေနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။
ဒီအချက်တွေဟာ မြောက်ကိုရီးယားအစိုးရ တည်ဆောက်ထားတဲ့ အုပ်ချုပ်ရေးဆိုင်ရာ တရားဝင်မှုနဲ့ အာဏာဆက်ခံမှုဇာတ်ကြောင်းကို ထိခိုက်စေနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Cheong Seong-chang
အတ္ထုပ္ပတ္တိရေးသားသူတွေ စုဆောင်းထားတဲ့အချက်အလက်တွေအရ ကိုယုံဟွီဟာ ၁၉၅၂ ခုနှစ်မှာ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ မွေးဖွားခဲ့ပြီး သူ့ရဲ့မိဘတွေကတော့ ဒီကနေ့ခေတ် တောင်ကိုရီးယားနိုင်ငံထဲက ဂျေဂျူကျွန်းဇာတိတွေ ဖြစ်ကြပါတယ်။ မြောက်ကိုရီးယားရဲ့အမြင်အရတော့ အဲဒီဒေသဟာ ရန်သူ့နယ်မြေထဲမှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ နေထိုင်ခဲ့သူတွေဖြစ်တာကြောင့် ကိုယုံဟွီရဲ့မိသားစုဟာ "ဇိုင်နီချီ ကိုရီးယားလူမျိုးများ" (Zainichi Koreans) လို့ ခေါ်တဲ့အုပ်စုထဲမှာ ပါဝင်ပါတယ်။ အဲဒီအုပ်စုဟာ ၁၉၁၀ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ဂျပန်က ကိုရီးယားကျွန်းဆွယ်ကို ကိုလိုနီပြုအုပ်ချုပ်မှုကာလအတွင်း ဂျပန်နိုင်ငံကို ရောက်ရှိအခြေချခဲ့ကြတဲ့ကိုရီးယားနွယ်ဖွားတွေ ဖြစ်ကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နောက်ပိုင်း ဂျပန်ကနေ မြောက်ကိုရီးယားကို ပြန်လာအခြေချသူတွေဟာ အရင်းရှင်စနစ်ကျင့်သုံးတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဂျပန်ကနေ ငွေကြေး၊ အဝတ်အထည်နဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ ယူဆောင်လာနိုင်ကြတာကြောင့် အစပိုင်းမှာတော့ အများရဲ့အားကျမှုနဲ့အတူ မနာလိုမှုတွေကိုလည်း ခံခဲ့ကြရပါတယ်။
ဒါပေမဲ့ သူတို့ကို "ဂျယ်ပို" (jjaepo) လို့လည်း ခေါ်ကြပြီး အဲဒီစကားလုံးက နိုင်ငံခြားသြဇာလွှမ်းမိုးမှု ခံထားရသူတွေဆိုတဲ့အဓိပ္ပာယ်ဆောင်တဲ့နှိမ့်ချခေါ်ဝေါ်မှုတစ်ခု ဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ "ဆွန်းဘန်း" (songbun) လို့ ခေါ်တဲ့ တင်းကျပ်တဲ့ လူမှုအဆင့်အတန်း သတ်မှတ်စနစ်အရ ဇိုင်နီချီ ကိုရီးယားလူမျိုးတွေကို အစိုးရအပေါ် သစ္စာအရှိဆုံး "အမာခံလူတန်းစား" (core class) နဲ့ "ရန်ဘက်လူတန်းသား" (hostile class) ကြားက "လေယူရာယိမ်းလူတန်းစား" (wavering class)အဖြစ် သတ်မှတ်ထားပါတယ်။
ဒါကြောင့် သူတို့ဟာ အစိုးရရဲ့စောင့်ကြည့်ထိန်းချုပ်မှုကို အနီးကပ် ခံရလေ့ရှိပြီး၊ နာမည်ကြီးတက္ကသိုလ်တွေ တက်ရောက်ခွင့် ဒါမှမဟုတ် အလားအလာကောင်းတဲ့အလုပ်အကိုင်တွေ ရရှိဖို့ အခက်အခဲတွေ ကြုံရလေ့ရှိတယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။
မြောက်ကိုရီးယားဟာ အဆင့်အတန်းခွဲခြားသတ်မှတ်ချက် ပြင်းထန်တဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ လေ့လာသုံးသပ်သူတချို့ကတော့ အဲဒီစနစ်က အိန္ဒိယရဲ့ ဇာတ်နိမ့်၊ ဇာတ်မြင့်စနစ်နဲ့ ဆင်တူတယ်လို့ ရှုမြင်ကြပါတယ်။
ဒါ့အပြင် မိသားစုဝင်တစ်ဦးရဲ့လုပ်ရပ်အတွက် ကျန်မိသားစုဝင်တွေပါ အပြစ်ပေးခံရနိုင်တဲ့ "ဆက်စပ်မှုကြောင့် အပြစ်ရှိသည်ဟု သတ်မှတ်ခံရတဲ့စနစ်" (guilt by association) လည်း ဖြစ်တယ်လို့ ဒေါင်ယန်းတက္ကသိုလ်က ဒေါက်တာ ဂျောင်ယောင်းထယ်က ပြောပါတယ်။
စင်ဒရဲလားပုံပြင်ဆန်တဲ့ဘဝနဲ့ ကိုယုံဟွီ

ဓာတ်ပုံ ရင်းမြစ်, Yoji Gomi
ကိုယုံဟွီ အသက် ၁၀ နှစ်ဝန်းကျင်အရွယ်မှာ သူတို့ မိသားစု ဂျပန်ကနေ မြောက်ကိုရီးယားကို ပြောင်းရွှေ့အခြေချခဲ့ပါတယ်။ သူ့ရဲ့မိသားစုဟာ ၁၉၅၉ ခုနှစ်ကနေ ၁၉၈၄ ခုနှစ်အတွင်း "ကမ္ဘာမြေပေါ်က နတ်ဘုံနန်း(Paradise on Earth)အစီအစဥ်အောက်မှာ ဂျပန်ကနေ မြောက်ကိုရီးယားကို ပြန်လည်ပြောင်းရွှေ့ခဲ့ကြတဲ့ ကိုရီးယားနွယ်ဖွား ၉၃,၀၀၀ လောက်ထဲက တစ်စုဖြစ်ပါတယ်။
အဲဒီအစီအစဉ်မှာ ပြန်လာသူတွေကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိမယ့် သာယာဝပြောတဲ့ ဘဝတစ်ခုကို ပေးမယ်လို့ မြောက်ကိုရီးယားအစိုးရက ကတိပြုခဲ့ပါတယ်။
ဒါပေမဲ့ ကိုယုံဟွီကတော့ အဲဒီအချိန်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီရဲ့ သတိထားမိမှုကို ရရှိခဲ့ပြီးနောက် ဇိုင်နီချီ ကိုရီးယားလူမျိုးအများစု ကြုံတွေ့ခဲ့ရတဲ့ ဆင်းရဲခက်ခဲမှုနဲ့ ချို့တဲ့မှုတွေကနေ လွတ်မြောက်ခဲ့တယ်လို့ ဆိုကြပါတယ်။
ကင်ဂျုံအီဟာ သူ့ရဲ့ဇနီး သို့မဟုတ် လက်တွဲဖော်ကို လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့တာ မရှိပေမယ့် ထောက်လှမ်းရေးအချက်အလက်တွေအရ အဲဒီအချိန်က သူဟာ ဖခင်ဖြစ်သူရဲ့ စီစဉ်ပေးမှုနဲ့ အဆင့်မြင့် စစ်ဘက်အရာရှိတစ်ဦးရဲ့သမီးဖြစ်တဲ့ ကင်ယွန်ဆုခ်နဲ့ လက်ထပ်ထားပြီးသား ဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ ထိပ်တန်းအနုပညာအဖွဲ့တစ်ခုဖြစ်တဲ့ မန်ဆူဒေး အနုပညာအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုယုံဟွီဟာ သူ့ရဲ့ "သဘာဝအလှအပနဲ့ အကစွမ်းရည်" ကြောင့် ကင်ဂျုံအီရဲ့အာရုံစိုက်မှုကို ရရှိခဲ့တာဖြစ်တယ်လို့ ၂၀၂၅ ခုနှစ်မှာ ကိုယုံဟွီအကြောင်း စာအုပ်ထုတ်ဝေခဲ့တဲ့ ဂျပန်သတင်းထောက် ယိုဂျီ ဂိုမီက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Cheong Seong-chang
သူဟာ မြောက်ကိုရီးယားရဲ့ အမြင့်ဆုံးခေါင်းဆောင် ကင်ဂျုံအီနဲ့ တရားဝင် လက်ထပ်ထိမ်းမြားခဲ့တာ မဟုတ်သလို သူတို့ရဲ့ ဆက်ဆံရေးကိုလည်း အစိုးရက တရားဝင် အသိအမှတ်ပြုခဲ့တာ မရှိပေမဲ့ ကိုယုံဟွီဟာ "စင်ဒရဲလားပုံပြင်ဆန်တဲ့ ဘဝ" လို့ တင်စားခေါ်ဝေါ်တဲ့ ဘဝမျိုးကို ရရှိခဲ့တယ်လို့ စာရေးဆရာ ဂိုမီက ပြောပါတယ်။
အဲဒီအချိန်မှာ ကင်ဂျုံအီဟာ အဆင့်မြင့်စစ်ဘက်အရာရှိတစ်ဦးရဲ့ သမီးဖြစ်တဲ့ ကင်ယွန်ဆုခ်နဲ့ လက်ထပ်ထားပြီးသား ဖြစ်ပါတယ်။ အဲဒီအိမ်ထောင်ရေးကိုတော့ ဖခင်ဖြစ်သူ ကင်အီဆွန်းက စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။
သတင်းတွေအရတော့ ကင်ဂျုံအီဟာ ကိုယုံဟွီကို အလွန်ချစ်မြတ်နိုးခဲ့ပြီး ကိုယုံဟွီကလည်း နောက်ပိုင်းမှာ နိုင်ငံရေးကိစ္စတွေကို စိတ်ဝင်စားလာခဲ့တယ်လို့ ဆိုကြပါတယ်။
ဒါပေမဲ့ ကင်ဂျုံအီရဲ့တရားဝင်ဇနီးက မြို့တော်ပြုံယမ်းမှာ နေထိုင်နေချိန်မှာတော့ ကိုယုံဟွီနဲ့ သူတို့ရဲ့ ကလေးသုံးဦးဟာ ပြုံယမ်းမြို့ကနေ မိုင် ၁၃၀ လောက်ကွာဝေးတဲ့ အရှေ့ဘက်ကမ်းရိုးတန်းက ဝန်ဆန်မြို့မှာ နေထိုင်ခဲ့ကြပါတယ်။
"ကင်ဂျုံအွန်းဟာ တရားဝင်ဇနီးက မွေးဖွားတဲ့ သား မဟုတ်ပါဘူး။ အနှစ်သာရအားဖြင့်တော့ သူဟာ ကိုယုံဟွီနဲ့ အိမ်ထောင်ပြင်ပက မွေးဖွားလာတဲ့သားဖြစ်ပါတယ်" လို့ မြောက်ကိုရီးယားလေ့လာရေးအသင်းက ကင်ဟျောင်ဆုက ပြောပါတယ်။
"အုပ်ချုပ်သူတွေဟာ 'ပက်တူတောင် မျိုးရိုး' က ဆင်းသက်လာတဲ့ မြင့်မြတ်တဲ့သွေးဆက်အဖြစ် သတ်မှတ်ထားတာကြောင့် ခေါင်းဆောင်ဟာ 'ဂျယ်ပို' တစ်ဦးရဲ့ သားဖြစ်တယ်ဆိုတဲ့ အယူအဆကို လက်ခံဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ" လို့ သူက ဆိုပါတယ်။
မြောက်ကိုရီးယားမှာ အိမ်ထောင်ပြင်ပက မွေးဖွားလာတဲ့ ကလေးတွေဟာ ပြင်းထန်တဲ့ လူမှုရေးအမည်းစက်ကို ရင်ဆိုင်ရလေ့ရှိပါတယ်။ နိုင်ငံရေးစနစ်အရ ကွန်မြူနစ်နိုင်ငံဖြစ်ပေမယ့် လူ့အဖွဲ့အစည်းအတွင်းမှာ ကွန်ဖြူးရှပ်အယူအဆတွေရဲ့ လွှမ်းမိုးမှု အားကောင်းနေဆဲ ဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။
မိဘအပေါ် ရိုသေလေးစားမှုနဲ့ အာဏာပိုင်အပေါ် သစ္စာစောင့်သိမှုလို အယူအဆတွေကိုလည်း ပြည်သူတွေကို ဝါဒသွင်းရာမှာ အသုံးပြုခဲ့တယ်လို့ သုံးသပ်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Cheong Seong-chang
ဂျပန်သတင်းသမား ဂိုမီကတော့ ကင်ဂျုံအွန်းဟာ မြို့တော်ပြုံယမ်းနဲ့ ဝေးကွာတဲ့နေရာမှာ ကြီးပြင်းလာရတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကိုလည်း ထောက်ပြပါတယ်။
အဲဒီအချိန်က ဝန်ဆန်မြို့နဲ့ ဂျပန်နိုင်ငံကြား ကူးတို့သင်္ဘော ပြေးဆွဲနေခဲ့တာကြောင့် ကိုယုံဟွီအနေနဲ့ အဲဒီသင်္ဘောနဲ့ ရောက်လာသူတွေနဲ့ တွေ့ဆုံဖို့နဲ့ ဂျပန်ထုတ်ပစ္စည်းတွေရယူဖို့ ပိုမိုလွယ်ကူခဲ့တယ်လို့ သူက ဆိုပါတယ်။
"ကိုယုံဟွီဟာ ဂျပန်မှာရှိခဲ့တဲ့ သူ့ဘဝကို သိပ်လွမ်းဆွတ်ခဲ့ပြီး သူ့ကလေးတွေကိုလည်း ဂျပန်ဘာသာစကား သင်ပေးခဲ့တယ်" လို့ ဂိုမီက ပြောပါတယ်။
၁၉၈၈ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ ကင်ဂျုံအီအတွက် ဆူရှီချက်ပြုတ်ပေးခဲ့တဲ့ ဂျပန်စားဖိုမှူး ကန်ဂျီ ဖူဂျီမိုတိုကတော့ သူရေးသားထားတဲ့ စာအုပ်မှာ ကင်ဂျုံအွန်းဟာ "ဂျပန်သီချင်းတွေကို ကောင်းကောင်း သီဆိုတတ်သူ" ဖြစ်ပြီး "ဂျပန်ရဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ စီးပွားရေးကို အားကျခဲ့သူ" လို့ ဖော်ပြထားပါတယ်။
ဂျပန်မီဒီယာတွေကလည်း အဲဒီအချိန်က တာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ကင်ဂျုံအွန်းဟာ သူ့အစ်ကိုနဲ့အတူ ဂျပန်နိုင်ငံက တိုကျိုဒစ္စနေလန်းကို သွားရောက်လည်ပတ်ခဲ့ဖူးတယ်လို့ ဖော်ပြခဲ့ကြပါတယ်။
ဂိုမီရဲ့အဆိုအရတော့ ကိုယုံဟွီဟာလည်း သူ့ရဲ့အတွင်းရေးမှူးနဲ့အတူ ဂျပန်နိုင်ငံကို သီးခြားသွားရောက်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။
အာဏာဆက်ခံမှု
"ကိုယုံဟွီကို ကင်အီဆွန်းက မိသားစုဝင်ချွေးမတစ်ဦးအဖြစ် ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ပါဘူး" လို့ မြောက်ကိုရီးယားကနေ ထွက်ပြေးလာတဲ့ သံတမန်ဟောင်း ရူဟျွန်ဝူးက သူရေးသားတဲ့ Kim Jong Un's Secret Vault စာအုပ်မှာ ရေးသားထားပါတယ်။
ကိုယုံဟွီသာ ကင်အီဆွန်းရဲ့ သဘောတူလက်ခံမှုကို ရရှိခဲ့မယ်ဆိုရင် ကင်အီဆွန်းနဲ့ မြေးဖြစ်သူ ကင်ဂျုံအွန်းတို့ အတူရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို နိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့ပြီး ဖြစ်နိုင်တယ်လို့ ဆေဂျုံးအင်စတီကျုက ဒေါက်တာ ချောင်ဆောင်ချန်းက ဆိုပါတယ်။
ဒါပေမဲ့ အဲဒီလိုတရားဝင်အသိအမှတ်ပြုမှု မရခဲ့ပေမယ့် ကိုယုံဟွီဟာ ကင်ဂျုံအီရဲ့ယုံကြည်မှုကို ရရှိခဲ့ပြီး နိုင်ငံရဲ့ "တရားဝင်သတ်မှတ်မထားတဲ့ အကြီးအကဲဇနီး" အဖြစ် နေရာတစ်ခုရခဲ့တယ်လို့ ဆိုကြပါတယ်။ သူဟာ ခင်ပွန်းဖြစ်သူနဲ့အတူ စစ်တပ်စစ်ဆေးရေးခရီးစဉ်တွေမှာ လိုက်ပါခဲ့ပြီး သူ့ရဲ့ အနီးကပ်အဖွဲ့ဝင်တွေကြားမှာလည်း ရင်းနှီးမှု ရရှိခဲ့ပါတယ်။
စားဖိုမှူး ဖူဂျီမိုတိုရဲ့ရေးသားချက်အရ ကင်ဂျုံအီဟာ မူဝါဒဆုံးဖြတ်ချက်တွေ မချခင်မှာ ကိုယုံဟွီရဲ့အမြင်ကို မေးမြန်းလေ့ရှိတယ်လို့ ဆိုပါတယ်။
၂၀၁၁ ခုနှစ်မှာ ကင်ဂျုံအီ ကွယ်လွန်ပြီးနောက် ထုတ်လုပ်ခဲ့တဲ့ တရားဝင်မှတ်တမ်းရုပ်ရှင်တစ်ခုမှာတော့ ကိုယုံဟွီဟာ ကင်ဂျုံအီနဲ့အတူ နိုင်ငံတွင်းခရီးစဉ်တွေမှာ လိုက်ပါနေတဲ့ ရုပ်သံဖိုင်တွေကို ပြသခဲ့ပေမယ့် သူ့ရဲ့ အမည်နဲ့ "songbun" လူမှုအဆင့်အတန်းကိုတော့ ဖော်ပြခဲ့တာမျိုး မရှိပါဘူး။
အဲဒီမှတ်တမ်းရုပ်ရှင်ကိုတော့ လူထုအတွက် တရားဝင် ထုတ်လွှင့်ပြသခဲ့ခြင်း မရှိဘဲ ၂၀၁၂ ခုနှစ် ဇွန်လမှာ ပါတီအဆင့်မြင့်အရာရှိတွေကိုသာ ပြသခဲ့တယ်လို့ ဒေါက်တာချောင်က ဆိုပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီရုပ်ရှင်ဖိုင်ဟာ ခိုးယူထုတ်ယူလာတဲ့ USB တွေကတဆင့် သာမန်ပြည်သူတွေကြားထဲမှာ ပျံ့နှံ့သွားခဲ့ပါတယ်။
"အဲဒီလို ပျံ့နှံ့လာတဲ့အခါ ကိုယုံဟွီအပေါ် လူတွေရဲ့ စိတ်ဝင်စားမှုက အများကြီးမြင့်တက်လာခဲ့တာကြောင့် အစိုးရဘက်က အဲဒီမှတ်တမ်းရုပ်ရှင်ကို အလျင်အမြန် ပြန်လည်သိမ်းဆည်းခဲ့တယ်" လို့ သူက ဆိုပါတယ်။
ကိုယုံဟွီရဲ့ နောက်ခံအချက်အလက်တွေဟာ အုပ်ချုပ်ရေးစနစ်ရဲ့ တရားဝင်မှုကို စိန်ခေါ်နိုင်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်လို့လည်း ဒေါက်တာ ချောင်က ထပ်လောင်းပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ တရားဝင်လက်မထပ်ထားတဲ့ အတူနေအမျိုးသမီးရဲ့ ဒုတိယသားဖြစ်တဲ့ ကင်ဂျုံအွန်းဟာ ဘယ်လိုနည်းနဲ့ အာဏာဆက်ခံသူအဖြစ် ရောက်လာခဲ့သလဲဆိုတဲ့ မေးခွန်းက ပိုပြီး စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။
အတ္ထုပ္ပတ္တိရေးသားသူအများအပြားကတော့ ကိုယုံဟွီဟာ သူ့သား ကင်ဂျုံအွန်း အာဏာဆက်ခံရနိုင်ရေးအတွက် အစောပိုင်းကတည်းက စီမံပြင်ဆင်ပေးခဲ့တယ်လို့ ယုံကြည်ကြပါတယ်။
ကိုယုံဟွီရဲ့ ညီမက သူ့ကို "ကင်ဂျုံအွန်းကို နိုင်ငံခေါင်းဆောင်ဖြစ်လာအောင် လုပ်ရမယ်၊ မဟုတ်ရင် သူတို့မိသားစုအတွက် အန္တရာယ်ရှိနိုင်တယ်" လို့ ပြောကြားခဲ့တယ်လို့ အမျိုးသမီးဝါရင့်သတင်းထောက် အန်နာဖိုင်ဖီးလ်ဒ်က သူ့ရဲ့ စာအုပ် The Great Successor: The Secret Rise and Rule of Kim Jong Un မှာ ရေးခဲ့ပါတယ်။
ကင်ဂျုံအီရဲ့အကြီးဆုံးသား ကင်ဂျုံနမ်ဟာ မြောက်ကိုရီးယားရဲ့ မျိုးရိုးဆက်ခံအာဏာစနစ်ကို မေးခွန်းထုတ်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေးကို ထောက်ခံခဲ့တာကြောင့် အစောပိုင်းကတည်းက မိသားစုအတွင်း မပြေမလည်ဖြစ်သွားခဲ့တယ်လို့ ဂျပန်သတင်းထောက် ဂိုဂျီက ပြောပါတယ်။ ဂိုဂျီဟာ ကင်ဂျုံနမ်နဲ့ နှစ်ပေါင်းများစွာ အီးမေးလ်နဲ့ ဆက်သွယ်ခဲ့သူလည်း ဖြစ်ပါတယ်။
ကင်ဂျုံနမ်ရဲ့ နိုင်ငံရေးအမြင်တွေဟာ နိုင်ငံခြားမှာ ဆယ်စုနှစ်တစ်ခုနီးပါး ပညာသင်ယူခဲ့ရခြင်းရဲ့ အကျိုးဆက် ဖြစ်နိုင်တယ်လို့လည်း ဆိုကြပါတယ်။ သူဟာ ပြင်သစ်နဲ့ အင်္ဂလိပ်ဘာသာစကားတွေကိုလည်း ကျွမ်းကျင်စွာ ပြောဆိုနိုင်သူ ဖြစ်ပါတယ်။
ဒါ့အပြင် သူဟာ ကာစီနိုတွေကို မကြာခဏ သွားရောက်လည်ပတ်တာ၊ ဇိမ်ခံခရီးသွားလေ့ရှိတာတွေကြောင့် "ပျော်ပွဲစားဘဝ နေထိုင်သူ" အဖြစ်လည်း နာမည်ထွက်ခဲ့တယ်လို့ ဆိုပါတယ်။
ကင်ဂျုံနမ် မြောက်ကိုရီးယားကို ပြန်လည်ရောက်ရှိလာပြီးနောက်မှာလည်း ကိုယုံဟွီက သူ့ကလေးတွေကို အာဏာဆက်ခံရရေးအတွက် ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေက ဆက်လက်ထွက်ပေါ်နေခဲ့ပါတယ်။
ဒါပေမဲ့ သူ့ရဲ့အကြီးဆုံးသား ကင်ဂျုံချူလ်ကိုတော့ ဘိန်းစွဲပြီး အိပ်ရာထဲလဲနေသူ ဖြစ်လို့ အာဏာဆက်ခံသူစာရင်းကနေ ပယ်ဖျက်ခံခဲ့ရတယ်လို့ သံတမန်ဟောင်း ရူ ရေးသားထားတဲ့ စာအုပ်မှာ ဖော်ပြထားပါတယ်။ ကင်ဂျုံချူလ်ဟာ တစ်ခါက မနက်မိုးလင်းစမှာ သူ့တံခါးကို လာခေါက်ပြီး ဘိန်းပေးဖို့တောင်းဆိုခဲ့ဖူးတယ်လို့ ဆိုပါတယ်။
လေ့လာသုံးသပ်သူတွေကတော့ ကင်ဂျုံအွန်းဟာ သူ့ဖခင်ရဲ့ အနှစ်သက်ဆုံးသားဖြစ်လာခဲ့တာဟာ ခေါင်းဆောင်အရည်အချင်းနဲ့ ယှဉ်ပြိုင်လိုစိတ်ပြင်းထန်မှုတွေကြောင့် ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
ကိုယုံဟွီရဲ့ ညီမနဲ့ ညီမရဲ့ ခင်ပွန်းတို့ဟာ ကင်ဂျုံအွန်းနဲ့ သူ့အစ်ကိုတို့ ဆွစ်ဇာလန်မှာ ပညာသင်နေချိန်က သူတို့ကို စောင့်ရှောက်ရတဲ့ တာဝန်ကို ထမ်းဆောင်ခဲ့ကြပါတယ်။
ဒါပေမဲ့ ကိုယုံဟွီမှာ ရင်သားကင်ဆာဖြစ်နေတာ စစ်ဆေးတွေ့ရှိပြီးချိန်မှာတော့ ၁၉၉၈ ခုနှစ်မှာအဲဒီဇနီးမောင်နှံဟာ အမေရိကန်နိုင်ငံကို ထွက်ပြေးသွားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က ဝါရှင်တန်ပို့စ် သတင်းစာနဲ့ အင်တာဗျူးမှာ သူတို့က "အုပ်ချုပ်သူတွေက သူတို့ကို သိပ်ကြာကြာ အသုံးမလိုတော့နိုင်ဘူး" လို့ စိုးရိမ်ခဲ့ကြတာကြောင့် ထွက်ခွာခဲ့ရတယ်လို့ ပြောကြားထားပါတယ်။
နောက်ပိုင်းမှာ ကင်ဂျုံအွန်းဟာ အာဏာဆက်ခံသူ ဖြစ်လာခဲ့ပေမယ့် သူတို့ရဲ့ စိုးရိမ်မှုတွေဟာ အကြောင်းမဲ့ မဟုတ်ခဲ့ကြောင်း အဖြစ်အပျက်တွေက ပြသခဲ့ပါတယ်။ သူ အာဏာရလာပြီးနောက်မှာတော့ သူ့ရဲ့ ဦးလေးတစ်ဦးကို ကွပ်မျက်ခဲ့သလို ကင်ဂျုံနမ်လည်း မလေးရှားနိုင်ငံမှာ လုပ်ကြံခံခဲ့ရပါတယ်။
သံသယတွေက တောမီးလို ပျံ့နှံ့

ဓာတ်ပုံ ရင်းမြစ်, Yoji Gomi
ကိုယုံဟွီဟာ ကင်ဂျုံအီထက်စောပြီး ကွယ်လွန်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့က ဆေးရုံတစ်ခုမှာ သေဆုံးခဲ့တဲ့ ကိုယုံဟွီအကြောင်းကို မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာတွေကလုံးဝ ဖော်ပြခဲ့ခြင်း မရှိပါဘူး။
ဒါ့အပြင် လေ့လာသူတွေကတော့ ကင်ဂျုံအွန်းရဲ့ အဲဒီ လျှို့ဝှက်မျိုးရိုးဇာတ်ကြောင်းကြောင့် သူ့ရဲ့ မွေးနေ့ကို အဘိုးဖြစ်သူနဲ့ ဖခင်ဖြစ်သူတို့လိုမျိုး နိုင်ငံတော်အထိမ်းအမှတ်နေ့အဖြစ် မသတ်မှတ်ထားရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
သူ့ရဲ့မွေးဖွားမှုကို အာရုံစိုက်လာကြမယ်ဆိုရင် မိခင်ဘက်အကြောင်းနဲ့ သူ ပြုံယမ်းမြို့ပြင်ပမှာ ကြီးပြင်းလာခဲ့ရတဲ့အကြောင်းတွေလို ခက်ခဲတဲ့ မေးခွန်းတွေ ပေါ်ပေါက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
"အမှန်တရားကို ထုတ်ဖော်လိုက်ရင် သံသယတွေက တောမီးလို လျင်လျင်မြန်မြန်ကြီး ပျံ့နှံ့သွားစေနိုင်တယ်" လို့ သုတေသီ ကင်က ပြောပါတယ်။
အခုလက်ရှိမှာ ကင်ဂျုံအွန်းဟာ မြောက်ကိုရီးယားရဲ့ ထ်ပ်ဆုံးက အခုပ်ချုပ်သူဖြစ်နေပေမဲ့ သူ့ရဲ့ "songbun" အဆင့်အတန်းဟာ ဇိုင်နီချီကိုရီးယားလူမျိုးတွေနဲ့ ထွက်ပြေးလာသူတွေနဲ့ ဆက်နွှယ်မှုရှိတာကြောင့် အခြေခံအားဖြင့်တော့ လူမှုရေးအဆင့်အတန်းအရ နိမ့်ကျနိုင်တယ်လို့ သံတမန်ဟောင်း ရူက ရေးသားထားပါတယ်။
ကင်ဂျုံအွန်းရဲ့ မိခင်နောက်ခံအကြောင်းကို လျှို့ဝှက်ထားရမှုတွေဟာလည်း သူ့ရဲ့ အစောပိုင်းအာဏာရယူကာလမှာ ဇနီးဖြစ်သူ ရီဆောလ်ဂျူကို လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့ရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်နိုင်တယ်လို့ ဒေါက်တာ ချောင်က သုံးသပ်ပါတယ်။
ဒါ့အပြင် သူဟာ သူ့ရဲ့ ဆယ်ကျော်သက်သမီး ကင်ဂျူအေးကို သူ့ရဲ့ အရိုက်အရာအာဏာဆက်ခံသူအဖြစ် ပျိုးထောင်ပုံဖော်ပေးနေတာတွေ့ရတယ်လို့လည်း လေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။
အထင်ကရ အနုပညာဖျော်ဖြေရေးအဖွဲ့တစ်ခုက အဆိုတော်ဖြစ်ခဲ့တဲ့ ရီဆောလ်ဂျူဟာ ပြုံယမ်းမြို့က အလယ်အလတ်တန်းအထက် လူမှုအလွှာက မိသားစုကနေ ဆင်းသက်လာသူဖြစ်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ဆိုပါတယ်။ အချို့သတင်းတွေအရတော့ သူ့ရဲ့ ဖခင်ဟာ တက္ကသိုလ်ပါမောက္ခတစ်ဦး ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
သူ့ကို နိုင်ငံတော်က တရုတ်နိုင်ငံမှာ ဂန္တဝင်ဂီတသီဆိုတဲ့အတတ်ပညာသင်ယူဖို့ စေလွှတ်ခဲ့တာကလည်း သူ့ရဲ့ "အဆင့်အတန်း ကောင်းမွန်မှုကို ပြသတဲ့ အချက်" တစ်ခုအဖြစ် သတ်မှတ်ခံရပါတယ်။
ဒါဆိုရင် ကင်ဂျုံအွန်းက သူ့မိခင်ရဲ့ နောက်ခံဇာတ်ကြောင်းကို တစ်နေ့မှာ ထုတ်ဖော်ပြောဆိုမလားဆိုတဲ့ မေးခွန်းကတော့ ဆက်လက်ရှိနေပါတယ်။
ဒါဟာ မြောက်ကိုရီးယားရဲ့ ဝါဒဖြန့်ချိရေးစနစ်အတွက်တောင် လုပ်ဆောင်ဖို့ အလွန်ခက်ခဲတဲ့ တာဝန်တစ်ခု ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
(ဆောင်းပါးရဲ့ ထိပ်ဆုံးသရုပ်ဖော်ပုံကို အရှေ့အာရှ Visual Journalism က အန်ဒရို ဆိုင်နီက ပြုလုပ်ထားပြီး ဂရေ့စ်ချွိုင်းနဲ့ လိုင်နီဘဲရရွန်တို့က ထပ်ဆောင်းသတင်းရယူ ရေးသားထားပါတယ်။)











