အမေရိကန်က အရပ်သားအဆောက်အဦတွေကို တိုက်ခိုက်မှုအသစ်တွေထပ်လုပ်တယ်- အီရန်

The Strait of Hormuz on Thursday

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဟော်မုဇ်ရေလက်ကြား ထိန်းချုပ်ရေးအတွက် စစ်ရေးတိုက်ခိုက်မှုတွေဆက်လက်ပြင်းထန်နေသလို အမေရိကန်က အီရန်ကို ခြောက်ညဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
    • ရေးသားသူ, ယာရိုဆလပ် လူကစ်ဗ်
    • ရေးသားသူ, တိုဘီ မန်း
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၄

အီရန်နဲ့ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်နိုင်ရေး စစ်ရေးတင်းမာမှုတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ အမေရိကန်က အီရန်ကို ခြောက်ညဆက်တိုက် ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) က ဒီတိုက်ခိုက်မှုတွေဟာ"အီရန်စစ်တပ်ရဲ့ စွမ်းရည်တွေကို ထပ်မံအားလျော့စေဖို့" ရည်ရွယ်တာဖြစ်တယ်လို့ ပြောပြီး၊ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ရေးအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သင်္ဘောတစ်စင်းကိုလည်း တက်ရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာတော့ အီရန်နိုင်ငံပိုင်မီဒီယာတွေက အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ တံတားတွေ၊ ရထားဘူတာနဲ့ လေဆိပ်အပါအဝင် အရပ်ဘက်အခြေခံအဆောက်အအုံတွေကို ထိမှန်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဘီဘီစီကတော့ ဟော်မုဇ်ဂန်ပြည်နယ်၊ ဘန်ဒါအဘာစ်မြို့ အနောက်ဘက်က တံတားတစ်စင်း တိုက်ခိုက်ခံခဲ့ရတာကို သီးခြားအတည်ပြုနိုင်ခဲ့ပါတယ်။

အမေရိကန်သမ္မတအိမ်ဖြူတော်နဲ့ CENTCOM ကိုလည်း မှတ်ချက်တောင်းခံထားပါတယ်။

အမေရိကန်ရဲ့ ဒုံးကျည်တွေက ဟော်မုဇ်ရေလက်ကြားအနီး ကက်ရှ်မ် ကျွန်းအနီးအပြင် ဘန်ဒါအဘာစ် နဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ရှိရာ ဘူရှာမြို့တို့အနီးကိုလည်း ထိမှန်ခဲ့ပါတယ်။

အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) က သောကြာနေ့ မနက်အစောပိုင်းမှာလုပ်ခဲ့တဲ့ နောက်ဆုံးတိုက်ခိုက်မှုတွေအတွင်းမှာ "အီရန်စစ်ဘက်ပစ်မှတ် ဒါဇင်နဲ့ချီ"စာရင်းမှာ တံတားတွေကို ထည့်သွင်းဖော်ပြထားတာ မရှိပါဘူး။

CENTCOM က ဂျက်တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ သင်္ဘောတွေဟာ "ကမ်းရိုးတန်းစောင့်ကြည့်ရေးနဲ့ လေကြောင်းကာကွယ်ရေးစခန်းတွေ၊ စစ်ဘက်ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံတွေနဲ့ ရေကြောင်းဆိုင်ရာ စွမ်းရည်တွေ"ကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီသီတင်းပတ်အစောပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေနဲ့ ဆွေးနွေးပွဲတွေကို ပြန်မလာဘူးဆိုရင် အီရန်ရဲ့ တံတားတွေနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ဧပြီလအတွင်း ထရမ့်က တံတားတွေနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေအပါအဝင် အီရန်ရဲ့ အရပ်ဘက်အခြေခံအဆောက်အဦတွေကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး ဗော်လ်ကာ တာ့ခ် က "အရပ်သားတွေနဲ့ အရပ်ဘက်အခြေခံအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုဖြစ်တယ်" လို့ ပြောခဲ့ပါတယ်။

၁၉၄၉ ခုနှစ် ဂျီနီဗာသဘောတူစာချုပ်တွေကလည်း စစ်ပွဲအတွင်း အရပ်သားတွေအတွက် မရှိမဖြစ်လိုအပ်တယ်လို့ သတ်မှတ်ထားတဲ့ နေရာတွေကို တိုက်ခိုက်တာကို တားမြစ်ထားပါတယ်။

အမေရိကန်က အီရန်အရှေ့တောင်ပိုင်းရှိ အီရန်ရှား လေဆိပ်၊ ကမ်းရိုးတန်းမြို့ ဘန်ဒါခါမီယာ ရှိ ရထားဘူတာနဲ့ ဆိပ်ကမ်းမြို့ ဘန်ဒါအဘာစ် ရှိ တံတားငါးစင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့အီရန်က စွပ်စွဲခဲ့ပြီးနောက် ကူဝိတ်နဲ့ ဘာရိန်းရှိ အမေရိကန်စစ်ဘက်အခြေခံအဆောက်အဦတွေကို ပစ်မှတ်ထားပြန်တိုက်ခိုက်ခဲ့တယ်လို့ အီရန်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် လူ ၇ ဦး သေဆုံးခဲ့တယ်လို့ အီရန်နိုင်ငံပိုင်သတင်းဌာန IRNA က ဖော်ပြပါတယ်။

Smoke rises following a strike at an unknown location during what the U.S. military says is its latest wave of strikes on Iran

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အမေရိကန်စစ်တပ်က နောက်ဆုံးအကြိမ် တိုက်ခိုက်မှုလို့ ပြောတဲ့ တိုက်ခိုက်မှုတွေအပြီး မီးခိုးများ ထွက်ပေါ်နေမှု။

အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) က အိုမန်ပင်လယ်ကွေ့အတွင်းရှိ ရေနံတင်သင်္ဘောတစ်စင်းပေါ်ကို အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တွေ တက်ရောက်စစ်ဆေးခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါဟာ အင်္ဂါနေ့ညက စတင်ခဲ့တဲ့ အီရန်ဆိပ်ကမ်းတွေကို အမေရိကန်က အသစ်ပြန်လည် ပိတ်ဆို့တဲ့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

ပိတ်ဆို့မှုကို ဖြတ်ကျော်ဖို့ ကြိုးစားနေတဲ့ ကုန်သွယ်ရေးသင်္ဘော သုံးစင်းကိုလည်း "လမ်းကြောင်းပြောင်းစေခဲ့တယ်"လို့ CENTCOM က ထပ်ပြောပါတယ်။

CENTCOM ရဲ့ အဆိုအရ ဧပြီ ၁၃ ရက်ကနေ ဇွန် ၁၈ ရက်အထိ ပြုလုပ်ခဲ့တဲ့ အရင်အီရန်ဆိပ်ကမ်း ပိတ်ဆို့မှုအတွင်း အမေရိကန်တပ်ဖွဲ့တွေက သင်္ဘော ကိုးစင်းကို လုပ်ငန်းမလုပ်နိုင်အောင်လုပ်ခဲ့ပြီးသင်္ဘော ၁၄၀ ကျော်ကိုလည်း လမ်းကြောင်းပြောင်းစေခဲ့ပါတယ်။

စစ်ပွဲအဆုံးသတ်ဖို့ ကနဦးသဘောတူညီချက်အပေါ် တိုက်ခိုက်မှုအသစ်တွေကြောင့် ဖိအားတွေ ပိုများလာနေချိန်မှာ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီဗစ် က သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်နဲ့ ဆွေးနွေးဖို့ တံခါးဖွင့်ထားဆဲဖြစ်တယ်လို့ ကြာသပတေးနေ့မှာ ပြောပါတယ်။

"သူတို့က အမေရိကန်ကို ပြောထားတဲ့ စကားတွေနဲ့ ဆန့်ကျင်ပြီး လုပ်ဆောင်မယ်ဆိုရင် သမ္မတက သူတို့ကို တာဝန်ခံခိုင်းမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သံတမန်ရေးနည်းလမ်းကို အမြဲဖွင့်ထားပါတယ်" လို့ သတင်းထောက်တွေကို ပြောပါတယ်။

အီရန်က အမေရိကန်နဲ့ သဘောတူညီချက် ရယူချင်နေဆဲဖြစ်ကြောင်း ပြောထားတယ်လို့လည်း သူက ဆိုပြီး "ကျွန်မတို့ သူတို့နဲ့ ဆွေးနွေးနေပါတယ်။ ဒါပေမယ့် ရေလက်ကြားထဲက သင်္ဘောတွေကို ပစ်ခတ်ပြီး အကျိုးဆက်မခံရတာမျိုးတော့ ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး"လို့ ထပ်ပြောပါတယ်။

တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာနေချိန်မှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အီရန်က ပိတ်ဆို့ထားတဲ့ ဟော်မုဇ်ရေလက်ကြားဟာ ဆက်လက်ပိတ်ထားဆဲ ဖြစ်ပါတယ်။

ဒီအခြေအနေကြောင့် ဒေသတွင်း ရေနံတင်ပို့မှု ထိခိုက်နေပြီး နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) အကြီးအကဲ ဖာတီ ဘီရိုးလ် က ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ထောက်ပံ့မှုအပေါ် စိုးရိမ်မိတယ်လို့ ပြောပါတယ်။

"နောက်သီတင်းပတ်အနည်းငယ်အတွင်း အခြေအနေ မတိုးတက်ဘူးဆိုရင် ကျွန်တော်တို့ စိုးရိမ်သင့်ပါတယ်။ ကျွန်တော်လည်း စိုးရိမ်ပါတယ်" လို့ ဘီရိုးလ်က ကြာသပတေးနေ့ညမှာ ပြောပါတယ်။

ကြာသပတေးနေ့မှာ ဂျော်ဒန်၊ ကူဝိတ်နဲ့ ဘာရိန်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ အီရန်က ပြောပြီး အမေရိကန်ကတော့ ဟော်မုဇ်ရေလက်ကြားရှိ နေရာအများအပြားကို ခြောက်နာရီကြာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီအပြန်အလှန်တိုက်ခိုက်မှုတွေ မတိုင်ခင်မှာ ထရမ့်က အီရန်အနေနဲ့ ဆွေးနွေးပွဲတွေကို ပြန်မလာဘူးဆိုရင် နောက်ထပ် စစ်ရေးအရ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရမယ်ဖြစ်လို့ "အပြုအမူကောင်းကောင်းနေသင့်တယ်"လို့ သတိပေးခဲ့ပါတယ်။

အီရန်ရဲ့ အဓိကညှိနှိုင်းရေးမှူး မိုဟာမက် ဘာဂါ ဂါလီဘာဖ် ကတော့ နိုင်ငံအတွက် အကျိုးမရှိတဲ့ ဘယ်သဘောတူညီချက်ကိုမဆို လိုက်နာဖို့ "အကြောင်းပြချက် မရှိဘူး" လို့ နိုင်ငံပိုင်မီဒီယာကို ပြောပါတယ်။

အီရန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးဟာ ဟော်မုဇ်ရေလက်ကြားမှာ သူပြောတဲ့"အီရန်ရဲ့ စီမံဆောင်ရွက်မှုများ"ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းအပေါ် မူတည်နေတယ်လို့လည်း သူက ထပ်ပြောပါတယ်။

တစ်ဖက်မှာတော့ သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာမတရားဖမ်းဆီးခံခဲ့ရတယ်လို့ သူပြောတဲ့ အမေရိကန်နိုင်ငံသား ဒီနာ ကာရာရီ ကို အီရန်က ပြန်လွှတ်ပေးခဲ့တဲ့အတွက် ဗုဒ္ဓဟူးနေ့မှာ ချီးကျူးပြောဆိုခဲ့ပါတယ်။

"ဒီစေတနာပြတဲ့ လုပ်ရပ်အတွက် အမေရိကန်ပြည်ထောင်စုက အီရန်ကို ကျေးဇူးတင်ပါတယ်" လို့ ထရမ့်က Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ကာရာရီရဲ့ ရှေ့နေ ဂျာရက် ဂန်ဆာ ကတော့ သူဟာ အမေရိကန်နိုင်ငံကို ပြန်လာနေပြီလို့ ပြောပါတယ်။

ဒါပေမယ့် အီရန်တရားရေးဌာနကတော့ အမေရိကန်အကျဉ်းသား ဘယ်သူ့ကိုမှ အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးတာ ဒါမှမဟုတ် အကျဉ်းသားလဲလှယ်တာ မရှိခဲ့ဘူးလို့ ကြာသပတေးနေ့မှာ ပြောခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။