ဇူလိုင် ၁၉ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - တအာင်းတပ်(TNLA)နဲ့ နေပြည်တော်ငြိမ်းချမ်းရေးအဖွဲ့တို့ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
တအာင်းတပ်လို့ သိကြတဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ရဲ့ ထိပ်ပိုင်းခေါင်းဆောင်အချို့နဲ့ နေပြည်တော်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ဖြစ်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (NSPNC) တို့ဟာ နေပြည်တော်မှာ ဇူလိုင် ၁၉ ရက် ဒီနေ့ကစပြီး တွေ့ဆုံဆွေးနွေးနေတယ်လို့ TNLA နဲ့ နေပြည်တော်ဘက် သတင်းရင်းမြစ်တွေက ဘီဘီစီကို အတည်ပြုပြောပါတယ်။
TNLA ဘက်က ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ် ငါးဦးပါအဖွဲ့ဟာ မနေ့ကတည်းက နေပြည်တော်ကို ရောက်ရှိနေပြီး ဒီနေ့မှာ ဆွေးနွေးပွဲ စတင်ခဲ့တာလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
NSPNC ဘက်ကတော့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်ပြီး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ ဦးခင်ဇော်ဦးနဲ့ ဦးစိုးနိုင်ဦးတို့ ပါဝင်ဆွေးနွေးနေတယ်လို့ သိရပါတယ်။
ဒီတွေ့ဆုံဆွေးနွေးမှုရှိတယ်ဆိုတာကို TNLA ပြောခွင့်ရ လွေးယေဦးကလည်း ဘီဘီစီကို အတည်ပြုပါတယ်။
"တွေ့ဆုံပွဲ ရှိတယ်ဆိုတာကို အတည်ပြုနိုင်ပါတယ်။ ဆွေးနွေးမယ့် အကြောင်းအရာတွေကိုတော့ တွေ့ဆုံပွဲ ကိုယ်စားလှယ်တွေ အားလုံး ပြန်ရောက်မှပဲ ကျွန်မတို့ သိနိုင်မှာဖြစ်ပါတယ်။ လောလောဆယ်တော့ ဒီလောက်ပဲ ဖြေကြားနိုင်ပါသေးတယ်" လို့ သူက ဘီဘီစီကို ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်တဲ့ ဆွေးနွေးပွဲအကြောင်း သိရှိသူတစ်ဦးကတော့ TNLA ဘက်က "တအာင်းပြည်နယ်" သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပြီး ပြည်ထောင်စုကနေ ခွဲထွက်မှာ မဟုတ်ကြောင်းနဲ့ ငြိမ်းချမ်းရေးကိစ္စကို ဆက်လက်ဆွေးနွေးသွားမယ်လို့ ပြောဆိုခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။
NSPNC ဘက်ကတော့ "ဘယ်ကိစ္စမဆို ဥပဒေနဲ့အညီ၊ လုပ်ထုံးလုပ်နည်းတွေအတိုင်း လိုလားချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်" လို့ ပြန်လည်ဆွေးနွေးခဲ့တယ်လို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။
"၁၀၂၇ စစ်ဆင်ရေး" နောက်ပိုင်းမှာ TNLA ထိန်းချုပ်နယ်မြေတွေထဲက မိုးကုတ်မြို့ကို စစ်တပ်ထံ ပြန်လွှဲပြောင်းပေးခဲ့ပြီး အပစ်အခတ်ရပ်စဲထားတဲ့ ကာလအတွင်း TNLA သိမ်းပိုက်ထားတဲ့ နမ္မတူနဲ့ နမ့်ခမ်းမြို့တွေကိုလည်း ပြန်လည်လွှဲပြောင်းပေးဖို့ စစ်တပ်ဘက်က တရုတ် ကမကထလုပ်တဲ့ ဆွေးနွေးပွဲတွေမှာ အကြိမ်ကြိမ် တောင်းဆိုနေတယ်လို့ ဆွေးနွေးပွဲအကြောင်း သိရှိသူတွေက အစောပိုင်းကတည်းက ပြောဆိုထားပါတယ်။
TNLA က လက်ရှိ နေပြည်တော်ဆွေးနွေးပွဲမှာ တောင်းဆိုခဲ့တယ်ဆိုတဲ့ "တအာင်းပြည်နယ်" ထဲမှာ အဲဒီမြို့တွေကို ထည့်သွင်းသတ်မှတ်ပေးဖို့ တောင်းဆိုထားခြင်း ရှိ၊ မရှိကိုတော့ အသေးစိတ် မသိရသေးပါဘူး။ လက်ရှိ နေပြည်တော်နဲ့စစ်တပ်ကိုင်စွဲသုံးနေတဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နမ့်ဆန်မြို့နယ်နဲ့ မန်တုံမြို့နယ်တို့ကိုသာ တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ရန်ကုန်မှာ လုံခြုံရေးမြှင့် ကျင်းပတဲ့အာဇာနည်နေ့ကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့်မရ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီနေ့ အာဇာနည်နေ့မှာ ရခိုင်ပြည်နယ်ထဲက အာရက္ခတပ်တော်(အေအေ)ထိန်းချုပ်ထားတဲ့ မအီမြို့ကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က အတည်ပြု ပြောလာပါတယ်။
အဲဒီတိုက်ခိုက်မှုမှာပဲ သံဃာတစ်ပါးအပါအဝင် နောက်ထပ် ၁၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဒဏ်ရာရသူတွေထဲ "အသက် ၁၀ နှစ် ကလေး ၂ ယောက်နဲ့ ၁၁ နှစ် ကလေးတစ်လောက်ပါတယ်"လို့ သူကဆိုပြီး ဒဏ်ရာပြင်းထန်တဲ့သူတချို့ကတော့ အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ ပြောပါတယ်။
စစ်တပ်က မအီမြို့ပေါ်ကို ဒီနေ့ မနက် ၁၁ နာရီခွဲခန့်မှာ ပေါင် ၅၀၀ ခန့်ရှိတဲ့ ဗုံး ၃ လုံးကို တိုက်လေယာဉ်တစ်စီးနဲ့ ၃ ကြဲချခဲ့တာလို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။
အဲဒီဗုံးသီးတွေဟာ အမှတ် ၂ ရပ်ကွက်ထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တာလို့လည်း သူက ရှင်းပြပါတယ်။
အာရက္ခတပ်တော်ကတော့ ဒီနေ့ မအီမြို့လေကြောင်းတိုက်ခိုက်ခံရမှုမှာ ထိခိုက်သေဆုံးဒဏ်ရာရတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ဒီနေ့ ညနေပိုင်းအထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
ဇူလိုင်လ ဒုတိယသီတင်းပတ်တုန်းကလည်း အေအေထိန်းချုပ် ဂွမြို့နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၃ နှစ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ အေအေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၆ အာဇာနည်နေ့ - အေအေထိန်းချုပ် မအီမြို့ကို စစ်တပ်ဗုံးကြဲမှု လူ ၅ ဦးထက်မနည်းသေဆုံး

ဓာတ်ပုံ ရင်းမြစ်, အာရက္ခမင်းသမီးမီဒီယာ
နေပြည်တော်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်တဲ့ ရန်ကုန်မြို့က ဒီနှစ် အာဏာနည်နေ့အခမ်းအနားကို လုံခြုံရေးတိုးမြှင့် ကျင်းပနေပေမဲ့ အာဇာနည်တွေထဲက တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ကျန်ရစ်သူ သမီး ဒေါ်အောင်ဆန်းစုကြည်တော့ တက်ရောက်ခွင့်မရပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်စစ်အစိုးရကာလ ရန်ကုန်မြို့မှာ နေအိမ်အကျယ်ချုပ်ချထားခံရစဉ်က အာဇာနည်နေ့ အခမ်းအနားတချို့ကို တက်ရောက်ခွင့်ရခဲ့ပေမဲ့ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက လုံးဝ တက်ရောက်ခွင့်မရသေးပါဘူး။
နေပြည်တော်က စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီး ထောင်ဒဏ်ချမှတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းလဲလိုက်ပြီလို့ ပြောပေမဲ့ ပြည်ပကမ္ဘာနဲ့ အဆက်ဖြတ်ပြီး လူမြင်ကွင်းကနေ ဖျောက်ထားဆဲဖြစ်ပါတယ်။
ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်အနီးက အာဇာနည် ဗိမ္မာန်မှာ ဒီနေ့ မနက်ပိုင်းကျင်းပခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားကိုတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မိသားစုအနေနဲ့ ဗိုလ်ချုပ်အကို ဦးအောင်သန်းရဲ့မြေး ဦးရဲအောင်သန်းနဲ့ဇနီး တက်ရောက်တာကို တွေ့ရပါတယ်။
သူတို့ ဇနီးမောင်နှံဟာ ဗိုလ်ချုပ်အောင်ဆန်း မိသားစုကို ကိုယ်စားပြုပြီး ၂ နှစ်ဆက်တိုက် အာဇာနည်နေ့ကို တက်ရောက်တာဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားဖြစ်သူ ဦးအောင်ဆန်းဦးနဲ့ ဇနီးတို့ရဲ့လွမ်းသူ့ပန်းခွေကိုလည်း ဒီနေ့အခမ်းအနားမှာ တွေ့ရပါတယ်။
၇၉ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကိုတော့ နေပြည်တော် ခေါင်းဆောင် ဦးမင်းအောင်လှိုင်နဲ့ လွှတ်တော်ဥက္ကဋ္ဌတွေ၊ ကာကွယ်ရေးဦးစီးချုပ်အသစ်တို့ တက်ရောက်ပေမဲ့ သူရဲ့ ဒုသမ္မတ ၂ ဦးတော့ တက်ရောက်တာ မတွေ့ရပါဘူး။
ဒီနှစ်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့မှာ လုံခြုံရေးတိုးမြှင့် ကျင်းပနေပြီး အနီးနား မြို့နယ်အချို့မှာလည်း ဖုန်းလိုင်းအချို့ ဖြတ်တောက်ခံခဲ့ရတယ်လို့ ရန်ကုန်မြို့ခံအချို့က ပြောပါတယ်။
အာဇာနည်ကုန်းနဲ့ နီးတဲ့ နေရာတဝိုက်က စမ်းချောင်း၊ အလုံမြို့နယ်ထဲက နေရာတချို့မှာလည်း ဆက်သွယ်ရေးဖုန်းလိုင်းတွေ ဒီနေ့မနက်မှာ ပြတ်တောက်ခဲ့တယ်လို့ အဲဒီနေရာမှာနေထိုင်တဲ့ မြို့ခံတချို့က ဆိုပါတယ်။
"အရင်က အာဇာနည်းကုန်းနားလောက်မှာပဲ ဖုန်းလိုင်းတွေပြတ်တာ၊ အခုက အနီးစပ်ဆုံးမြို့တွေပါ ပြတ်တောက်သွားတာ" လို့ စမ်းချောင်းမြို့ခံတစ်ဦးက ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့မြေးတစ်ဦးလည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ်လည်းဖြစ်တဲ့ ကင်မ် အဲရစ် ခေါ် ကိုထိိန်လင်းကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ မြန်မာနိုင်ငံအတွက် အသက်ပေးခဲ့ကြတဲ့ အာဇာနည်တွေ အားလုံးကို ဂုဏ်ပြုအောက်မေ့တဲ့အကြောင်း သူ့ရဲ့ လူမှုကွန်ရက်ကနေတဆင့် ပြောပါတယ်။
ဗြိတိန်နိုင်ငံမှာနေထိုင်တဲ့ ကင်မ် အဲရစ်က မိခင်ဖြစ်သူကို နေပြည်တော်က လူမြင်ကွင်းကနေ ဖျောက်ထားတဲ့အပေါ် စိုးရိမ်ကြောင်းလည်း ထုတ်ပြောပါတယ်။
''မေမေသက်ရှိထင်ရှား ရှိနေသေးရဲ့လား၊ မေမေ့ကျန်းမာရေးအခြေအနေ ဘယ်လိုရှိနေသလဲ၊ ဘယ်နေရာမှာ ထိန်းသိမ်းခံထားရသလဲဆိုတာကို ဘယ်သူမှ မသိကြပါဘူး။ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတာ ငါးနှစ်ကျော်လာတဲ့အထိ ကျွန်တော့်မိသားစုမှာ သူမ အသက်ရှင်နေဆဲဖြစ်ကြောင်း ယုံကြည်စိတ်ချရပြီး လွတ်လပ်စွာ အတည်ပြုနိုင်တဲ့ သက်သေတစ်ခုတောင် မရရှိသေးပါဘူး။'' လို့ ကင်မ် အဲရစ်က လူမှုကွန်ရက်ရုပ်သံမှာ ပြောပါတယ်။
နေပြည်တော်ဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ပြီး လိုအပ်တဲ့ စောင့်ရှောက်မှုတွေ လုပ်နေပေးနေတယ်လို့ မကြာခဏ ထုတ်ပြောနေပမဲ့ ဒါကို သက်သေထူနိုင်မယ့် ပြသမှု တစ်စုံတရာ မလုပ်သေးပါဘူး။
နိုင်ငံတကာကတော့ အခုလိုပြောဆိုနေမှုနဲ့ မလုံလောက်ဘဲ အသက် ၈၁ နှစ်ထဲ ရောက်နေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့ အသက်အရွယ်ကြီးရင့်နေတာကို ထောက်ရှုပြီး ရှေ့နေ၊ မိသားစု စသဖြင့် ဧည့်တွေ့ခွင့်ပေးဖို့တောင်းဆိုနေပါတယ်။
၂၀၂၆ ခုနှစ် အာဇာနည်နေ့ - စစ်ကိုင်းနဲ့ မန္တလေးတိုင်းထဲ စစ်တပ်က ၁၀ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, ချောင်းဦးPDF
ဒီနေ့ကျရောက်တဲ့ ၇၉ ကြိမ်မြောက် အာဇာနည်နေ့ကို ရန်ကုန်မှာ လုံခြုံရေးတင်းကျပ်ပြီး ကျင်းပနေချိန်မှာပဲ စစ်ကိုင်းတိုင်းထဲက မြောင်နဲ့ ချောင်းဦးမြို့နယ်၊ မန္တလေးတိုင်းထဲက ငါန်းဇွန်မြို့နယ်တို့မှာ ၁၀ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်ခံလိုက်ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ဒီနေ့ မနက် ၁၀ နာရီကျော်ကတည်းက "မြောင်(မြို့နယ်)ဘက်မှာ တိုက်လေယာဉ်တွေနဲ့ ချောင်းဦး(မြို့နယ်)ဘက်မှာ Y-12 လေယာဉ်တွေနဲ့ စစ်တပ်က ဗုံးကြဲနေတာ" လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဆိုပါတယ်။
မြောင်မြို့နယ်ဘက်မှာတော့ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်တဲ့သူမရှိသေးဘူးလို့ ကနဦးသိရတဲ့အကြောင်း မြောင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
ဒါပေမဲ့ မြောင်နယ်ထဲက "တော်လှန်ရေးဘက်က ဖွင့်ထားတဲ့ကျောင်းတွေ အကုန်လုံးကိုတော့ လုံခြုံရေးအရ ဒီနေ့ ပိတ်ထားတယ်" လို့ သူက ဖြည့်ပြောပါတယ်။
စစ်တပ်ရဲ့ မုံရွာစစ်ဌာနချုပ်နဲ့ ၁၅ မိုင်ကျော်ပဲဝေးတဲ့ ချောင်းဦးမြို့နယ်မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ မရပ်သေးသလို လေယာဉ်လည်း ကောင်းကင်မှာ ဆက်ပြီး ဝဲပျံနေတာကြောင့် ထိခိုက်မှု ရှိ မရှိ မစစ်ဆေးရသေးလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ရှင်းပြပါတယ်။
ချောင်းဦးနဲ့ မြောင်မြို့နယ်တို့ဟာ နယ်မြေချင်း ထိစပ်နေတာဖြစ်ပြီး ၂၁ မိုင်ပဲ ကွာဝေးပါတယ်။
ချောင်းဦးမြို့ပေါ်ကို စစ်တပ်က ထိန်းချုပ်ထားပြီး မြို့နယ်ထဲက ကျေးရွာအများစုကိုတော့ တော်လှန်ရေးတပ်တွေက ခြေကုပ်ယူထိန်းချုပ်ထားတာဖြစ်ပါတယ်။
ချောင်းဦးမြို့နယ်ထဲမှာ လူစုလူဝေး ပြုလုပ်မှုကြောင့် အရင်ကလည်း စစ်တပ်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရဖူးပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက သီတင်းကျွတ်လပြည့် ဆီမီးသပိတ် ပြုလုပ်နေတဲ့ လူစုလူဝေးကို စစ်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးနဲ့ အမျိုးသမီးတွေ အများစုအပါအဝင် လူ ၂၀ ကျော်သေဆုံးပြီး နောက်ထပ် ၃၀ ကျော် ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ် ဖြစ်ခဲ့ဖူးပါတယ်။
တစ်ဖက် မြောင်မြို့အရှေ့ဘက်ခြမ်း ဧရာဝတီမြစ်တစ်ဖက်ကမ်းက စစ်တပ်ထိန်းချုပ်ထားတဲ့ ငါန်းဇွန်မြို့အနီးက နေရာတချို့မှာလည်း စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
မြို့အနီးက တိုက်ပွဲဖြစ်နေတဲ့ ကျေးရွာတချို့ဘက်ကို စစ်တပ်က ဒီနေ့မနက်ပိုင်းမှာပဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် နေတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
မြန်မာစစ်တပ်ကတော့ စစ်ကိုင်းနဲ့ မန္တလေးဘက်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ဒီနေ့ နေ့လယ်ပိုင်းအထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
NUG က အေအေကို ရေဘေးအလှူ ကျပ်သိန်း ၉၆၀ ကူ

ဓာတ်ပုံ ရင်းမြစ်, အာရက္ခမင်းသမီးမီဒီယာ
ရခိုင်ပြည်နယ်ထဲ အာရက္ခတပ်တော်(အေအေ)ထိန်းချုပ် နယ်မြေတွေထဲက ရေဘေးသင့်သူတွေအတွက် ကျပ် သိန်း ၉၆၀ နီးပါးနဲ့ညီမျှတဲ့ တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ကို ကူညီ လှူဒါန်းတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က သတင်းထုတ်ပြန်ပါတယ်။
ရေဘေးသင့်တဲ့သူတွေကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ အရေးပေါ်လိုအပ်ချက်တွေကို ကူညီဖြေရှင်းပေးနိုင်ရန် ကနဦးပံ့ပိုးငွေဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒီကူညီမှုအတွက် အေအေက ကျေးဇူးတင်တဲ့အနေနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးပို့ခဲ့တဲ့အကြောင်း ထုတ်ပြန်စာထဲမှာ ရေးသားဖော်ပြထားပါတယ်။
ဇူလိုင် ဒုတိယနဲ့ တတိယ သီတင်းပတ်တွေအတွင်း ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်အပါအဝင် အေအေထိန်းချုပ် မြို့နယ် ၆ ခုထက်မနည်းမှာ ရက်ဆက်မိုးသည်းခဲ့တာကြောင့် ကျေးရွာပေါင်း ဆယ်ချီ ရေနစ်မြုပ်ခဲ့ပါတယ်။
အေအေရဲ့ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ဘူးသီးတောင်မြို့အထက်ပိုင်းက နေရာတချို့အပါအဝင် ရေမြုပ်တဲ့ဒေသတွေမှာ နေထိုင်တဲ့သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
အဲဒီရေကြီးမှုတွေအတွင်း လူသေဆုံးတဲ့အထိ ဖြစ်ခဲ့တယ်လို့ ရခိုင်အခြေစိုက်သတင်းဌာနတွေက သတင်းဖော်ပြပေမဲ့ ဘီဘီစီ အနေနဲ့သီးခြားအတည်မပြုနိုင်ပါဘူး။
ရခိုင်မှာ အေအေက နယ်မြေတွေ ထိန်းချုပ်ထားပေမဲ့ စစ်တပ်က ပိတ်ဆို့ဖြတ်တောက်မှုတွေကြောင့် ကုန်စည်နဲ့ ဆေးဝါးတွေ ရခိုင်ပြည်နယ်ထဲ စီးဆင်းမှု မပြည့်မဝ ဖြစ်နေချိန် ရေကြီးမှုအလွန် လူသားချင်းစာနာမှုအခြေအနေ စိုးရိမ်စရာရှိတယ်လို့ ပြောဆိုထောက်ပြတာတွေလည်း ရှိနေပါတယ်။
ဒါပေမဲ့ အေအေရဲ့ လူသားစာနာရုံးကတော့ ရခိုင်က ရေကြီးမှု အခြေအနေတွေကိုသာဖော်ပြခဲ့ပြီး ရေဘေးသင့်လူထုတွေ အကူအညီဘယ်လောက် လိုအပ်နေလဲဆိုတာမျိုး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဖားကန့်မြို့မှာ မိုးများလို့ ရေကြီးပြီး မြေပြို

ဓာတ်ပုံ ရင်းမြစ်, Screen Grab
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ မိုးရွာသွန်းမှု များပြီး ဥရုချောင်းရေ ဝင်ရောက်မှုကြောင့် မြို့အနိမ့်ပိုင်းရပ်ကွက် ၄ ခုထက်မနည်းမှာ ဒီမနက်ပိုင်းကစပြီး ရေနစ်မြုပ်နေပြီလို့ ဒေသခံတချို့က ဘီဘီစီကို ပြောပါတယ်။
"၁၅ ပေနီးပါးလောက်မြင့်တဲ့ အိမ်အောက်ထပ်ဆို လုံးဝ ရေမြုပ်သွားပြီ"လို့ဆိုပြီး မြို့ခံတစ်ဦးက ရေကြီးတဲ့အခြေအနေကို ပြောပြပါတယ်။
ဒီနှစ်မိုးရွာသီကာလအတွင်း ဖားကန့်မြို့ပေါ်ရပ်ကွက်တွေမှာ မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံမှု ၅ ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး ဒီနေ့ မနက်ပိုင်း ရေနစ်မြုပ်မှုကတော့ ဒီမိုးကာလမှာ အဆိုးဆုံးဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဥရုချောင်းရေမြင့်တက်လာတာကြောင့် မြို့အောက်ဘက်ခြမ်းမှာရှိတဲ့ အေးသာယာ၊ မှော်ဝမ်း၊ ငှက်ပျော်တော၊ မြို့မ နဲ့ မရှိကထောင်ရပ်ကွက်က နေအိမ်တွေရဲ့မြေညီထပ်တွေ ရေမြုပ်နေပြီလို့ မြေပြင်အခြေအနေသိသူတချို့က ပြောပါတယ်။
ကူညီကယ်ဆယ်ရေး မရှိတာကြောင့် ဖားကန့်ရေကြီးမှုအတွင်း နေအိမ်မှာ ပိတ်မိနေတဲ့သူကို ဒေသခံတွေက ကိုယ်ထူကိုယ်ထ ကူညီကယ်ဆယ်ရေးလုပ်နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့လည်း မြို့ခံတစ်ဦးက ဆိုပါတယ်။
"ရေက ဆက်ပြီး တက်နေတုန်းပဲ။အရပ်ဘက် လူမှုကူညီရေးအဖွဲ့တချို့ကပဲ ကယ်ဆယ်ရေး လုပ်နေရတယ်" လို့ သူက ဖြည့်ပြောပါတယ်။
ဒီနေ့ ဇူလိုင် ၁၉ ရက်မှာပဲ မှော်ဝမ်းရပ်ကွက်မှာ အမြင့်ပိုင်း လမ်းပေါ်က မြေစိုင်တွေ အနိမ့်ပိုင်းမှာရှိတဲ့ အိမ်တွေဘက်ဆီ ပြိုကျမှုဖြစ်ပြီး နေအိမ်တစ်လုံး မြေစိုင်ဖုံးတဲ့အခြေအနေလို့လည်း ရပ်ကွက်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။
မြေပြိုမှုကြောင့် ရပ်ကွက် တောင်ပေါ် လမ်းပိုင်းနေရာတချို့မှာလည်း ကတ္တရာလမ်းမတွေ ကွဲအက်နေတယ်လို့လည်း ဒေသခံအပြောအရ သိရပါတယ်။
နေပြည်တော် မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကတော့ ဖားကန့်ဒေသမှာ နောက်ရက်ပိုင်းအတွင်း မိုးထပ်များလာနိုင်တာကြောင့် သတိပြုဖို့ လိုတယ်လို့ ဘီဘီစီကို ဒီနေ့ ဇူလိုင် ၁၉ ရက်မှာ ပြောပါတယ်။
အလားတူ ဖားကန့်ဒေသမှာ ရေကြီးရေလျှံမှုဖြစ်တာတွေဟာ မိုးသည်းထန်မှုနဲ့ အတူ တောင်ကျရေတွေ အရှိန်အဟုန်နဲ့ စီးဆင်းတာကြောင့်အပြင် သတ္တုတူးဖော်ရေးလုပ်ငန်းတွေကနေ ထွက်လာတဲ့ မြေစာပုံတွေကို ချောင်းထဲ စည်းကမ်းမဲ့ စွန့်ပစ်တာတွေကြောင့်လို့ သူကဆိုပါတယ်။
ရေကြီးရတဲ့ အဓိကအချက်ကတော့ "စွန့်ပစ်ပစ္စည်းတွေကို ရေထဲ အလွယ်တကူပစ်လိုက်တာတွေကြောင့်ပေါ့" လို့ သူက ပြောပါတယ်။
မနေ့ ဇူလိုင် ၁၈ ရက်တုန်းကလည် ဖားကန့်ဒေသက ကုဋေမှော်လုပ်ကွက်အဟောင်းမှာ မြေပြိုမှုဖြစ်ခဲ့ပြီး ရေမဆေးကျောက်ရှာတဲ့သူ ၇ ဦး ပျောက်ဆုံးခဲ့ပြီး ဒီနေ့ ဇူလိုင် ၁၉ ရက် ညနေပိုင်းအထိ ပြန်ရှာမတွေ့သေးဘူးလို့ ဒီအခြေအနေကို သိသူတစ်ဦးက ပြောပါတယ်။
မိုးဇလဌာနကတော့ ကချင်အပါအဝင် ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နောက်၂ ရက်အထိ မိုးပိုများလာနိုင်တယ်လို့ ဒီနေ့ နေ့လယ်ပိုင်းမှာ သတင်းထုတ်ထားပါတယ်။
အင်းတော်ကြီးဒေသမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်ဖြစ်

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ရှမ်းနီတပ်(SNA)စခန်းတစ်ခုကို KIA/PDF တွေ သိမ်း
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ထဲက အင်းတော်ကြီးဒေသမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်(KIA) နဲ့ ပြည်သူ့ကာကွယ်ရေး(PDF) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒီနေ့ ဇူလိုင် ၁၉ ရက်အထိ "ဟဲပန်လမ်းဆုံဘက်မှာ နှစ်ဖက် စစ်ဆိုင်ထားတယ်။ တိုက်ပွဲက ဖြစ်လိုက် ခဏရပ်လိုက်ပဲ" လို့ သူက ဆက်ပြောပါတယ်။
တိုက်ပွဲအတွင်း မြို့အနီး လုံးတုံရွာ၊ ဟဲပန်လမ်းခွဲမှာရှိတဲ့ နေပြည်တော်ရဲ့ ဌာနဆိုင်ရာ အုပ်ချုပ်ရေးရုံးကိုတော့ ရှမ်းနီးတပ်(SNA)ဘက်က ပြန်ထိန်းချုပ်ထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
အဲဒီရုံးကို KIA/ PDF တပ်တွေက ပြီးခဲ့တဲ့ မတ်လတုန်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး သူတို့ရဲ့ စစ်ရုံးအဖြစ် ဖွင့်လှစ်ထားခဲ့တာလို့ သူက ဖြည့်ပြောပါတယ်။
လုံးတုံရွာနောက်ဘက်မှာ စစ်တပ်တပ်စွဲထားတဲ့ စခန်းကုန်းအပါအဝင် SNA တပ်စွဲထားတဲ့ကုန်း ၂ ခုရှိပြီး SNA ခြေကုပ်ယူထားတဲ့ စခန်းကုန်းကိုတော့ KIA/PDF ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ သိမ်းလိုက်တယ်လို့ သူက ဆိုပါတယ်။
ဇူလို်င် ၁၇ ရက်က SNA စခန်းကုန်းကို ထိုးစစ်ဆင်တဲ့တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ SNA တပ်ဖွဲ့ဝင် ၆ ဦးရဲ့အလောင်းကိုလည်း KIAနဲ့ ပူးပေါင်းတပ်က မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ KIA နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အင်းတော်ကြီးမြို့၊ လုံးတုံရွာအနီးမှာ KIA/PDF ပူးပေါင်းတပ်တွေနဲ့ ရှမ်းနီတပ် (SNA)၊ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တို့ ဇူလိုင် ပထမအပတ်ကတည်းကစပြီး တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။
အင်းတော်ကြီးဒေသ စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ ဘီဘီစီက KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားခြင်း မရှိပါဘူး။
အင်းတော်ကြီးကန်ရဲ့ တောင်ဘက် နမ့်မွန်း၊ မမုံကိုင်ရွာကနေ ပတ္တမြားတောင်ကြောအထိ နေရာတွေကို ၂၀၂၅ ခုနှစ်ကတည်းက SNA က ထိန်းချုပ်ထားတာဖြစ်ပါတယ်။
"တောင်ဘက်တစ်ခုလုံးက စစ်တပ်နဲ့ SNA ထိန်းထားတာ" လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဆိုပါတယ်။
အနောက်ဘက်ကမ်း လုံးတုံရွာကနေ ဟဲပန်လမ်းခွဲအထိကိုလည်း စစ်တပ်နဲ့ SNA တို့ ပူးပေါင်းထိန်းချုပ်ထားတာလို့ သိရပါတယ်။
KIA နဲ့ပူးပေါင်းတပ်တွေကတော့ အရှေ့ဘက်ကမ်းက ဟဲပု၊ ဟဲပါး၊ ချောင်းဝရွာတွေအပါအဝင် အနောက်ဘက်ကမ်းက နေရာ ၃ ပုံ ၂ ပုံကို ထိန်းချုပ်ထားတာလို့ သူကပြောပါတယ်။
နွားထိုးကြီးမြို့နယ်ထဲ စစ်တပ်နေရာ ၄ ခုကို PDF တွေ တပြိုင်နက်တိုက်ခိုက်ပြီးနောက် စစ်ရေးတင်းမာနေ

ဓာတ်ပုံ ရင်းမြစ်, မြင်းခြံခရိုင် တပ်ရင်း၄၊ ၁၀
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်တပ်အခြေချနေရာအချို့ကို ပြည်သူကာကွယ်ရေးတပ်(PDF)တွေက တပြိုက်နက် တိုက်ခိုက်ပြီးတဲ့နောက် နွားထိုးကြီးမြို့ပေါ်မှာရှိတဲ့စစ်တပ်က မြို့အရှေ့ဘက်ခြမ်းက ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
နွားထိုးကြီးမြို့နယ်ထဲက စစ်တပ်စခန်းတွေကို ဇူလိုင် ၁၇ ရက်မှာ မြင်းခြံခရိုင်အခြေစိုက် တော်လှန်ရေးတပ်ရင်း ၂ ခုက ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာလို့ မြင်းခြံခရိုင်အမှတ် ၄ နဲ့ ၁၀ တပ်ရင်းနှစ်ခုက ထုတ်ပြန်ပါတယ်။
နွားထိုးကြီးမြို့နယ်ထဲက ပြင်စည်ရဲစခန်း၊ ပြင်စည်စာသင်ကျောင်းနဲ့ ထိမ္ဘလားရွာနားက အမြန်လမ်း တပ်စခန်းတို့ကို ပြောက်ကျား တိုက်ခိုက်ခဲ့တာလို့ PDF ဘက်က ပြောပါတယ်။
ဒါ့အပြင် ခက်လန်းရွာက စစ်တပ် တပ်ဖွဲ့ဝင်တွေ ခြေကုပ်ယူထားတဲ့နေရာတစ်နေရာကိုလည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
တိုက်ပွဲဖြစ်ခဲ့တဲ့ပြင်စည်ရွာဟာ နွားထိုးကြီးမြို့နဲ့ ၁၄ မိုင်ဝန်းကျင်ကွာဝေးပြီး ရန်ကုန်-မန္တလေးအမြန်လမ်းနဲ့ ကပ်လျက်ရှိတဲ့ရွာကြီးဖြစ်ပါတယ်။
တိုက်ပွဲတွေဖြစ်ပြီးနောက် အမြန်လမ်းအပါအဝင် ပြင်စည်ရွာအနီးတဝိုက်မှာ ခရီးသွားလာနေကြတဲ့ အရပ်သားတွေကိုလည်း သတိထားသွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တချို့က သတိပေးထားပါတယ်။
ဇူလိုင် ၁၇ ရက်က ဖြစ်ခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က ၅ ဦး သေဆုံးပြီး ဒရုန်း ၁ စင်း သိမ်းဆည်းရမိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း၂ ခုက ပြောပါတယ်။
သေဆုံးမှုနဲ့ ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
တိုက်ပွဲပြီးတဲ့နောက် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်လုပ်နေပြီး တိုက်ခိုက်ခံရတဲ့ စခန်းနဲ့ ခြေကုပ်နေရာတွေအတွက် အမြန်လမ်းကို သုံးပြီးအင်အားဖြည့်တင်းတာတွေ ထပ်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
မြန်မာစစ်တပ်ကတော့ နွားထိုးကြီးမြို့နယ်ထဲက တိုက်ပွဲတွေနဲ့ပတ်သက်လို့ ဇူလိုင် ၁၉ ရက်နေ့လယ်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။
















